Showing posts with label အလှပ. Show all posts
Showing posts with label အလှပ. Show all posts

Apr 3, 2011

ခါးအဆီ ကျစေသော လေ့ကျင့်ခန်း

ခါးအဆီ ကျစေသော လေ့ကျင့်ခန်း များသည် ဝမ်းဗိုက်နှင့် ခါး ပတ်ဝန်းကျင်ရှိ အဆီပို များကို ကျစေပြီး လေ့ကျင့် သူကို ခါးသေး ရင်ချီ ဖြစ်စေကာ ခန္ဓာကိုယ် အချိုးအစား ကိုလည်း ပြေပြစ် လှပ စေသည်။ ဤလေ့ကျင့်ခန်း များကို နေ့စဉ် မှန်မှန် ပြုလုပ် သင့်သည်။ အမျိုးသား အမျိုးသမီး၊ လူကြီး လူငယ် အရွယ် မရွေး လေ့ကျင့် နိုင်သည်။ အစာ စားပြီး ၂ နာရီ ခွာ၍ လေ့ကျင့်ပါ။
လေ့ကျင့်ခန်း (၁)
ခုံတန်းတို ပေါ်တွင် ပုံတွင် ပြထားသည့် အတိုင်း ခန္ဓာကိုယ်ကို မတ်မတ် ထား၍ ထိုင်ပါ။ သံချောင်း အရှည်ကို ပခုံးပေါ် တင်ပြီး လက်နှစ်ဖက်ကို သံချောင်း ပေါ်တွင် ဆန့်၍ တင်ထားပါ။ ထို့နောက် လက်ကို အရှေ့ အနောက် တစ်တန်းတည်း ကျအောင် ခါးကို လှည့်ပါ။ မျက်နှာကို ရှေ့ တည့်တည့်သို့ မူထားပါ။ ဘယ်ညာ တစ်လှည့်စီ လေ့ကျင့်ပါ။ မိမိ လေ့ကျင့်နိုင် သလောက် လေ့ကျင့်ပါ။ အကြိမ်ရေ များလေလေ အဆီပို၍ ကျလေလေ ဖြစ်သည်။
အကျိုးကျေးဇူး
ခါးဘေးရှိ အဆီ များကို ကျစေသည်။
လေ့ကျင့်ခန်း (၂)
မိမိ လေ့ကျင့် နိုင်လောက်သော အလေး ၂ တုံးကို လက် တစ်ဖက်စီတွင် ကိုင်၍ ပုံတွင် ပြထားသည့် အတိုင်း ခန္ဓာကိုယ်ကို မတ်မတ် ရပ်ပါ။ လက်နှစ် ဖက်ကို ဆန့်တန်း၍ ပေါင်၏ ဘေးတွင် ကပ်လျက် ထားပါ။ ဦးခေါင်းကို တည့်တည့် ထားပြီး ခါး၏ အားကို ယူ၍ ခန္ဓာကိုယ်ကို ဘေးဘက်သို့ ရသလောက် ကွေးချပါ။ အလေးကိုင် ထားသော လက်ကို မကွေးဘဲ လက်၏ အနေအထား ကိုလည်း ခန္ဓာကိုယ်နှင့် ကပ်လျက် ရှိရမည်။ ဘယ်ညာ တစ်လှည့်စီ ခါးကွေး ၍ လေ့ကျင့်ပါ (ဘယ်ညာ လေ့ကျင့်စဉ်တွင် အလယ်၌ ရပ်တန့် မနေရပါ)။ မိမိ လေ့ကျင့် နိုင်သလောက် လေ့ကျင့်ပါ။ အကြိမ်ရေ များလေလေ အဆီ ပို၍ ကျလေလေ ဖြစ်သည်။
အကျိုးကျေးဇူး
ခါးဘေးရှိ အဆီ များကို ကျစေသည်။
လေ့ကျင့်ခန်း (၃)
ပုံတွင် ပြထားသည့် အတိုင်း လေ့ကျင့်ခုံ ပေါ်တွင် ဘေးတစောင်း အနေ အထားဖြင့် မတ်မတ် လှဲပါ။ လက် တစ်ဖက်ဖြင့် ခါးကို ကိုင်၍ ကျန်လက် တစ်ဖက်ဖြင့် ဦးခေါင်း နောက်ကို ကိုင်ပါ။ ပြီး လျှင် ခါးအားကို ယူ၍ ခန္ဓာကိုယ်ကို အပေါ် ဘက်သို့ ကွေးတင်ပါ။ ဦးခေါင်းကို တည့်တည့် ထားပါ။ ပြီးလျှင် မူလ အနေ အထား အတိုင်း ဖြည်းဖြည်းချင်း ပြန်လှဲပါ။ ဘယ်ညာ တစ်လှည့်စီ ပြောင်း၍ လေ့ကျင့်ပါ။ မိမိ လေ့ကျင့် နိုင် သလောက် လေ့ကျင့်ပါ။ အကြိမ်ရေများ လေလေ အဆီ ပို၍ ကျလေလေ ဖြစ်သည်။
အကျိုးကျေးဇူး
ခါးဘေးရှိ အဆီ များကို ကျစေသည်။

ဆံကေသာအလှ

- ဆံပင် အမျိုးအစားများ
ဆံပင် အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ ခြောက်သွေ့သည့် ဆံပင်၊ ပျက်စီး နေသည့် ဆံပင်၊ အဆီ ထွက်သည့် ဆံပင်နှင့် ပုံမှန် အမျိုးအစား ဆံပင်တို့ ဖြစ်ပါတယ်။ ဒီလို ဆံပင် အမျိုးအစားတွေ ကွဲပြား ကြခြင်းဟာ ရာသီဥတု၊ အစားအစာနဲ့ ကျန်းမာရေး အခြေအနေများ အပေါ်မှာ မူတည်ပြီး ကွဲပြား ကြတာ ဖြစ်ပါတယ်။
- ဆံပင် ပျက်စီးရခြင်း အကြောင်းရင်းများ
ဆံပင်၏ ကျန်းမာရေးမှာ ခန္ဓာ ကိုယ်တွင်း အာဟာရ ဓာတ်များနဲ့ သက်ဆိုင် သလို ခန္ဓာကိုယ် ပြင်ပက သဘာဝ ပတ်ဝန်းကျင်နဲ့ ပြုပြင် ထိန်းသိမ်းမှု ညံ့ဖျင်း လို့လည်း ဆံပင်တွေ ပျက်စီး ရတာ ဖြစ်ပါတယ်။ နေပူထဲမှာ ထီး၊ ဦးထုပ် မပါဘဲ နေ့စဉ် သွားလာ သူများမှာ ဆံပင်သားများ နီလာပြီး အဖျားများ ကွဲလာ တတ်ပါတယ်။ ကော့စတစ် ဆိုဒါများ ပါတဲ့ အဝတ်လျှော် ဆပ်ပြာ၊ ကိုယ်တိုက် ဆပ်ပြာများနဲ့ ခေါင်းအမြဲ လျှော်ပါက ဆံသားများ မာလာပြီး ခြောက်သွေ့ သွားတတ် ပါတယ်။ ဓာတု ပစ္စည်းများ၊ သစ်ဥ သစ်ဖု များနှင့် ဖော်စပ် ထားသော ခေါင်းလျှော်ရည်၊ ဆံပင် ပျော့ဆေး များနှင့် ပုံမှန်ခေါင်း မလျှော်လျှင် ဆံပင်ဟာ ပျော့ပျောင်းမှု မရှိ စေတော့ပါ။ ရာသီဥတု အေးလွန်းခြင်း၊ ဖုန်ထူထပ်သည့် နေရာ များသို့ သွားခြင်း၊ ခေါင်းလျှော်သည့် အခါ သေသေ ချာချာ ပွတ်၍ မလျှော်ခြင်း တို့ကြောင့် ကြာလာလျှင် ဦးရေပြားတွင် ဗောက်ထ နိုင်ပါတယ်။ ဆံပင်ကို မကြာခဏ ကောက်ခြင်း၊ ဖြောင့်ခြင်းနှင့် ဆေးဆိုးခြင်း များကြောင့် ဆံသားများ ပျက်စီးစေ ပါတယ်။ ခန္ဓာကိုယ်တွင် ရောဂါ တစ်မျိုးမျိုး ရှိနေခဲ့လျှင်သော် လည်းကောင်း၊ သွေးအား နည်းနေလျှင်သော် လည်းကောင်း ဆံပင်သည် ကျန်းမာ သန့်ရှင်းမှု မရှိဘဲ ဆံပင် နီ၍ အဖျား ကွဲခြင်း၊ ကျွတ်ခြင်းများ ဖြစ်လာတတ် ပါတယ်။
- ဆံပင်ပျက်စီးခြင်းမှ ကာကွယ်ရန် နည်းလမ်းများ
မိမိ၏ ဆံပင်တွင် ပြဿနာ တစ်မျိုးမျိုးနှင့် ကြုံလာ ရလျှင် အုန်းဆီ သို့မဟုတ် သံလွင်ဆီ (Olive Oil) သို့မဟုတ် ဗီတာမင် E တို့ ထည့်ပေးနိုင် ပါတယ်။ အခုခေတ် အမျိုးသမီး တော်တော် များများဟာ ခေါင်းမှာ အုန်းဆီ ရွှဲရွှဲဖြင့် မနေတတ် ပါဘူး။ ဒါဆိုရင်တော့ ခေါင်းမလျှော်မီ ၂ နာရီလောက် အလိုတွင် အုန်းဆီ ရွှဲရွှဲ လိမ်းပြီးမှ ခေါင်းလျှော်ရင် ရပါတယ်။ ဒါမှ မဟုတ် ရင်လည်း ညပိုင်းမှ ခေါင်းကို ဆီဝ၀ လူးပြီး မနက် အိပ်ရာ ထမှာ ခေါင်းလျှော် ပေးရ ပါတယ်။ ဒီလို လုပ်ခြင်း အားဖြင့် ဆံလုံး ကြီးပြီး နက်မှောင် လာစေမှာ ဖြစ်ပါတယ်။ ခြောက်သွေ့ နေသည့် ဆံပင် များနှင့် ပျက်စီး နေသည့် ဆံပင် များမှာ အနည်းဆုံး ၂ ပတ် တစ်ခါ၊ အများဆုံး ၁ လ တစ်ခါ ပေါင်းတင် ပေးနိုင် လျှင်တော့ ကောင်းပါတယ်။ ဆံပင် ပေါင်းတင် ခြင်းဖြင့် ဆံပင် နှစ်ခွ ဖြစ် ခြင်း၊ ဆံသား ရှုပ်ထွေးခြင်း၊ ဆံသား ကြမ်းတမ်းခြင်း၊ ဆံပင် ကျွတ်ခြင်း များကို ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ဦးရေပြား ဗောက်ထ ခြင်းကိုလည်း ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။

အသားရေ ထိန်းသိမ်းရအောင်

လူတချို့ဟာ မွေးဖွား ကတည်းက ကုသိုလ်ကံ ကောင်းမွန်စွာ မွေးဖွား လာခဲ့ကြ ပါတယ်။ သက်သက် သာသာ နေထိုင် သွားလာ ရလို့ နုနု ဖတ်ဖတ်လေး ဖြစ်နေတယ်။ စိတ်ချမ်းသာ ရတယ်။ သွားရေး၊ လာရေး၊ စားသောက် နေထိုင်ရေးမှာ အခက်အခဲ ဆိုတာ ချိုနဲ့လားလို့ မေးရ လောက်အောင် မကြုံ တွေ့ဖူး ကြသလို အလိုရှိ တောင့်တ တာလေး တွေဟာ ပြေပြေ လည်လည် အဆင်ပြေ သွားလေ့ ရှိတာကြောင့် စိတ်ဖိစီးမှု နည်းပါး ကြရတယ်။ တချို့ ကတော့ အထက်မှာ ဖော်ပြ ခဲ့သလို ကံကြမ္မာ ဘဝ အကျိုးပေး မကောင်း ကြပေမယ့် အခက်အခဲ တွေနဲ့ ကြုံတွေ့တဲ့ အခါ စိတ်ကို အေးချမ်း တည်ငြိမ်အောင် ထားနိုင် ကြတဲ့ အတွက် စိတ်ဖိစီးမှုများ ရှိပေမယ့် ပြေလျော့ သက်သာစွာ နေထိုင် ကျင့်ကြံ နိုင်ကြ ပါတယ်။ သို့သော် လူသား အတော် များများ ကတော့ အိုမင်း ရင့်ရော် လွယ်တဲ့ စိတ်ဖိစီးမှု ဒဏ်တွေနဲ့ သဘာဝ တရားရဲ့ လောကဓံ တွေကြောင့် မျက်နှာ၊ လည်ပင်း၊ လက်ချောင်း တို့တွင် အရေး အကြောင်းများ ပေါ်ကာ ဇရာ၏ သဘာဝ အစိတ် အပိုင်း တစ်ခုကို ခံစား ရလေ့ ရှိပါတယ်။ ဒါကြောင့် အသက် အရွယ်ချင်း တူပေမယ့် နုပျိုတာချင်း မတူညီနိုင် တော့ပါ။ အဲဒီ သဘာဝ တရား၏ ဒဏ် ကို တင်းခံ နိုင်အောင် သို့မဟုတ် အရေး အကြောင်းများ ဖြစ်ပေါ် လာတာ သက်သာ စေရန် အတွက် မျက်ခွံနှင့် မျက်လုံး တစ်ဝိုက်ကို eye cream များ၊ eye contour များ၊ overnight serum များ လိမ်းပေး ခြင်းဖြင့် လည်းကောင်း၊ ကိုလေဂျင် အမျှင်ဓာတ် ထည့်ထားသော ဆေး ဝါးများ ထိုးသွင်း ခြင်းဖြင့် လည်းကောင်း၊  Facial toning ခေါ် မျက်နှာ အရေပြား တင်းတင်း ရင်းရင်း ဖြစ်အောင် အထောက်အကူ ကိရိယာ ပစ္စည်း များဖြင့် ပြုပြင် ခြင်းဖြင့် သော်လည်းကောင်း အမျိုးမျိုးသော နည်းလမ်း တွေနှင့် ဇရာကို အန်တု နိုင်အောင် ကြိုးစား လာခဲ့ကြ ပါတယ်။ မည်သို့ပင် ဖြစ်စေ ကာမူ ဖော်ပြပါ နည်းတွေ ထဲက တစ်နည်းနည်း ဖြစ်စေ၊ နှစ်နည်း သုံးနည်း ပေါင်းစပ်၍ ဖြစ်စေ ထုတ်လုပ် ထားတဲ့ အလှကုန် များကတော့ အမျိုးသမီး များအတွက် တစ်နည်း နုပျိုလှပ လိုသူများ အတွက် အမှန်တကယ် အလုပ် ဖြစ်နိုင်မှာ သေချာပါတယ်။ အောက်ပါ နည်းလမ်း ၇ မျိုး ကတော့ သင့်အား အရေး အကြောင်း နည်းပါး စေပြီး နုပျို လန်းဆန်း လှပ စေမှာ အမှန် ဖြစ်ပါတယ်။
၁။ SPF အနည်းဆုံး ၃၀ နှင့် ၇၀ ကြားရှိ Facial Moisturizer မျက်နှာလိမ်း အစို ဓာတ်ခံ ခရင်မ်ကို လိမ်းပေးပါ။ နေ့စဉ် ပုံမှန် လိမ်းပေးမယ် ဆိုပါက SPF 30 ကို လိမ်းပေးပါ။ နေပူထဲ သွား မယ့်သူ၊ ကမ်းခြေမှာ အပန်းဖြေမယ့် သူများ SPF မြင့်လေ ပိုစိတ်ချ ရလေ ဖြစ်ပါတယ်။
၂။ မျက်နှာ နေမလောင် စေရန် နေပူထဲ သွားလျှင် ထီး သို့မဟုတ် ဦးထုပ် ကြီးကြီး တစ်လုံးကို ဆောင်းပါ။ နေကာ မျက်မှန် တပ်ဖို့လည်း မမေ့ပါနှင့်။
၃။ ကမ်းခြေမှာ နေပူစာ လှုံမယ် လို့တော့ စိတ်ကူး မယဉ်ပါနှင့်။ နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ မိပါက ခရမ်းလွန် ရောင်ခြည် ဒဏ်က သင့်ကို ဒုက္ခပေးနိုင် ပါတယ်။ အရေပြား ကင်ဆာ၊ အတွင်းတိမ် တို့ဟာ ခရမ်းလွန် ရောင်ခြည်ကြောင့် ဖြစ်ရသော ကျန်းမာရေး ပြဿနာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အရေး အကြောင်းများ ဖြစ်ပေါ် လာကာ အရွယ် မတိုင်မီ အိုမင်း ခြင်း ဖြစ်စေ ပါတယ်။
၎။ ဆေးလိပ် မသောက်ပါနှင့်။ ဆေးလိပ် ကလည်း နေရောင်ခြည် ပြီးရင် အသား အရေ ပျက်စီးစေတဲ့ နေရာမှာ ဒုတိယ နေရာတွင် ရှိပါတယ်။
၅။ မျက်စိများကို လက်ဖြင့် ပွတ်ခြင်း၊ ယားလို့ ကုတ်ခြင်း၊ ကြမ်းတမ်းစွာ ပွတ်ခြင်းများ လုံးဝ မလုပ် သင့်ပါ။ မျက်ခွံ တစ်ဝိုက်က အရေပြားဟာ သိပ်ပါးလွန်းတဲ့ အတွက် ပိုပြီး အရေတွန့် လွယ်၊ အရေး အကြောင်း ဖြစ်လွယ် ပါတယ်။ မျက်ခွံလေး များသို့ သွေးစီးဆင်းတာ၊ လင့်ပြန်ရည် ဆင်းတာ ကောင်းပြီး၊ မျက်ခွံ မမို့ နေစေရန် မျက်လုံး အပေါ်ဘက် တစ်ဝိုက်ကို လက်ညှိုး လေးများဖြင့် အသာ အရာ နှိပ်နယ် ပေးပါ။ အားနှင့်အင်နှင့် မဖိနှိပ်ရ။
၆။ ပက်လက် လှဲအိပ်ပါ။ ခေါင်းအုံးပေါ် မျက်နှာ အပ်ပြီး မှောက်အိပ်ရင် ကမ္ဘာ့ ဆွဲအား အတိုင်း အရည်တွေ မျက်နှာပေါ် စုလာပြီး မို့အစ် လာတတ် ပါတယ်။ ငယ်ရွယ်စဉ် မှာတော့ မသိသာ ပေမယ့် အသက် အရွယ် ရလာတဲ့ အခါ မျက်နှာ မို့အစ် နေခြင်းက အရေးအကြောင်း တွေကို ပိုပေါ်လွင် လာစေ ပါတယ်။
၇။ နှစ်စဉ် မျက်စိကို စမ်းသပ် စစ်ဆေးပါ။ မျက်စိကို စစ်ဆေး စမ်းသပ် ထားခြင်းဖြင့် အမြင် ဝေ၀ါးသည့် အန္တရာယ်များကို ကြိုတင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မျက်မှန် ပါဝါ လိုနေတဲ့ သူတစ်ယောက်ဟာ မျက်မှန် မပါဘဲ စာဖတ်ရင် မျက်မှောင် ကုတ်၍ ဖတ်ရတဲ့ အတွက် နဖူးတွင် အရေး အကြောင်း များကို ဖြစ်ပေါ်စေ သလို မျက်လုံး တစ်ဝိုက် တွင်လည်း အရေး အကြောင်း မြန်မြန် ဖြစ်ပေါ်စေ ပါတယ်။

ညအိပ်ချိန်လေးတောင် လှအောင်

အမျိုးသမီးတွေ အများစုဟာ ညအိပ်ရာ ဝင်တဲ့ အခါမှာတောင် လှလှ ပပ မွှေးမွှေး ကြိုင်ကြိုင် လေး အိပ်ချင် ပါတယ်။ အလုပ်က ပြန် ရောက်တဲ့ အခါ ကိုယ်လက် လေ့ကျင့်ခန်းလေး လုပ်ပြီး ရေချိုး သန့်စင် လိုက်မှ လန်းဆန်း သွားပြီး နေရ ထိုင်ရ ကောင်းသွားပါ တယ်။ အလှအပကို စိတ်ဝင်စား ကြတဲ့ သူတွေ အတွက် ညအိပ်ရာ ဝင်ခါ နီးမှာ မိမိရဲ့ အသားအရေကို ဘယ်လို ထိန်းသိမ်း ပြုပြင် သင့်သလဲ ဆိုတာကို အလှ ပညာ ဆိုင်ရာ ကျွမ်းကျင်သူ များက အောက်ပါ အတိုင်း အကြံ ပေးကြ ပါတယ်။ ဂွက်နိုက်ခရင်မ်ယခုအခါ ခေတ်အခါမှာ မိမိရဲ့ အသားအရေကို အကောင်းမွန်ဆုံး၊ အလှပဆုံး ဖြစ်ချင်တဲ့သူများ အတွက် ညဘက် ကတည်းက ကြို တင်ပြီး ပြုပြင် ပြင်ဆင် နိုင်တဲ့ နည်းလမ်းတွေ၊ အထောက်အကူပြု ပစ္စည်းတွေ များပြားစွာ ပေါ်ထွက် လာနေ ပါပြီ။ over- night peeling cream၊ night cream တို့စသည်ဖြင့် ညဘက် လိမ်းရတဲ့ ခရင်မ် အမျိုးမျိုး ရှိနေပါပြီ။ အမှန်တော့ ညအိပ် ချိန်ဟာ အရေပြား ကလာပ်စည်းတွေ ပြန်လည် ပြုပြင် တည်ဆောက်ရန် အကောင်းဆုံး အချိန် ဖြစ်တယ်။ ဒါကြောင့် မျက်နှာ အသား အရေ လှပ စိုပြည် ချင်သူ တစ်ယောက်ဟာ ညအိပ်ချိန် တစ်နေ့လျှင် ၇ နာရီခန့် ရှိသင့် ပါတယ်။ ညဘက် အိပ်ရာ မဝင်ခင် ညလိမ်း ခရင်လေးကိုပါ လိမ်းပြီး အိပ်မယ်ဆိုရင် မိမိ သုံးလိုက်တဲ့ ခရင်မ် အမျိုးအစား ပေါ် မူတည်ပြီး မျက်နှာ အသားအရေဟာ ညိုတဲ့သူ ဆိုရင် ဖြူလာ၊ ဖြူတဲ့သူ ပိုနူးညံ့ လာစေမှာ ဖြစ်ပါတယ်။ ညလိမ်း ခရင်လေး လိမ်းပေးခြင်းက အရေပြား ပေါ်ရှိ သေနေတဲ့ ကလာပ်စည်း များကို ဖယ်ရှား ပေးလိုက်သလို ဖြစ်သွားပြီး ကလာပ်စည်း အသေ များကြောင့် အသားအရေ မွဲခြောက် ခြင်းကို ကာကွယ် ပေးနိုင် ပါတယ်။ ကလာပ်စည်း အသစ်တွေ ထွက်ပေါ် လာပြီး ဖြူဖွေး နူးညံ့တဲ့ အသားအရေကို ပိုင်ဆိုင် နိုင်ပါတယ်။ အချို့ ညလိမ်း ခရင်မ် တွေဟာ ပါးပြင်ပေါ်က နေလောင် ထားလို့ မည်းနေတဲ့ အပေါ်ယံလွှာ (အရောင်ရင့် အရေပြား ကလာပ်စည်း များ) ကိုလည်း ဖယ်ရှား ပေးနိုင် ပါတယ်။ အဲဒီလို မကောင်းတဲ့ ကလာပ်စည်းများ ကွာကျ သွားတဲ့ အခါ အသားအရေ ဖြူချောအောင် လုပ်ပေး နိုင်တဲ့ ညလိမ်း ခရင်မ်ရဲ့ ပါဝင် ပစ္စည်းများက အရေပြားအောက် အတွင်းလွှာများ အထိ ဝင်ရောက်ပြီး အာနိသင် ပေးနိုင် တာကြောင့် အသား အရေ သိသိသာသာ ဖြူစင် ဝင်းပ လာစေ ပါတယ်။ အချို့ ခရင်မ်တွေ ကတော့ မယ်လနင်း (melanin) ခေါ် အသားညို စေတဲ့ ကလာပ်စည်း ထုတ်လုပ်မှု နှေးအောင် ပြုလုပ် ပေးနိုင်တဲ့ အတွက် အသားပိုဖြူ စေတယ်လို့ သိရပါတယ်။ ဘာတွေ အကျိုး ရှိပါသလဲ ၁။ အသားအရေ ဖြူဝင်းစေတယ် ၂။ နံနက်အိပ်ရာထချိန်မှာ အသားအရေ တင်းရင်း လှပစေတယ် ၃။ အရေပြားပေါ်က အမည်းအစက် အပြောက်တွေ လျော့ပါး ကျဆင်း သွားပါမယ် ၄။ အသားအရေ နုချောပြီး ဖြူဝင်း ကြည်လင် လာတာ မလွဲမသွေ တွေ့ရမှာ ဖြစ်ပါတယ်။ ဘာတွေနဲ့ ဖော်စပ်ထားပါသလဲ အများအားဖြင့် လိမ္မော်သီး၊ သံပရာသီး၊ ပန်းသီး၊ ကီဝီသီး၊ စတော် ဘယ်ရီသီး၊ စပျစ်သီး စတဲ့ သဘာဝ သစ်သီး သစ်ဖုတွေရဲ့ အဆီအနှစ်ကို ထုတ်ပြီး ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် E စသည် တို့ကို ဖြည့်စွက်ပြီး ပေါင်းစပ် ထုတ်လုပ် ထားကြ ပါတယ်။

Mar 25, 2011

ရုပ်လှစရာမလို အနေလှဖို့သာလို

မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်တယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘ၀မှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။

တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ "ရေ" ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။

မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။ မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာ ကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။

မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။ ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံး လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့ အရိပ်တွေကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်း ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင်ရယူသူတွေဖြစ်တယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက် လှတယ်၊ မလှဘူးနဲ့ မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ၀တယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့ နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့ လှလှပပ ရှင်သန်နေထိုင်သင့်တယ်။

Mar 23, 2011

ကိုယ်အလေးချိန် ကျဆင်းသွားသူများ၏ လျှို့ဝှက်ချက် ၁၀ ခု

ကိုယ်အလေးချိန် ကျဆင်းသွားသူများ၏ လျှို့ဝှက်ချက် ၁၀ ခု

Photo
By Good Health Originally posted 23/03/2011 11:43AM
ကိုယ်အလေးချိန် ကျဆင်းဖို့ နည်းမျိုးစုံနဲ့ ကြိုးစားကြည့်ကြတိုင်း အောင်မြင်တာ မဟုတ်ပါဘူး။  မအောင်မြင်နှုန်းဟာ ၉၅ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ ကိုယ်အလေးချိန် လျှော့ချတာ အောင်မြင်သွားသူတွေ အနက် အများစုဟာလည်း ကိုယ်အလေးချိန် ပြန်တက်လာကြတယ်လို့ သိရပါတယ်။  ဒါကြောင့် ကိုယ်အလေးချိန်ကို အနည်းဆုံး ပေါင် ၂၀ ခန့် လျှော့ချနိုင်ပြီး အဲဒီ ကျဆင်းတဲ့ အလေးချိန်အတိုင်း အနည်းဆုံး သုံးနှစ်ခန့် နေထိုင်နိုင်သူ ၁၆၀ ယောက်ရဲ့ အောင်မြင်တဲ့ ကိုယ်အလေးချိန် ထိန်းနည်း ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူတို့ကိုယ် သူတို့ ကိုယ်အလေးချိန် လျှော့ချနိုင်တယ်လို့ ယုံကြည်ကြပါတယ်  

လူအများစုဟာ သူတို့ ကိုယ်အလေးချိန်ကို လိုချင်တာ ရောက်အောင် မလျှော့ချနိုင်ခင်မှာပဲ ကိုယ်အလေးချိန် လျော့လိုက်၊ ပြန်တက်လိုက် ဖြစ်တာဟာ ငါးကြိမ်ထက်မနည်း ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်ကျတာ အောင်မြင်သူတွေက ဒါကိုသူတို့ အရှုံးမပေးတတ်ကြပါဘူး။ သူတို့ဟာ ကိုယ်အလေးချိန် လျှော့ချနေစဉ်အတွင်း မောပန်းပြီး အားနည်းသွားတတ်ကြပေမယ့် ကိုယ်အလေးချိန်လျှော့ချတဲ့ အစီအစဉ်ကို မဖျက်ဘဲ ပိုပြီးအားစိုက်ကာ ပြုလုပ်တတ်ပါတယ်။

၂။  သူတို့အတွက်သာ သူတို့ရဲ့ ကိုယ်အလေးချိန် လျှော့ချတတ်ပါတယ်  

သူတို့ဟာ သူတို့အတွက်သာ ကိုယ်အလေးချိန် လျှော့ချတာဖြစ်ပြီး တခြားသူတွေအတွက် အလေးချိန်လျှော့တာ မဟုတ်ပါဘူး။ ဥပမာ- အမေက "သမီးရဲ့ အလေးချိန် မလျှော့ရင် သမီး လှပပြီး ကြည့်ကောင်းမှာ မဟုတ်ဘူး" လို့ ပြောရင်တောင် ကိုယ်အလေးချိန် မလျှော့နိုင်ကြပါဘူး။ ကိုယ်ချစ်ကြိုက်နေသူနဲ့ တွေ့မှ၊ ကိုယ်ကိုယ်တိုင် လှချင်လာမှ၊ ကိုယ်အလေးချိန်လျှော့မှ အလေးချိန် လျော့သွားလေ့ ရှိတတ်ကြပါတယ်။

၃။  ကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန် ကျဆင်းမယ့် နည်းကို တွေ့ရှိတတ်ပါတယ်  

များသောအားဖြင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်မှ ကိုယ်အလေးချိန် ကျတတ်ပါတယ်။ တချို့ကတော့ အာဟာရ ပညာရှင်နဲ့ တိုင်ပင်ကြသလို တချို့ကလည်း Slimming Centre ကို သွားလေ့ ရှိကြပါတယ်။ ကိုယ်အလေးချိန် ကျဆင်းသူတွေဟာ သူတို့ အတွက် အမှန်တကယ် အသုံးဝင်မယ့် နည်းလမ်းကို သိရှိကြပြီး အစာကို လျှော့မစားဘဲ မိမိလိုချင်တဲ့ ကိုယ်အလေးချိန်ကို မရောက်နိုင်မှန်းလည်း သိကြပါတယ်။

၎။  အစာစားတဲ့ပုံစံ နည်းလမ်း အသစ်ကို ပြောင်းလဲချင်စိတ် ရှိပါတယ်  

အစားရှောင်ပြီး ကိုယ်အလေးချိန် ကျဆင်းအောင် လုပ်သူတွေဟာ သူတို့ရဲ့ ကိုယ်အလေးချိန် ကျသွားရင် အရင် စားနေကျ ပုံစံအတိုင်း ပြန်လည် စားသောက်တတ်တဲ့ အတွက် ကိုယ်အလေးချိန် ပြန်တက်လာလေ့ ရှိပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းလိုရင် တစ်ဘဝလုံး အတွက် အဆီပါဝင်မှု နည်းတဲ့ အစာ စားရပါမယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်ပဲသီးနှံ စားသုံးရပါမယ်။ ကယ်လိုရီ ပါဝင်မှု နည်းပြီး အရသာရှိအောင် ဟင်းခတ် အမွှေးအကြိုင်၊ ရှောက်ရည် ဒါမှမဟုတ် သံပရာရည်နဲ့ အဆီပါဝင်မှု နည်းတဲ့ ထုတ်ကုန်ကို အသုံးပြုရပါမယ်။ တဖြည်းဖြည်းနဲ့ အဆီ ပါဝင်မှုများတဲ့ အစာကို မစားချင်တော့တဲ့အထိ ဖြစ်သွားတတ်ကြပါတယ်။

၅။  ကိုယ်အလေးချိန် တက်လာရင် ချက်ချင်း ပြန်ပြုပြင်တတ်ပါတယ်  

ကိုယ်အလေးချိန် ကျဆင်းသူ အများစုဟာ တစ်ပတ်တစ်ကြိမ်မှ နှစ်ရက်ခြား သုံးရက်ခြား တစ်ကြိမ် ကိုယ်အလေးချိန် တိုင်းလေ့ ရှိကြပါတယ်။ သူတို့ရဲ့ ကိုယ်အလေးချိန် အနည်းငယ် တက်လာတာနဲ့ တစ်ပြိုင်နက် ကိုယ်အလေးချိန် လျှော့ချတဲ့ နည်းလမ်းတွေကို ချက်ချင်း အသုံးပြုကြပါတယ်။ ဥပမာ- လေ့ကျင့်ခန်း ပိုလုပ်တာ၊ အချိုစာတွေ မစားတော့တာ။ အစာပမာဏ လျှော့စားတာ ဒါမှမဟုတ် သူတို့စားတဲ့ အစာတွေကို ဒိုင်ယာရီ ရေးတဲ့ အကျင့်လုပ်ပြီး ချင့်ချိန်စားတာတွေ ပြုလုပ်တတ်ပါတယ်။

၆။ သူတို့ဟာ သူတို့အတွက် အကောင်းမြင် တွေးတတ်ပါတယ်  

မကောင်းမြင်တဲ့ စိတ်ကြောင့် ကိုယ့်စိတ်က မသိဘဲ အစာတွေ စားမိတတ်လေ့ ရှိပါတယ်။ ဥပမာ- ငါကြိုက်တဲ့ အစာတစ်ခုတော့ မထိန်းနိုင်လို့ စားမိသွားပြီ။ မထူးတော့ပါဘူး။ စားလက်စနဲ့ ဆက်စားလိုက်တော့မယ် ဆိုပြီး စိတ်ကြိုက် စားမိသွားတတ်ကြပါတယ်။  ကိုယ်အလေးချိန် ထိန်းနိုင်သူတွေက ဒီနေ့အတွက် အစာပိုတွေ စားမိသွားတဲ့ အတွက် နောက် ဆက်ပြီး မစားမိအောင် သတိထားပြီး ထိန်းတတ်ကြပါတယ်။

၇။  သူတို့ လေ့ကျင့်ခန်း လုပ်တတ်ပါတယ်  

ကိုယ်အလေးချိန် ကျဆင်းသူ ၁၀ ယောက်မှာ ကိုးယောက်ဟာ ပုံမှန် လေ့ကျင့်ခန်း လုပ်တတ်ကြပါတယ်။ နေ့စဉ် လမ်းလျှောက်တာလိုမျိုး လွယ်ကူတဲ့ လေ့ကျင့်ခန်းကို နေ့စဉ် ပုံမှန် လုပ်ဆောင်ချက်လို သဘောထားပြီး လုပ်လေ့ ရှိပါတယ်။

၈။ သူတို့ရဲ့ ခံစားချက်ကို ရင်ဆိုင်ရဲပါတယ်  

အဝလွန်တတ်သူတွေဟာ စိုးရိမ်စိတ် များရင်၊ ဝမ်းနည်းနေရင်၊ ပျင်းရိနေရင် ဒါမှမဟုတ် တစ်ယောက်တည်း ဖြစ်နေရင် အစားအသောက်ကို အလိုအလျောက် စားမိသွားတတ်ပါတယ်။ အမှန်တကယ်တော့ စိတ်ခံစားချက်တွေ မကောင်းရင် ဘာကြောင့် ဖြစ်ရသလဲနဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ရှာဖွေပြီး ဖြေရှင်းရပါမယ်။ ဥပမာ- ပျင်းရိနေရင် အိမ်မှာ မနေဘဲ ကိုယ် ပျော်ရွှင်စေနိုင်မယ့် နည်းလမ်းတွေ (ဥပမာ-ဈေးဝယ်ထွက်တာ၊ ကစားကွင်းသွားတာ၊ ရုပ်ရှင်ကြည့်တာ) လုပ်ပါ။ တစ်ယောက်တည်း ဖြစ်နေရင်လည်း မိတ်ဆွေတွေကို အိမ်အလည်ဖိတ်ပြီး စကားပြောပါ။

၉။  သူတို့ဘဝကို သူတို့ ပျော်ရွှင်တတ်ပါတယ် 
အောင်မြင်တဲ့ လူအများစုဟာ တခြားလူတွေရဲ့ လိုအပ်ချက်အတွက် စွမ်းအင် အသုံးပြုတတ်ကြပြီး သူတို့ လိုအပ်ချက်ကို လျစ်လျူရှုတတ်ကြပါတယ်။ သူတို့ကိုယ်သူတို့ ဆုချတဲ့ အနေနဲ့ အစာ စားတတ်ကြပါတယ်။ ကိုယ်အလေးချိန် ထိန်းနိုင်သူတွေဟာ သူများအတွက် စဉ်းစားပေးတတ်သလို သူတို့ကိုယ် သူတို့လည်း သူတို့ ဂရုစိုက်တတ်ကြပါတယ်။ သူတို့ကိုယ်သူတို့ ဆုချတဲ့ အနေနဲ့ အစာစားတာ မရှိပါဘူး။

၁ဝ။ သူတို့ကို အထောက်အကူပြုသူတွေ ရှိကြပါတယ်  

သူတို့ရဲ့ မိသားစုဝင်တွေက သူတို့ ပတ်ဝန်းကျင်မှာ အဆင်သင့် စားလို့ရတဲ့ အစာတွေ၊ ဆီကြော်စာတွေ၊ အချိုစာတွေမရှိအောင်ကူညီပေးတတ်ကြပါတယ်။                                                                            
ဒေါက်တာ ခင်မိုးမိုး

Mar 20, 2011

ဆံပင်စတိုင် အမြဲလန်းဆန်းကြည့်ကောင်းလိုသော ပျိုမေတို့အတွက်

ဦးခေါင်းပေါ်က ဆံကေသာပုံစံဟာ ကိုယ်နဲ့ လိုက်ဖက်ရုံသာမက ပြုပြင်ထားတဲ့ ဆံပင်ပုံစံဟာ ဆံပင်အရောင်၊ ဆံပင်သား အမျိုးအစားတို့နဲ့ လိုက်ဖက်နေရင် လှပြီးသား ပျိုမေကို ပိုမိုလှပစေပါတယ်။ ဆံပင်ကျွတ်ပြီး ဆံပင်ပါးနေရင်၊ ဆံပင်အရောင်က မွဲခြောက်ခြောက် ဖြစ်နေရင်၊ ညှပ်ထားတဲ့ ဆံပင်က ပုံမလာဘူးဆိုရင်တော့ ရှိပြီးသား နဂိုအလှကိုတောင် မှေးမှိန်သွားစေ နိုင်ပါတယ်။ ဆံပင်ကို ဖြောင့်ထားတာ ပဲဖြစ်ဖြစ်၊ ကောက်ထားတာပဲဖြစ်ဖြစ် သင်သဘောကျတဲ့အတိုင်း ပြုပြင်ထားတဲ့ လက်ရှိ ဆံပင်စတိုင်ကို လန်းနေအောင် အောက်ပါနည်းတွေအတိုင်း ဂရုစိုက်ပေမယ်ဆိုရင်တော့ အမြဲကြည့်ကောင်းနေမှာပါ။

ဆံပင်အရောင်ဆိုးထားသူများအတွက်
ဆံပင်အရောင်ဆိုးထားတဲ့ ပျိုမဒီတို့အနေနဲ့ ဆံပင်အရောင် ကြာရှည်ခံပြီး တောက်ပနေဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာပေးပါ။
၁။ အရောင်ဆိုးထားတဲ့ဆံပင်တွေ (Color-treated hair) အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ရှမ်ပူနဲ့ ကွန်ဒီရှင်နာတို့ကိုသာ အသုံးပြုပေးပါ။ ရိုးရိုးပုံမှန် ရှမ်ပူတွေဟာ ဆိုးထားတဲ့ ဆံကေသာအရောင်ကို မြန်မြန်ပြယ်စေနိုင်ပါတယ်။
၂။ ထွက်လာတဲ့ ဆံပင်အရင်းကအရောင်ဟာ ဆံပင်အဖျားအရောင်နဲ့ လုံးဝသိသာခြားနားနေရင် ဆံပင်အရင်းနေရာကို ဆိုးနိုင်အောင် ဆံပင်အရောင်ဆိုး Mascara ကိုသုံးပါ။ သင့်မှာ ဆံပင်အရောင်ဆိုးနိုင်တဲ့ Mascara ကို သုံးပြီး ဆံပင်အရင်းနေရာကို ဆိုးပေးနိုင်ပါတယ်။
၃။ ဆံပင်ကို ခေါင်းမလျှော်ခင် မိနစ်အနည်းငယ်အလိုမှာ ရှလကာရည်တစ်ဆနဲ့ ကြက်သီးနွေးရေနှစ်ဆတို့ရောပြီး ဆံပင်သားပေါ် လိမ်းပေးပါ။ ဦးရေပြားခြောက်လုလုဖြစ်ခါနီမှာ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးမှသာ ခေါင်းလျှော်ပေးပါ။
ဆံပင်ပုံသွင်းထားသူများအတွက်
ဆံပင်သားကို ဆံပင်လေမှုတ်စက် (Hair Dryer) သုံးပြီး ပုံသွင်းထားတဲ့သူတွေအနေနဲ့ ဆံပင်ပုံကြာကြာခံအောင် အောက်ပါနည်းလမ်းတို့က ကူညီနိုင်ပါတယ်။
၁။ ဆံပင်ကို ဦးခေါင်းအထက် ဖြန့်ပြီး အိပ်ပါ။ နံနက်ခင်းရောက်တဲ့အခါ ဆံပင်တွေကို ပုံမပျက်အောင် လက်နဲ့ အသာအယာဖွပေးပါ။
၂။ ဆံကေသာ ကျိုးကြေမှုကို ကာကွယ်နိုင်အောင် အိစက်ညက်ညောတဲ့ ခေါင်းအုံးပေါ်မှာ အိပ်စက်ပါ။
၃။ ရေချိုးတဲ့အခါ ဆံစပ်နေရာအထိ ခေါင်းစွပ် (Shower cap) စွပ်ပါ။ ခေါင်းစွပ် မစွပ်ခင်ပဝါတစ်စသုံးကာ ဦးခေါင်းကိုအုပ်ပေးပါ။
၎။ ရေချိုးပြီးတဲ့အခါမှာ ဆံပင်အရင်းနေရာတွေကို ဆံပင်လေမှုတ်စက် (Hair Dryer) နဲ့ မှုတ်ပေးပါ။
၅။ ဆံပင်လေမှုတ်စက်သုံးတဲ့အခါ ဆံပင်သားနဲ့ နီးနီးကပ်ကပ် မသုံးသင့်ပါ။
၆။ ဆံပင်လေမှုတ်စက် သုံးထားတဲ့အတွက် ဆံပင်သားမှာ ပရိုတင်းဓာတ် ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါမှာ ပရိုတင်းဓာတ်ပါဝင်တဲ့ ခေါင်းလျှော်ရည်ကို သုံးပြီး ခေါင်းလျှော်ပေးပါ။
ဆံပင်ကို ကောက်ခြင်း၊ ဖြောင့်ခြင်း ပြုလုပ်ထားသူများအတွက်
ဓာတုပစ္စည်းပါဝင်တဲ့ ဆေးတွေသုံးပြီး ပြုပြင်ထားတဲ့အတွက် ဆံပင်သားဟာ အနည်းနဲ့အများတော့ ပျက်စီးထိခိုက်နေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကောက်ထားရင် ဒါမှမဟုတ် ဖြောင့်ထားရင် အောက်ပါနည်းလမ်းတွေကို လိုက်နာပေးပါ။
၁။ နူးညံ့ပျော့ပျောင်းပြီး ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ခေါင်းအုံးပေါ်မှာ အိပ်ပါ။ ယင်းခေါင်းအုံးမျိုးကို စူပါမားကတ်ဆိုင်ကြီးတွေမှာ ရနိုင်ပါတယ်။
၂။ ခေါင်းလျှော်တဲ့အခါတိုင်း ကွန်ဒီရှင်နာသုံးပါ။ အထူးသဖြင့် ပြုပြင်ထားတဲ့ ဆံပင်သားတွေမှာ အဖျားနှစ်ခွ ကွဲတတ်တဲ့အတွက် ဆံပင်အဖျားပိုင်းတွေကို ကွန်ဒီရှင်နာများများ သုံးပေးပါ။
၃။ ဆံပင်သား တောက်ပြောင်နေအောင် ထောပတ်သီးအမှည့်အနှစ်သား တစ်လုံးစာကို ကြိတ်ခြေပြီး ကြက်ဥ ဒါမှမဟုတ် ဘဲဥအနှစ်တစ်လုံးနဲ့ရောကာ ဆံပင်စိုစိုတွေပေါ် သုတ်ပေးပါ။ ထောပတ်သီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Essential Fatty Acid တို့ ပါဝင်တဲ့အတွက် ဆံပင်သားကို စိုပြည်တောက်ပနေစေပါတယ်။ ကြက်ဥ၊ ဘဲဥအနှစ်မှာ ပရိုတင်းဓာတ်ပါဝင်တဲ့အတွက် ဆံပင်သား ကျန်းမာစေပါတယ်။ မိနစ် ၂၀ လောက်ကြာမှသာ ရေနဲ့ စင်အောင် ဆေးကြောပေးပါ။
စနစ်ကျသော ခေါင်းလျှော်နည်း
ဆံပင်ကို ရှမ်ပူနဲ့ ခေါင်းလျှော်တဲ့အခါ နည်းလမ်းတကျ လျှော်တတ်ရင် ဆံပင်ကျွတ်ခြင်း လျော့ပါးပြီး ဆံသားကြီးထွားရှင်သန်ကာ ဦးရေပြား ကျန်းမာစေပါတယ်။ ဆံပင်ကို မှန်မှန်ကန်ကန် ခေါင်းလျှော်တတ်တဲ့နည်းလမ်းကို လူအနည်းစုကသာ သိရှိပြီး တကယ်လိုက်နာကြကြောင်း ဟောလီးဝုဒ် ဆံပင်ဒီဇိုင်နာ ဂျော့ကာရိုးက ဆိုပါတယ်။ စနစ်တကျ ခေါင်းလျှော်တာက ဆံပင်စတိုင်ကို အမိုက်စားဖြစ်စေရုံသာမက ဆံပင်သားကို ကျန်းမာသန်စွမ်းစေပါတယ်။
၁။ ခေါင်းမလျှော်ခင် ဆံပင်ကို ဦးခေါင်း ရှေ့ဘက်မှ နောက်ဘက်သို့ ဝက်မှင်ဘီးနဲ့ ဖြီးပေးပါ။ ဆံပင်ဖြီးပေးတာက သွေးလှည့်ပတ်မှု ကောင်းစေတဲ့အပြင် ဆံကေသာမှ ကပ်ညိနေတဲ့ ဆံပင်သုံးပစ္စည်းတွေကို လျော့ပါးသွားစေပါတယ်။
၂။ ကြက်သီးနွေးရေနဲ့ ခေါင်းလျှော်ပါ။ ရေပူသုံးရင် ဆံပင်သားမှာရှိတဲ့ အကာအကွယ်ဆီတွေ ကင်းဝေးသွားနိုင်ပါတယ်။ ခေါင်းလျှော်တဲ့အခါ လည်ကုပ်အစပ်မှ စကာ နဖူးအထိ လျှော်သွားပါ။
၃။ ဦးရေပြားဆီ အာဟာရဓာတ်ရောက်ရှိစေဖို့ အနည်းဆုံး သုံးကြိမ်ခန့် နှိပ်နယ်ပေးပါ။
၎။ မိမိရဲ့ ဆံပင်အမျိုးအစားအလိုက် သင့်တော်ကောင်းမွန်တဲ့ ရှမ်ပူရွေးပါ။
၅။ ခေါင်းလျှော်ပြီးတဲ့အခါ ကွန်ဒီရှင်နာ လိမ်းပါ။
၆။ အချိန်ရရင် ရေနွေးငွေ့ခံယူထားတဲ့ တစ်ဘက်ကို ဦးခေါင်းပေါ်ကို အုပ်ပေးပါ။ ရေနွေးငွေ့ဟာ ကွန်ဒီရှင်နာကို ဦးရေပြားနဲ့ ဆံကေသာဆီ စိမ့်ဝင်အားကောင်းမွန်စေပါတယ်။
၇။ ပြီးရင် ရေအေးနဲ့ ဆေးချပေးပါ။ ဒီနည်းလမ်းဟာ ဆံကေသာအမျှင်တွေကို သန်စွမ်းစေကာ ဆံပင်သား တောက်ပပျော့ပျောင်းစေပါတယ်။

ရှိုးပွဲသွားမယ်ဆိုရင်

   ရှိုးပွဲ၊ ပါတီပွဲ စတဲ့ ပျော်ပွဲရွှင်ပွဲတွေ သွားပြီး စိတ်လွတ်ကိုယ်လွတ် ခုန်ပေါက်ကခုန် တော့မယ်  ဆိုရင် ကြည့်ကောင်းစေဖို့ထက် ပွဲအခမ်းအနားနဲ့ အဆင်ပြေပြီး လိုက်လျော ညီထွေရှိအောင် ဝတ်စားဆင်ယင် ပြင်ဆင်တတ်ဖို့ လိုပါတယ်။

          ညအခမ်းအနား တွေသွားတဲ့အခါ မိန်းကလေးတွေအနေနဲ့ မိတ်ကပ် အပြင်အဆင်ကို       သတိထား သင့်ပါတယ်။ မိတ်ကပ် ပြင်တဲ့အခါ အလွန်အကျွံ မပြင်သင့်ပါဘူး။ အသားအရောင်နဲ့ လိုက်လျောညီထွေရှိအောင် ခပ်ပါးပါးသာ ပြင်ဆင်ခြယ်သ သင့်ပါတယ်။
     ကခုန်လှုပ်ရှားတဲ့အခါ ချွေးထွက်များမှာ ဖြစ်တဲ့အတွက် Waterproof မိတ်ကပ် အမျိုးအစားကို သုံးသင့်ပါတယ်။ အဝတ်အစား ဝတ်တဲ့အခါမှာလည်း အလွယ်တကူ ချွေးမကွက်လွယ်စေမယ့် လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်နိုင်တဲ့ ဝတ်စုံမျိုးဝတ်ပါ။ အထူးသဖြင့် လွတ်လွတ်လပ်လပ် ကခုန်တဲ့အခါ ခန္ဓာကိုယ်အတွင်းသားတွေ မပေါ်နိုင်တဲ့ ဝတ်စုံကိုသာ လုံခုံခြုံခြုံဝတ် သင့်ပါတယ်။
ကောင်လေးတွေကတော့ တီရှပ်နဲ့ ဂျင်းဘောင်းဘီဆိုရင် အဆင်ပြေပါတယ်။ သပ်ရပ်ပြီး ကြည့်ကောင်းတဲ့ အသွင် ရနေဖို့ ခေါင်းကို သေချာဖြီးထားပြီး ဂျဲလ်လိမ်းကာ မုတ်ဆိတ်မွေးတွေကိုတော့ ရိတ်ထားဖို့ လိုပါတယ်။
ကခုန်တဲ့အခါ အရေးကြီးဆုံး အချက်ကတော့ စီးတဲ့ဖိနပ်ကို သတိထားဖို့ပါ။ ဖိနပ်က လှဖို့ထက် သက်သောင့်သက်သာရှိပြီး အချိန်ကြာကြာ စီးထားရ အဆင်ဖြေဖို့ ပိုအရေးကြီးပါတယ်။ ဒေါက်ချွန်ဖိနပ်တွေနဲ့ သက်သောင့်သက်သာ ရှိရှိမနေတတ်ရင် ရှူးဖိနပ် ဒါမှမဟုတ် ဒေါက်နိမ့်ဖိနပ်ကိုသာ စီးပါ။
နောက်ထပ် အရေးကြီးဆုံး သတိထားသင့်တဲ့ အချက်ကတော့အနံ့နဲ့ပတ်သက်ပါတယ်။ ခံတွင်းနံ့နဲ့ ကိုယ်နံ့ကင်းနေအောင် ဂရုစိုက်ဖို့ပါ။ အဲဒီအနံ့တွေရှိနေရင် ဘေးပတ်ဝန်းကျင်က လူတွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် သင့်အိတ်ထဲမှာ ပူရှိန်း (Mint) နဲ့ ရေမွှေးတော့ ဆောင်ထားသင့်ပါတယ်။

ဓာတ်ပုံရိုက်တိုင်း ကြည့်ကောင်းရန်

ဓာတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းလိုကြတာ သဘာဝပါပဲ။ အထူးသဖြင့် အဖွဲ့လိုက်ရိုက်တဲ့ ဓာတ်ပုံတွေထဲမှာဆိုရင် ကိုယ့်ပုံက သိသိသာသာ ထင်ရှားလှပနေဖို့ မိန်းကလေး တိုင်းလိုလို  အားထုတ်တတ်ကြပါတယ်။ ဓာတ်ပုံရိုက်တိုင်းလှဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ အဝတ်အစား၊ ဆံပင်နဲ့ မိတ်ကပ်အပြင်အဆင်၊ ဖိနပ်၊ လက်ဝတ်လက်စား၊ ဟန်ပန် စတာတွေ အားလုံး လိုက်လျောညီထွေရှိရှိ အဆင်ပြေနေမှသာ ဓာတ်ပုံထဲမှာ ကြည့်ကောင်းနေမှာပါ။ ဒါကြောင့် ဓာတ်ပုံရိုက်တိုင်း ကြည့်ကောင်းနေစေဖို့ သိသင့်တဲ့ အချက်တွေကို အကြံပြုလိုက် ပါတယ်။

အဆင့် (၁) အတွင်းခံအဝတ်အစား ဝတ်ဆင်တဲ့အခါ အသားရောင်လို မှိန်ဖျော့တဲ့အရာင်ကို ဝတ်ဆင်ပါ။ အသားရောင် ဘရာစီယာနဲ့ ဘောင်းဘီတွေဟာ အဝတ်အစားဝတ်ဆင်ပြီးတဲ့အခါ ဘရာစီယာနဲ့ ဘောင်းဘီလိုင်းရာတွေ ပေါ်နေတာမျိုး အတိုင်းသား ထင်းနေတာမျိုးတွေကို မဖြစ်စေပါဘူး။
အဆင့် (၂) ဓာတ်ပုံရိုက်တဲ့အခါ ဝတ်ဆင်မယ့် ဝတ်စုံကို အစမ်းဝတ်ကြည့်ပါ။ မိုးပြာရောင်နဲ့ အနက်ရောင် ဂျင်းဘောင်းဘီအတို၊ အရှည်၊ စကတ်၊ စတော့ကင် ခြေအိတ်ရှည် စတာတွေက ဘယ်အင်္ကျီအရောင်နဲ့မဆို လိုက်ဖက်ပါတယ်။ သင်ဝတ်မယ့် ဝတ်စုံက အထက်အောက် အဆင်မပြေဘူးထင်ရင် တွဲဝတ်နိုင်အောင် ဆောင်ထားသင့်တာတွေပါ။
အဆင့် (၃) ဓာတ်ပုံရိုက်တဲ့အခါ ဝတ်စုံကို အစမ်းဝတ်ကြည့်ရင်း မှန်ရှေ့မှာ စတိုင်ထုတ်ကြည့်ပါ။ အဓိကကတော့ ဘယ်လိုပြုံးရင် အလှဆုံးဖြစ်မလဲဆိုတာကို မှန်ရှေ့မှာ လေ့ကျင့်ပေးပါ။ ဓာတ်ပုံထဲမှာ ပြုံးပြုံးလေးနဲ့ ကြည့်ကောင်းနေယင် ယင်းဓာတ်ပုံ ကြည့်မိသူတိုင်းကိုပါ အလိုလို စိတ်ချမ်းသာစေနိုင်ပါတယ်။
အဆင့် (၄) လက်ဝတ်တန်ဆာ ဝတ်ဆင်တဲ့အခါ ဖန်စီပဲဖြစ်ဖြစ်၊ တန်ဖိုးရှိတာတွေပဲဖြစ်ဖြစ် အနည်းငယ်ပဲ ဝတ်သင့်ပါတယ်။ နားဆွဲ၊ လည်ဆွဲ၊ လက်ကောက်စတာတွေက ရိုးရိုးစင်းစင်းနဲ့ သေးသေးလေးတွေဆိုရင်တော့ ကြည့်ကောင်းပါတယ်။ နားပေါက် ဖောက်ထားလျက်နဲ့ နားဆွဲ၊ နားကပ်.. ဘာမှ မဝတ်ဆင်ထားရင်၊ ဆံပင်ကလည်း နားကို ဖုံးကွယ်မထားဘူးဆိုရင်တော့ ဘယ်လိုမှ ကြည့်မကောင်းနိုင်ပါဘူး။
အဆင့် (၅) သင်ဝတ်တဲ့ ဝတ်စုံနဲ့ လိုက်ဖက်နိုင်တဲ့ ဖိနပ်မျိုးကိုသာ ရွေးချယ်စီးပါ။ ရေကူးကန်ဘေးမှာ ရေကူးဝတ်စုံနဲ့ ရိုက်ရင်တော့ ခြေဗလာပဲ ဖြစ်သင့်ပါတယ်။ ဂျင်းဘောင်းဘီ၊ စတိုင်ဘောင်းဘီနဲ့ စကတ်တိုတွေ ဝတ်ထားရင်တော့ ဒေါက်ချွန်ဖိနပ်၊ ဘွတ်ဖိနပ်၊ ကြိုးသိုင်းဖိနပ် စတာတွေကို စီးသင့်ပါတယ်။

သင့်ကို ပိုမိုသားနားတောက်ပသွားစေမည့် တစ်မိနစ် နည်းလမ်းများ

လက်သည်းတွေကို ပြုပြင်ဖို့၊ ဆံပင်ကို ပုံသွင်းဖို့၊ ဖောင်ဒေးရှင်းမိတ်ကပ်လိမ်းဖို့နဲ့ Concelar လိမ်းဖို့ အချိန်မပေးနိုင်ဘူးလား။ အလုပ်ချိန်မီအောင် ပြင်ဆင်နေရတာကြောင့် အလုပ်များနေတဲ့ နံနက်ခင်းမှာ အချိန် များများ ပေးပြီး ကိုယ့်ကိုယ်ကို မပြုပြင် နိုင်တာ သဘာဝကျပါတယ်။ ဒါကြောင့် အချိန်ကုန်သက်သာပြီး သင့်ကို ပိုမိုကြော့ရှင်း လှပလာစေမယ့် နည်းလမ်း ကောင်းတွေကို အကြံပြုလိုက်ပါတယ်။

ဆံခြည်မျှင်တွေ တောက်ပအောင်
ဆံကေသာ တစ်နေ့လုံးတောက်ပနေအောင် ဆံပင်ဖျန်း စပရေးဖျန်းပြီး Serum အရည်ကြည် လိမ်းပေးပါ။ ဒါဟာ ဆံပင်သားချောမွေ့စေပြီး ဆံပင်အဖျားတွေ နှစ်ခွမကွဲအောင် ကာကွယ်ပေးပါတယ်။ လက်ဖဝါးထဲကို Serum အရည်ကြည် နှစ်စက်လောက်ထည့်ပြီး ဆံပင်အဖျားတွေနဲ့ ကြမ်းတမ်းတဲ့နေရာတွေမှာ လိမ်းပေးပါ။
မျက်တောင်ကော့ညွတ်နေအောင်
မျက်တောင်ကော့ကိရိယာနဲ့ မျက်တောင်တွေကို ၁၀ စက္ကန့်လောက် ကော့ပေးပြီး မက်စကာရာ (Mascara) ဆိုးပေးပါ။
နှုတ်ခမ်းအလှ ပေါ်လွင်အောင်
နှုတ်ခမ်းဆိုးဆေး ဒါမှမဟုတ် နှုတ်ခမ်းဆိုးဆေးအဆီကို အချိန်ကြာကြာ ဆိုးပေးပါ။ အခုလို ဆောင်းရာသီမှာ နှုတ်ခမ်းကွဲချင်သလိုလို ခံစားနေရရင် နှုတ်ခမ်းဆိုးဆေးအဆီကြည်ကို ထပ်ဆိုးပေးပါ။
မျက်လုံးတောက်ပနေအောင်
မျက်လုံးပေါ်ကို ဝတ်မယ့်အဝတ်အစားနဲ့ လိုက်ဖက်တဲ့ အိုင်းရှဲဒိုးအရောင် ခြယ်သပေးပါ။ အိုင်းရှဲဒိုးတောက်တောက်လေး ခြယ်သပေးရင် အလုပ်မှာ ပင်ပန်းနေရင်တောင် လန်းဆန်းတဲ့အသွင် ဖြစ်နေစေပါတယ်။
ဆံပင်တွေ သပ်ရပ်နေအောင်
အလွယ်ကူဆုံးနဲ့ စမတ်အကျဆုံး ဆံထုံး ထုံးလိုက်ပါ။ ကိုယ့်လုပ်ငန်းခွင်မှာ အလုပ်နဲ့ ရာထူးအပေါ်မူတည်ပြီး စမတ်ကျကျနဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်စေမယ့် ဆံပင်ပုံကို ပြုလုပ်ပါ။
အသားအရေ ကြည်လင်နေအောင်
မျက်နှာက အိပ်ရေးဝပြီး ကြည်ကြည်လင်လင်ဖြစ်နေအောင် ပန်းရောင်မျက်လုံးဆွဲ ခဲတံတစ်ချောင်းနဲ့ အောက်မျက်တောင်စပ်တစ်လျှောက် ဆွဲလိုက်ပါ။ ပြီးရင် မိတ်ကပ်မလိမ်းခင် ဖောင်ဒေးရှင်းခရင်မ်ကို လိမ်းပေးပါ။

Mar 16, 2011

shwarzkopf product လေးတွေ

စတိုးဆိုင်(သာလှ) ကိုသွားရင်း စားပွဲလေးပေါ်မှာ shwarzkopf လေးတွေတင်ရောင်းတဲ့ နေရာကနေ ဘာမှမ၀ယ်ပဲ လက်ကမ်းစာဆောင် အလကားတောင်းလာတာ။

Mar 15, 2011

နုပျိုလန်းဆန်း တဲ့ အကြည့်

အမျိုးသမီးနဲ့ အမျိုးသား အများစုဟာ အသက် ၄၈-၅၀ ဝန်းကျင် ရောက်တဲ့အခါ သူတို့ရဲ့ နဖူး၊ မျက်လုံး၊ နှာတံ၊ ပါးရိုးနဲ့ နှုတ်ခမ်းထောင့်စွန်းတစ်ဝိုက်မှာ အရေးအကြောင်း၊ အတွန့်အလိပ်တွေ ဖြစ်ပေါ် လာတတ်ပါတယ်။ အဲဒီလိုအိတွဲ ကျမှုတွေကို ကြည့်ပြီး ထိုသူရဲ့ အသက်ကို ခန့်မှန်းနိုင်ပါတယ်။ မိမိကိုယ်ကို မှန်ထဲမှာကြည့်လိုက်တဲ့ အခါမှာလည်း မျက်လုံးတစ်ဝိုက် အရေပြားတွေက အရေးအကြောင်း ထင်နေပြီး မျက်ကွင်းတွေလည်း ညိုနေတာကြောင့် "ငါတော်တော် အိုနေပြီ" လို့ မှတ်ချက်ချမိမှာ ဖြစ်ပါတယ်။ အဲဒီလို စိတ်မသက် မသာဖြစ်မှုမှ ကင်းဝေးပြီး မျက်လုံးတွေ နုပျိုလန်းဆန်းဖို့အတွက် အရေပြားဆိုင်ရာ ကျွမ်းကျင်သူများက အောက်ပါအတိုင်း အကြံဉာဏ် ပေးထားပါတယ်။ ကဲ...သူတို့ရဲ့ အကြံဉာဏ်များကို လိုက်နာကြည့်လိုက်ရအောင်...

(၁) လက်သူကြွယ်သုံးပြီး နှိပ်နယ်ပါ

ဘာကြောင့် လက်ညှိုးထက် လက်သူကြွယ်ကို အသုံးပြုပြီး နှိပ်နယ် သင့်တာလဲဆိုရင် လက်သူကြွယ်က အားပိုပျော့လို့ဖြစ်တယ်။ မျက်စိတစ်ဝိုက် အရေးအကြောင်း အတွန့်အလိပ် တွေကို လက်သူကြွယ်လေးသုံးပြီး ခပ်ဖွဖွလေး နှိပ်နယ်ပေးခြင်းအားဖြင့် အဲဒီနားက ကြွက်သားတွေကို ဆွဲဆန့်  ပေးနိုင်ပါတယ်။ မျက်လုံး အတွင်းတွင် အောက်ခံ အရိုးမရှိတဲ့အတွက် လက်ညှိုးနဲ့ အားရပါးရ နှိပ်နယ်ခြင်း မပြုလုပ်သင့်ပါဘူး။ အားပျော့တဲ့ လက်သူကြွယ်လေးနဲ့ နေ့စဉ် ခပ်ဖွဖွ နှိပ်ပေးခြင်းဖြင့် မျက်လုံးတစ်ဝိုက်မှာ သွေးလှည့်ပတ်မှု ပိုကောင်းလာစေ သလို လင့်ပြန်ရည်ကြောမှ လင့်ရည် တွေ စီးဆင်းမှု နှေးကွေးနေတာကို လည်း ပိုပြီးကောင်းမွန်စေတဲ့ အတွက် မျက်ကွင်းညိုခြင်း၊ မျက်ခွံတွဲကျ ခြင်းနှင့် မျက်ခွံ မို့မောက်ခြင်းတို့ကို သိသာစွာ လျော့ကျလာတယ်။ Eye Cream သို့မဟုတ် Eye Contour ခရင်မ်လေးတွေပါ လိမ်းပေးပါကပိုမို သိသာလာမှာဖြစ်ပါတယ်။

(၂) ပက်လက်အိပ်ပါ

ဘာဖြစ်လို့လဲ။ ဘေးစောင်းအိပ် ရင် ဒါမှမဟုတ် မှောက်အိပ်ရင် မျက်နှာပေါ်ကို ဦးခေါင်း၏ ဖိအားက ခေါင်းအုံး နဲ့ မျက်နှာချင်းဆိုင် ညှပ်ဖိထား သလိုဖြစ်ပြီး မျက်လုံးပတ်လည် တစ်ဝိုက်မှာ မို့အစ်လာစေသလို အရေးအကြောင်းလည်း ပိုများစေနိုင်ပါတယ်။  ပက်လက်အိပ်တဲ့အခါ မျက်နှာကအပေါ် ဘက်မှာရှိနေတော့ မျက်လုံးတစ်ဝိုက်မှာ အရည်တွေက (မှောက်အိပ်သလို) မစုစေတော့ပါ။

(၃) သခွားသီးအကွင်းလိုက်လှီး ဒါမှ  မဟုတ် အာလူးအခွံသင်၍ ပါးပါးလှီးပြီးကပ်ပေးပါ

ဘာဖြစ်လို့လဲဆိုတော့ အာလူးက အရောင်အရမ်း လျော့စေလို့ပါပဲ။ မျက်နှာမှာ ဝက်ခြံပေါက်လို့ ဒါမှမဟုတ် မျက်နှာအသားအရေ နီရဲတတ်တဲ့ သူတွေမှာ အာလူးအကွင်း လေးတွေ ကပ်ခြင်းဖြင့် နီရဲတာ ပျောက်စေသလို ကသိကအောက် ဖြစ်စေတာလည်း သက်သာစေပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတော့ အာလူးကိုအခွံသင်ပြီး အကွင်းလိုက် လှီးပါ။ ပြီးရင် ဖောင်းအိနေတဲ့ မျက်ခွံတွေပေါ် အကွင်းလိုက် ၁၅ မိနစ်ခန့် တင်ထားပါ။ ဒါမှမဟုတ်ရင်လည်း မျက်နှာပြင်အနှံ့ တင်ပေးနိုင်ပါတယ်။ သခွားသီးဖြင့်လည်း အထက်ပါနည်း အတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။

Mar 12, 2011

ခန္ဓာကိုယ်ပုံစံနဲ့ အချိုးအစားကျနတဲ့ ဝတ်စုံရစေဖို့

H ပုံစံ ခန္ဓာကိုယ်
ပခုံး၊ တင်ပါးနဲ့ ခါးနေရာတွေက ကောက်ကြောင်းမရှိဘဲ တစ်ဖြောင့်တည်း သွားတဲ့ပုံစံပါ။ ပိန်သွယ်တဲ့သူတွေဟာ အများအားဖြင့် ဒီလို (H) ပုံစံခန္ဓာကိုယ် ရှိကြပါတယ်။
ဒီလိုခန္ဓာကိုယ်တွေအတွက် တစ်ဖြောင့် တည်းရှည်တဲ့ ဂါဝန်၊ အင်္ကျီရှည်တွေမှာ ခါးပတ်ဝတ်ဆင်တာမျိုးဟာ သင့်ခါးကို ပေါ်လွင်စေမှာပါ။
A ပုံစံ ခန္ဓာကိုယ်
ဒီခန္ဓာကိုယ်က တင်ပါးနေရာကကြီးပြီး လက်မောင်းနဲ့ ရင်ဘတ်နေရာနားက သေးတဲ့ ခန္ဓာကိုယ်ပါ။ ဒီခန္ဓာကိုယ်တွေက အရောင် တောက်တောက်အဝတ်အစားတွေနဲ့ လိုက်ဖက်ပြီး အပေါ်ဘက်ပခုံးနေရာနားမှာ အပွင့်တွေ၊ အဖတ်တွေပါတဲ့ အင်္ကျီမျိုးကို ရွေးပါ။
V ပုံစံ ခန္ဓာကိုယ်
ဒါကတော့ A ပုံစံခန္ဓာကိုယ်နဲ့ ဆန့်ကျင်ဘက်ပါ။ သင့်ခါး၊ တင်ပါးနဲ့ ပေါင်တံတွေ သေးသွယ်သူတွေပါပဲ။ ဒီလို ခန္ဓာကိုယ်တွေအတွက်ကတော့ စတိုင်ပန်လိုမျိုး ဘောင်းဘီအရှည်အဖြောင့်ကို ဝတ်ဆင်ပါ။ အောက်ရှူးဘောင်းဘီတွေကို တတ်နိုင်သလောက် ရှောင်ပါ။
O ပုံစံ ခန္ဓာကိုယ်
ဒီခန္ဓာကိုယ်ကတော့ သင့်ခါးနဲ့ တင်ပါးနေရာကသိသိသာသာ ဝနေတာမျိုးပါ။ ဒီခန္ဓာကိုယ်အတွက် ကန့်လန့်စင်းဝတ်စုံတွေနဲ့ ကိုယ်ကျပ်ဝတ်စုံတွေကို ရှောင်ပါ။ ဒေါင်လိုက်စင်းပါတဲ့ ဝတ်စုံတွေကိုသာ ဝတ်ဆင်ပါ။
X နဲ့ S ပုံစံ ခန္ဓာကိုယ်
ခါးသေးရင်ချီပြီး ကောက်ကြောင်းပေါ်လွင်တဲ့ အလှပိုင်ရှင်ပါ။ ဒီခန္ဓာကိုယ်ပိုင်ရှင်တွေက ဘယ်အဝတ်အစားမဆို လှပပေမယ့် ခန္ဓာကိုယ်အနေအထားနဲ့ ညီမျှတဲ့ ဝတ်စုံတော့ ဖြစ်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်မှာ ကွက်တိ ကျနေဖို့လိုပြီး ခါးနဲ့တင်နေရာမှာ ဒေါက်ထည့်ပြီး ဝတ်ဆင်ပေးပါ။

Feb 28, 2011

အကုန်ကျသက်သာ မြန်ဆန်စွာ လှနည်းအသွယ်သွယ်သုံးကြမယ်

လက်ဖ၀ါးတွေကြမ်းနေရင်


လိုအပ်တာ

- ငှက်ပျောသီး မှည့်မှည့်တစ်လုံး
- ထောပတ်သီး လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဘယ်လိုလုပ်မလဲ

ငှက်ပျောသီး အခွံခွာပြီးထောပတ်နဲ့ ရောချေပါ။ ပြီးရင် ကြမ်းနေတဲ့ လက်ဖ၀ါးကို ပွတ်လိမ်းပါ။ ၁၀ မိနစ်လောက်လိမ်းထားပြီး ရေနွေးနွေးနဲ့ ဆေးပါ။

ဘာတွေဖြစ်စေသလဲ

ငှက်ပျောသီးနဲ့ ထောပတ်ထဲက ဗီတာမင်နဲ့ သတ္တုဓါတ်တွေက လက်ဖ၀ါးရဲ့ ကြမ်းနေမှုကို လျော့ပါးပျောက်ကင်းစေတယ်။

ငှက်ပျောသီး + ထောပတ်

ဒီအရောနှောကို လိမ်းဖန်များရင် လက်မှာလက်အိတ်စွပ်ထားသလို အသားတက်လာပြီး အဆီပြန်ကာ ရေဓါတ် ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။


ခြေဖ၀ါး ခြောက်တာကွဲတာ


လိုအပ်တာ

- စတော်ဘယ်ရီသီး ၈ လုံးကို သာသာချေထားမယ်။
- ဆား ၃ ဇွန်း၊
- သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဘယ်လိုလုပ်မလဲ

- စတော်ဘယ်ရီ၊ ဆားနဲ့  သံလွင်ဆီတွေကို ခွက်တစ်ခုမှာ ရောထည့်ပါ။ မွှေပါ။ ပြီးရင် အဲဒီအရောနဲ့ ခြေထောက်ကို လိမ်းပြီး နှိပ်နှယ်ပေးပါ။ ပြီးရင် ရေဆေးပြီး ခြောက်သွေ့ အောင်သုတ်ပေးရပါမယ်။

ဘာတွေဖြစ်စေသလဲ

လတ်ဆတ်တဲ့ သစ်သီးနဲ့ ချောမွတ်တဲ့ဆီ အရောအနှောက နုပျိုအားကောင်းတဲ့ ဆဲလ်တွေဖြစ်ပေါ်စေတယ်။

စတော်ဘယ်ရီခြေလိမ်းဆီ

ဗီတာမင်တွေ ကြွယ်ဝလှတဲ့ ဒီအရောဆီက နူးညံ့မှုကို အာပေးတယ်။ လိမ်းဖန်မျာရင် သင့်ခြေထောက်ကို လှည့်ကြည့်စရာ မလိုအောင် လှနေလိမ့်မယ်။


အရေပြားခြောက်သွေ့ တဲ့အခါ


လိုအပ်တာ

- ထောပတ်သီး ၁ လုံး
- ဒိန်ချဉ်သက်သက် ၂ ဇွန်း
- လီမွန်အရည် ၁ ဇွန်းခွဲ
- ပျားရည် ၁ ဇွန်း။

ဘယ်လိုလုပ်မလဲ

- အားလုံးကြေညက်အောင် ရောမွှေပါ။
- မိနစ်၃၀လောက် နှပ်ထားပါ။
- ခြောက်သွေ့ တဲ့ မျက်နှာအရေပြားပေါ်မှာ ၁၀ မိနစ်လောက် လိမ်းထားပါ။ ပြီးရင် ရေအေးနဲ့  ဆေးပါ။ ပ၀ါသန့့် သန့် နဲ့ သုတ်ပါ။

ဘာတွေဖြစ်စေသလဲ

ပရိုတင်းဓါတ် ကြွယ်ဝပြီး ဖက်တီးအက်ဆစ် ပါဝင်နှုန်းမြင့်တဲ့ ထောပတတ်သီးက အရေပြားကို ရေဓါတ်ထိန်းပေးလိမ့်မယ်။ လူကို နုပျိုစေတယ်။ အရေပြားမှာ တဖြည်းဖြည်း အစိုဓါတ် ရလာစေမယ်။

ထောပတ်သီး + ဒိန်ချဉ်

ရေဓါတ်နည်းသူ၊ အသားအရေခြောက်သွေ့ သူတွေအတွက် အထူးသင့်လျော်တဲ့ ပစ္စည်းပါ။


ဆံပင်သားကြမ်းသူ၊ ဆံပင်မသန်သူ

လိုအပ်တာ

-ငှက်ပျောသီး ၁ လုံး၊
-မရိုးနစ် ၃ ဇွန်း၊
-သံလွင်ဆီ ၁ ဇွန်းခွဲ၊

ဘယ်လိုလုပ်မလဲ

ငှက်ပျောသီးကို ကျေအောင်ချေပါ။ မရိုးနစ်နဲ့သံလွင်ဆီကိုထည့်ပြီး ခရင်မ်ဖြစ်အောင် မွှေပေးပါ။
ရရင် ဆံပင်မှာ လိမ်းထားပြီးခဏအ၀တ်နဲ့ပတ်ထားပါ။ နာရီဝက်လောက်ကြာရင် ခေါင်းကို ခေါင်းလျှော်ရည်နဲ့လျှော်ပါ။

ဘာတွေဖြစ်စေသလဲ

ဒီပစ္စည်းထဲမှာပါတဲ့ ဗီတာမင် A နှင့် ပိုတက်စီယမ်ဓါတ်က ဆံပင်အတွက် အံ့သြလောက်အောင်စွမ်းတာ တွေ့ရပါမယ်..။

ငှက်ပျောသီးအဖုံးအကာ

ဆံပင်အတွက်ကတော့ ဒီပစ္စည်းက တောက်ပစေတာရော အားကောင်းစေတာရော အသေအချပါ။


လက်သည်းဝါတာပျောက်ဖို့

လိုအပ်တာ

- သံလွင်ဆီ ၅ ကျပ်သားခန့်၊
- လီမွန်ရည် ၅ ကျပ်သားခန့်၊

ဘယ်လိုလုပ်မလဲ

လက်သည်းကို ဆီခွက်ထဲမှာ ခဏစိမ်ထားပါ။ ပြီးရင် လက်သည်းကို တံစည်းနဲ့ ပုံဖော်ပါ။ လီမွန်ရည်ကို လက်သည်းက သံလွင်ဆီပြောင်အောင်ဆေးချဖို့ သုံးပါ။

လက်သည်းဖြူနည်း

- သံလွင်ဆီက ၀ါညစ်နေတာတွေ ပျောက်စေတယ်။
- လီမွန်ရည်က လက်သည်းကို အရောင်တောက်စေပါတယ်။

ဘာတွေဖြစ်စေသလဲ

- သံလွင်ဆီနဲ့ လီမွန်ရည်အတွဲက လက်သည်းကိုအဖြေအထိ သန့်စင်ဖြူဖွေးသွားစေပါတယ်။

အလှအပဆိုင်ရာ သိသင့်သိထိုက်သော အချက်များနှင့် အကြံပြုချက်များ


ခေါင်းမှာ ဆံပင်ပုံသွင်းဆေးတို့၊ အလှဆီတို့လိမ်းထားတဲ့အခါမှာ ဆံပင်ကောက်တံကို သိပ်မသုံးပါနဲ့ ၊ ဆံပင်တွေ ကပ်တတ်ပါတယ်။ ဆံပင် အပူလောက်စေတဲ့ flat iron တွေကိုလည်း မသုံးဘူးလို့ J.Lo ရဲ့ hairstylist Oribe က ပြောပါတယ်။


ဆားဝက်ခြံတွေ အတွက်ကတော့ ကြက်ဥ အကာထဲမှာ Cotton Pad နှစ်ပြီး အဲဒီ cotton pad ကိုဆာားဝက်ခြံပေါ်မှာ အုပ်ထားပါ။ ကြက်ဥအကာရည် ခြောက်သွားရင် ပြန်ခွာထုတ်လိုက်ပါ။ ဒီလိုမျိုးနှစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် ချွေးပေါက်တွေ ပိတ်နေတဲ့အခါတိုင်းမှာ လုပ်ပေးပါ။



မိမိမျက်တောင်မွှေးတွေကို Vaseline လိမ်းပေးပါ။ တစ်နှစ်လောက် လိမ်းပေးပြီးရင်တော့ မျက်တောင်မွှေးတွေ ရှည်ထွက်လာတာကိုတွေ့ပါလိမ့်မယ်။



ဆံပင်အုံထူစေချင်ရင် မိမိရဲ့ဆံပင် ခွဲကြောင်းကို မကြာခဏပြောင်းပေးဖို့ပါပဲ။ နောက်ပြီး ဆံပင်ကို ခြောက်သွေ့အောင် လေမှုတ်တဲ့အခါ ခေါင်းကိုငိုက်ထားပြီး ခေါင်းနောက် ကနေလေမှုတ်ပေးပါ။




ဆံပင်တွေ ရှင်းသန့်တောက်ပြောင်စေချင်ရင် ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း နဲ့ ခေါင်းလျှော်ရည် ၂ ကော်စာကို လက်ဖ၀ါးပေါ်မှာ ရောပြီး အမြှုပ်ထွက်လာတဲ့အထိ ခေါင်းမှာပွတ်လိမ်းပါ။ ဆံပင်သားထူးထူးခြားခြား တောက်ပြောင်လာပါလိမ့်မယ်။




ဈေးကြီးတဲ့ အင်္ကျီနဲ့ ပိုက်ဆံအိတ်တွေကို ၀ယ်ပြီးငွေဖြုန်းမယ့်အစား လူတွေအရင်ဆုံးတွေ့မြင်နေတဲ့ မိမိရဲ့ အသားအရေအတွက် အရည်အသွေးကောင်းတဲ့ အရေပြား ထိန်းသိမ်းဆေးတွေသာ ၀ယ်လိုက်ပါလို့ SKII training manager Angeline Yap ကဆိုပါတယ်
 


ရုပ်ရှင်မင်းသမီး စကားလက်ဂျိုဟန်ဆင်ကတော့ တခြားဟာတွေ မလိုချင်ဘူး အသားအရေအတွက် အလှဆီနဲ့ နှုတ်ခမ်းနီ အနီရောင်ပဲလိုချင်ပါသတဲ့၊ သူစိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အခါမျိုးမှာ နှုတ်ခမ်းနီ အနီရောင်ဆိုးလိုက်ရင် နေသာထိုင်သာရှိသွားပြီး လူလည်းပိုကြည့်ကောင်းလာသတဲ့။



ဝက်ခြံနီရဲနေရင် မျက်စဉ်းဆေးကို ဂွမ်းစပေါ်မှာ အစက်ချပြီး အဲဒီဝါဂွမ်းစကို ၀က်ခြံပေါ်မှာ ၁၀စက္ကန့် ၁၅ စက္ကန့်လောက်ဖိထားပေးပါ။ မကြာခင် ၀က်ခြံနီရဲနေတာ အရောင်ကျသွားပါလိမ့်မယ်။




ခြောက်သွေ့တဲ့နှုတ်ခမ်းတွေအတွက် Vaseline နဲ့ပျားရည် အရောအနှောကို နှုတ်ခမ်းမှာ လိမ်းပေးပါတဲ့။ တစ်ပတ်ကို သုံးကြိမ်လောက် လိမ်းပေးရင် နှုတ်ခမ်းတွေ အက်ကွဲ ခြောက်သွေ့တာကို ကာကွယ်နိုင်ပါတယ်။



နှုတ်ခမ်းပေါ်က ခြောက်သွေ့နေတဲ့ အဖတ်ကို ခွာချဖို့ မကြိုးစားပါနဲ့ ။ ဒဏ်ရာဖြစ်တတ်ပါတယ်။ အကောင်းဆုံးက အ၀တ်စသန့်သန့်နဲ့ ပွတ်တိုက်ပေးပါ။



ဆံပင်တွေရှုပ်ထွေးနေတာကို ပြေပျောက်စေပြီး ရွှ့န်းလဲ့တောက်ပြောင်စေချငရင် ဒန်ခွက်တစ်ခွက်ထဲမှာ သံပုရာသီး ၂လုံးစာ အရည်ညှစ်ထည့်းပြီး ရေနွေးရောပါ။ ခေါင်းလျှော်ပြီးတဲ့အခါ ဒီသံပုရာရည်နွေးနွေးကို ခေါင်းပေါ်လောင်းချပါ။ ပြီးရင် ဘီးနဲ့ဖီးပြီးရေလောင်းချပါ။
 

အစားအသောက်ကလည်း အလှအပမှာ တစ်ခန်းတစ်ကဏ္ဍကပါဝင်ပါတယ်။ မျက်နှာပေါ်မှာ အစက်ပြောက်တွေ မြန်မြန်ပျောက်ချင်ရင်တော့ ပုဇွန်ဟင်းက အကောင်းဆုံးပါတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပုဇွန်မှာ ဇင့်သတ္တုဓါတ် အများဆုံးပါဝင်တယလေ။ ဇင့်က အသားအရေ ရောင်ရမ်းခြင်းကို လျော့ပါးစေတယ်။ ကိုယ်ခံအားကောင်းစေတဲ့အပြင် အသားအရေပေါ်က အစက်အပြောက်ကို စဖြစ်တဲ့ နေရာမှာတင် ရပ်တန့်စေပါတယ်။




အိပ်ယာမ၀င်ခင် ၃နာရီလောက်အတွင်းမှာ ကဖင်းဓါတ်ပါတဲ့အရည်နဲ့ အရက်ကို မသောက်သုံးသင့်ပါဘူး။ အိပ်တဲ့အခါမှာလည်း ခေါင်းအုံးမြင့်မြင့်ကြီးကိုအုံးပါ။ ဒါမှနိုးလာတဲ့အခါ မျက်လုံးမို့ဖောင်းဖောင်းကြီးဖြစ်မနေမှာပါ။




ဖန်ခွက်သောက်ပါ။အချိုကြိုက်ခြင်းဟာ အိုမင်းရင့်ရော်ခြင်းကို မြန်မြန်ဖြစ်စေပါတယ်။ အချိုဓါတ်ကို အာသာပြင်းပြတာကို ထိန်းချုပ်ဟန့်တားဖို့အတွက် အဆီမပါတဲ့အသားစားပေးပြီး ပရိုတင်းနဲ့ အမျှင်သော ဟင်းသီးဟင်းရွက်နှင့် တစ်နေ့ကို ရေရှစ်ဖန်ခွက်လောက် သောက်သင့်ပါတယ်။



မျက်ခုံးမွှေးတိညှိထားတာ သေးမျှင်နေတယ်လို့ ထင်ပေမယ့်၊ ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ အရေးကြီးတာက သပ်သပ်ရပ်ရပ်နဲ့ နက်မှောင်နေဖို့ပါပဲ။ ပြီးတော့ မျက်ခုံးမွှေးဆွဲရတာလည်း လွယ်တယ်လေ။
 





မိမိတို့ရဲ့ မျက်နှာကလေး ပိုပြီးနုပျိုလာအောင် အနည်းဆုံး တစ်ပတ်တစ်ခါ လောက် facial လုပ်ပေးသင့်ပါတယ်။ လုပ်ရမှာကတော့ မျက်နှာသန့်စင်မယ်၊ ချီးချွတ်မယ်၊ ပေါင်းတင်မယ်၊ ပြီးရင် အစိုဓါတ်ထိန်း moisturiser လေးလိမ်းပေးရုံပါပဲ။





မျက်နှာမှာ သုံးပြီးတဲ့ ပေါင်းတင်ဆေးကပ်ခွာ mask မှာ အာနိသင်တွေ ကျန်နေပါသေးတယ်။ အဲဒီ mask တွေကို လွှင့်မပစ်သေးဘဲ ခြေထောက်နဲ့ လက်တွေမှာ အသုံးပြုနိုင်ပါတယ်။



အသားအရေဟာ ဆီပြန်တဲ့အသားအရေ ဖြစ်ပေမယ့် နေ့တိုင်းညတိုင်း Moisturiser လိမ်းပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသားအရေပေါ်က အစိုဓါတ်ဟာ နာရီနဲ့အမျှ ခန်းခြောက်တတ်လို့ပါ။



တစ်နေကုန် မောပန်းနွမ်းနယ်နေတဲ့အခါ မိမိရုပ်ရည်က အကျည်းတန်အရုပ်ဆိုးနေသလို ခံစားရတတ်တယ်။ အဲဒီလိုဖြစ်ရင် လန်းဆန်း လတ်ဆတ်စေပြီး အစိုဓါတ်ပါတဲ့ Mask လိမ်းပြီး တစ်မှေးလောက်အိပ်လိုက်ပါ။ အိပ်ရာကနိုးလာရင်တော့ မိမိရဲ့ အသားအရေက ရွှန်းစိုဝင်းပလာပါလိမ့်မယ်။


1. မိမိအနေနဲ့ ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်နေပါစေ ညအိပ်ရာဝင်ရင်တော့ လိမ်းထားတဲ့ မိတ်ကပ်ကို ဖျက်ဖြစ်အောင် ဖျက်ပစ်သင့်ပါတယ်။ မှဲ့ခြောက်နဲ့ ချွေးပေါက်တွေ ပိတ်နေတဲ့ အသားအရေဟာ ဘယ်တော့မှ စိုပြေလှပမှာ မဟုတ်ပါဘူး ။

2. လိမ်းထားတဲ့ မိတ်ကပ်ကို တစ်နေကုန်တာနဲ့ ဖျက်ပစ်မယ်ဆိုရင် ဘယ်တော့မှ ချွေးပေါက်ဆို့တာမျိုး ဖြစ်မှာမဟုတ်ဘူး..။ သာမန် မျက်နှာသစ် သန့်စင်ရုံမဟုတ်ဘဲ မိတ်ကပ်ဖျက်ဆေးရည်ကို သုံးပြီး မျက်နှာပေါ်နဲ့ မျက်လုံးတစ်ဝိုက်ကို အဓိကထားပြီး သန့်စင်သင့်ပါတယ်။

3. မျက်နှာပေါ်မှာရှိတဲ့ ၀က်ခြံသေးငယ်သွားအောင် လုပ်ချင်ရင် ရေခဲတုံးကို အ၀တ်သန့်သန့်နဲ့ပတ်ပြီး ၀က်ခြံပေါ်မှာ မိနစ်အနည်းငယ် တင်ထားပေးပါ။

4. ခရီးသွားရင် ဆောင်သွားသင့်တဲ့ အလှပြင်ပစ္စည်းတစ်မျိုးကတော့ နို့ပေါင်ဒါနို့မှုန့်ဖြစ်အပါတယ်။ မျာနှာအတွက် mask အဖြစ်အသုံးပြုနိုင်တယ်လေ။ ဒီနို့မှုန့်ကို mask အဖြစ်လိမ်းထားပေးခြင်းဟာ မျက်နှာအသားအရေကို ရွှန်းစိုစေပြီး ဖြူဖွေးလာစေပါတယ်။ အသုံးပြုရတာလည်းလွယ်ပါတယ် ။

5. နို့မှုန့်ထဲကို ရေနွေးနွေးထည့်ပြီး ပျစ်လာတဲ့အထိမွှေပေးပါ။ အဲဒီနို့မှုန့်ကို မျက်နှာပေါ်မှာ မျက်နှာဖုံးအဖြစ်သုတ်လိမ်းပြီး မိနစ် ၃၀ခန့် ဒီအတိုင်းထားပါ။ မကြာခင် မိမိမျက်နှာဟာ ပိုလှပြီး အစိုဓါတ်ရွှန်းလဲ့လာပါလိမ့်မယ်။

6. မိမိရဲ့မျက်နှာအသားအရည်ကို နူးညံ့ချောမွေ့စေတဲ့ နောက်တစ်နည်းပါ။ ဂျုံစေ့အဆန် လက်ဖက်ရည် တစ်ဇွန်းကို ကြက်ဥတစ်လုံးနဲ့ရောပါ။ အဲဒီအရောအနှောကို မျက်နှာပေါ်မှာ မျက်နှာဖုံးအဖြစ် သုတ်လိမ်းပါ။ ၁၅မိနစ်လောက် ဒီအတိုင်းထားပြီး ရေနွေးနဲ့ စင်အောင်ဆေးပါ။

7.မိမိရဲ့ နဖူးပြင်ကို ပြေလျော့အောင်ထားပါတဲ့။ လူတိုင်းက အမှတ်မထင် နဖူးကြောတွန့်ရှုံ့တတ်ကြတယ်။ ဒီအတွက် နဖူးမှာ အရေးအတွန့်ပေါ်လာတတ်တယ်။ ဒါကြောင့် မျက်မှောင်မကြုံ့မိအောင် ဒါမှမဟုတ် နဖူးကြော မတွန့်အောင် သတိထားပါ။

8. နေ့စဉ်ရေးအေးအေးနဲ့ မျက်နှာဆေးကြောပေးခြင်းအားဖြင့် အရေအပြားမှာရှိတဲ့ အဆီဂလင်းကို ထန်းသိမ်းပေးရာ ရောက်ပါတယ်။

9. အိပ်ရာက နိုးလာလို့ မျက်နှာအသားအရေ ခြောက်သွေ့နေတာ၊ တချို့နေရာတွေမှာ အရေအပြားအဖတ်လိုက် ကွာနေတာတွေ့ရင် ၊ ညအိပ်ယာမ၀င်မှီ မျက်နှာသန့်စင်ပြီး Petroleum Jelly လိမ်းပေပါ။

10. အသားအရေချောမွေ့စေဖို့အတွက် ခွဲစိတ်ခန်းသုံးတိပ်ကို အသုံးပြုနိုင်ပါတယ်။ နှာခေါင်းအထက် မျက်ခုံးနှစ်ခုကြားမှာ ကြက်ခြေခတ်ကပ်ပြီး အိပ်ရာဝင်ပါ။ မိမိ အိပ်ပျော်နေစဉ် အမှတ်မထင် မျက်မှောင်ကျုံ့တတ် တာကြောင့် အသားအရတွန့်ရှုံ့တတ်တဲ့အတွက် ကာကွယ်ခြင်းဖြစ်ပါတယ်။

11. ရေနွေးကြမ်းသောက်ပြီး လက်ဖက်စိမ်းအိတ် (tea bag) ကိုမျာက်လုံးတွေပေါ်မှာ ကပ်ပေးထားရင် မျက်လုံးရောင်ရမ်းမို့ဖောင်းနေတာကို ပြေလျော့စေပါတယ်။

12. မျက်လုံးတွေ နီရဲနေရင် ရေတစ်ဖန်ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်ုး ၂ ဇွန်းထည့်မွှေပြီး အဲဒီရေနဲ့မျက်လုံးဆေးပါ။

13. Facial လုပ်ရာမှာသုံးတဲ့ဂွမ်းစ ( cotton pad ) တွေဟာ Toner နဲ့အခြား အသားအရေးထိန်း လိမ်းဆေးကို စုပ်ယူကြတယ်။ ဒါကြောင့် အဲဒီလိမ်းဆေးတွေကို လက်ဖ၀ါးထဲထည့်ပြီး မျက်နှာပေါ်ကို တိုက်ရိုက်လိမ်းပေးပါ။ ဒီလို လုပ်ခြင်းအားဖြင့် မျက်နှာကဆေးရဲ့အာနိသင်ကို အပြည့်အ၀ရပြီး ဂွမ်းစအမျှင်လေးတွေ မျက်နှာမှာ ကပ်နေတာမျိုး မဖြစ်တော့ဘူးပေါ့။

14. moisturiser နဲ့ မျက်လုံးလိမ်ဆေးကရင်မ်တွေကို ရာသီဥတု ပူအိုက်တဲ့အခါ ရေခဲသတ္တာထဲထည့်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

15. အနည်းငယ်အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ glycolic acid ပါတဲ့ မျက်နှာသန့်စင်ဆေး သုံးသင့်ပါတယ်။ glycolic acid ပါတဲ့ မျက်နှာသန့်စင်ဆေးလိမ်းပြီး တစ်မိနစ်ခန့် နှိပ်နယ်ပေးပါ။ သေနေတဲ့ ဆဲလ်တွေကိုဖယ်ပေးပြီး အသားအရေစိုပြေစေရာမှာ အထောက်အကူပြုပါတယ်။

16. အကြောင်းတစ်ခုခုကြောင့် စိတ်ညစ်ရင် မျက်နှာပေါ်မှာပေါ်အောင်မနေပါနဲ့။ ရှုံ့မဲ့မနေပါနဲ့။ မျက်နှာမှာရှိတဲ့ အရေးအကြောင်းပိုပြီးထင်စေပါတယ်။ ဒီတော့ ရှုံ့မဲ့နေမယ့်အစား အားရပါးရသာ ပြုံးလိုက်ပါလို့ အကြံပေးပါရစေ။
စိတ်ဖိစီးမှုဒဏ် ခံစားရတဲ့ခါ ညာဘက် နှာခေါင်းပေါက်ကိုပိတ်ပြီး ဘယ်ဘက်နှာခေါင်းပေါက်နဲ့ အားရပါးရ ငါးမိနစ်လောက်ရှူပေးလိုက်ပါ။ ပြီးတော့ ဖြည်းဖြည်းခြင်း အသက်ရှူထုတ်လိုက်တာနဲ့ တည်ငြိမ်မှုရလာပါလိမ့်မယ်။

17. မျက်နှာမှာတင် moisturiser လိမ်းရုံမဟုတ်ဘူး၊ လည်ပင်း၊ လက်နဲခြေထောက်တွေကိုလည်း လိမ်းဖို့မမေ့ပါနဲ့။

18. ဆံပင်အဆီပြန်ခြင်းဟာ မိန်းကလေးတွေအတွက်ကတော့ ပြဿနာပါပဲ။ ဆံပင်အဆီပြန်တတ်တဲ့ အမျိုးသမီးများအနေနဲ့ ဆံပင်အလှပြင်ဆိုင်သွားပြီး တိုတိုသာညှပ်လိုက်ပါ။ ဆံပင်အတိုပုံစံက အရှည်ထက် ပိုပြီးကြည့်ရတာ သန့်သန့ှ် ရှင်းရှင်းရှိပြီး ပျော့ဖတ်ဖတ်လည်းဖြစ်မနေတော့ဘူးပေါ့။

19. ဆံပင်ကို မိမိဘာသာအိမ်မှာ ဆိုးမယ်ဆိုရင် ဆံပင်ဆိုဆေးကို အညွှန်းထဲမှာပါတဲ့ အချိန်ထက်ပိုပြီး လိမ်းမထားပါနဲ့။ မိနစ်၄၀ ထက်ပိုပြီးထားမယ်ဆိုရင် အရောင်က မွဲခြောက်ခြောက် ဖြစ်တတ်ပါတယ်။

20. အာဟာရချို့တဲ့ခြင်းဟာ ဆံပင်တွေကို ပျက်စီးစေပါတယ်။ ဒါ့အပြင် အရွယ်မတိုင်မီ ဆံပင်တွေကိုဖြူစေပါတယ်။ ဒါကြောင့် အစာအဟာရကို မျှတအောင်စားပြီး ကောင်းကောင်း အနားယူပါလို့ပြောချင်ပါတယ်။

့June 2005 ထုတ် မြင်ကွင်းမဂ္ဂဇင်းမှကောက်နုတ်ပါသည်။

Feb 26, 2011

ဆံပင်လေးတွေ လှပဖို့

   မြန်မာပြည်က Asia နဲ့ဆိုင်တဲ့အတွက် Asia(အာရှ)နဲ့ဆိုင်တဲ့ ဆံပင် အမျိုးအစားတွေ အကြောင်း ပြောချင်ပါတယ်။ အာရှမှာတွေ့ရတဲ့ ဆံပင်အမျိုး အစားကို ၅ မျိုးလို့ အကြမ်းဖျင်း ခွဲခြားနိုင်တယ်။ သာမန်ဆံပင်၊ ပွပြီးဖွာတဲ့ ဆံပင်၊ ပွပြီးကောက် တဲ့ဆံပင်၊ ချောပြီးကောက်တဲ့ ဆံပင်၊ အလွန်ဖြောင့် တဲ့ ဆံပင် ၅ မျိုးပါ။ အဲဒီမှာ အဆီထွက်တဲ့ ဆံပင်နဲ့ အဆီခြောက်တဲ့ ဆံပင်ဆိုပြီး ထပ်ခွဲဖြာထွက်ပါ သေးတယ်။ ဆံပင်အသားထဲမှာ အကောင်းဆုံး ဆံပင်ကတော့ သာမန်ဆံပင် (Normal Hair) ပါ။ အဆီလည်းမထွက်၊ ပွလည်းမပွ၊ ခြောက်လည်း မခြောက်၊ အရမ်းဖြောင့်စင်းပြီး အိလွန်းနေတဲ့ ဆံပင်အသားလည်း မဟုတ်ဘူး။ ကိုယ် လိုသလို ညှပ်လို့ ပုံသွင်းလို့ ရတယ်။ ကောက်လို့ဖြောင့်လို့ လည်းရတယ်။

မိန်းကလေးတစ်ယောက် (သို့) ယောက်ျားလေး တစ်ယောက်ဟာ ဆံပင်ကို အမြဲဂရုမစိုက် မိဘူးဆိုရင် ဘာပြဿနာတွေဖြစ်လာနိုင်သလဲ ဆို တော့ အဲဒီ လူတစ်ယောက်ဟာ ဆံပင်နဲ့ ပတ်သက် ပြီး ကောက်ခြင်း၊ ဖြောင့်ခြင်း၊ ပေါင်းတင်ခြင်း၊ ဆေးဆိုးခြင်း စတဲ့ဆံပင်နဲ့ပတ်သက်တဲ့ ပြင်ဆင်မှု တွေ မလုပ်တဲ့သူဆိုရင် သူ့ရဲ့ဆံပင်ပြဿနာဟာ ဆံပင်ရဲ့ အခြေခံအကျဆုံး အရင်းအမြစ် ဖြစ်တဲ့ ဦးရေကို လုံးဝ မထိခိုက်ပါဘူး။ ဆံပင်တစ်ပင်ဟာ တဖြည်းဖြည်း ရှည်လာတဲ့အခါမှာ သူ့ရဲ့အမြစ်မှာ ဆံပင် အရောင်ကို ပြောင်းစေတဲ့ အားရှိစေတဲ့ အဆီအိတ်တွေနဲ့ ဝေးကွာလာတယ်။ ဆံပင်အဖျားတွေ ပျက်စီးလာတယ်။ ဦးရေ ကိုပါထိခိုက်စေတဲ့ အချက်တွေကတော့ ဆံပင်နဲ့ ပတ်သက်ပြီး အကုန်လုပ် ဖြစ်တဲ့ သူတွေပါ။ သူတို့ကတော့ ဦးရေတင်မက ဆံပင်အသားတွေပါ ပျက်စီး လေ့ရှိတာ တွေ့ရပါတယ်။ အဲဒီမှာလည်း ပျက်စီးစေတဲ့ အချက်တွေ ရှိပြန် နေရော။ ခေါင်းလျှော်ရည်ကြောင့်၊ ပေါင်းဆေးကြောင့်၊ အရောင်ဆေးကြောင့် စတာတွေအပြင် ကတ်ကြေး တုံးတုံးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

လူတိုင်းအတွက် နေ့စဉ် ဆံပင် ထိန်းသိမ်း စောင့်ရှောက်မှု နည်းလမ်းတွေ ကို ပြောကြည့်မယ်။ ပထမဆုံး လုပ်ရမှာက ရှန်ပူ။ ဆံပင်လျှော်တိုင်း အသုံးမပြု မဖြစ် အသုံးပြုရတဲ့ ရှန်ပူကို ကိုယ့်ဆံပင်သားနဲ့ ကိုက်ညီတဲ့ အမျိုးအစားရွေး တတ်ဖို့ကHair Care မှာ ပထမဆုံး အခြေခံ အရေးကြီးတဲ့ အချက်တစ်ချက် ပါပဲ။ ဒါမှလည်း ရှန်ပူရဲ့ဆိုးကျိုးနဲ့ ကင်းဝေးစေမှာပါ။ ပြီးရင် မိန်းကလေး တွေက ဒီလောက်နဲ့ မရပ်တန့်ကြပါဘူး။ ပျော့ဆေးတွေ သုံးမယ်။ ပြုပြင်ဆေး တွေသုံး ကြမယ်။ ဒါတွေကလည်း ကိုယ့်ဆံပင် အသားနဲ့ ကိုက်ညီရမှာပါပဲ။ ပြီးတော့Hair Care ပါ။ ဆံပင်အလှပြင် နည်းတွေနဲ့ပတ်သက်ရင် ဘာတစ်ခု မှမလုပ် တတ်တဲ့သူမျိုးဆိုရင်တောင် Hair Treatment ကို တစ်လတစ်ကြိမ် လုပ်ပေးရမယ်။ ပေါင်းတင်တာပေါ့။ တကယ်လို့ အလုပ် အရမ်းများပြီး တစ်လ တစ်ခါတောင်မှ ဆိုင်မသွားနိုင်ဘူး ဆိုရင်လည်း အိမ်မှာ လုပ်ပေးဖို့ လိုတယ်။

အိမ်မှာ ကိုယ်ပိုင်ပေါင်းတင်နည်းက သိပ်ကိုရိုးစင်းပြီး၊ သိပ်ကိုလွယ် ကူပါတယ်။ ဆံပင်အတွက် အကောင်းဆုံးက မြန်မာ့ရိုးရာအုန်းဆီပါ။ အုန်းဆီကို ဦးရေပြား ထဲအထိ ရွှဲနေအောင်လိမ်းထားပါ။ ခေါင်းမလျှော် ခင်တစ်ရက်မှာ ကြိုလိမ်းပြီး ညအိပ်ရာဝင်ချိန်မှာ အ၀တ်စခပ်ပါးပါးနဲ့ ခေါင်းပေါင်းပြီး အိပ်ပါ။ ဒါကတော့ လိမ်းထားတဲ့ဆီတွေ အလဟဿ မဖြစ်ဖို့နဲ့ ထိမိတဲ့နေရာတွေ မညစ်ပတ်စေဖို့ပါ။ နောက်တစ်နေ့မနက်မှာ အုန်းဆီတွေ သန့်စင်သွား တဲ့အထိ ခေါင်းလျှော်ချလိုက်ရုံနဲ့ အကောင်းဆုံး၊ အလွယ်ဆုံး ဆံပင် ပေါင်းတင်နည်းကို ရရှိပါပြီ။ ငွေကုန်ကြေးကျလည်း သက်သာတယ်လေ။ ဆံပင်အသားကို နူးညံ့ပျော့အိ လာစေပြီး ဦးရေ ပြားကိုလည်း ကျန်းမာ သန်စွမ်းစေတဲ့ နည်းလမ်း ကောင်းတစ်ခုပေါ့။ ခေါင်းလျှော်ရတဲ့ အကြိမ် ရေကျပြန်တော့လည်း ဆံပင်အသားကို လိုက်ပြီး ပြောင်းလဲပြန်ပါတယ်။ အဆီအရမ်းထွက်ပြီး ခပ်တိုတိုဆံပင်တွေကတော့ နေ့တိုင်းနီးပါး လျှော် ပေးရတယ်။ သာမန်ဆံပင်ကတော့ နေပူပြင်းတဲ့ နေ့မှာ ရာသီဥတု အရ တစ်ရက်ခြား လျှော်ပေးသင့်တယ်။ တချို့လူတွေကျ တော့ အလုပ်အရမ်းများပြီး ခေါင်းလျှော်ရင် ခေါင်းကိုက်လေ့ရှိတဲ့ သူမျိုးတွေ ရှိတယ်။ သူတို့ကျတော့ နှစ်ရက်ခြားပေါ့။ နှစ်ရက်ခြားတစ်ခါ ခေါင်းလျှော် ခြင်းကတော့ လုပ်ကိုလုပ်သင့်တဲ့ နည်းလမ်းပါ။ တချို့လူတွေက ခေါင်းလျှော် လွန်းအားကြီးရင် ဆံပင်တွေ ကျွတ်တတ်တယ်လို့ ယူဆကြပါတယ်။ တကယ် တော့ မလျှော်လွန်းအားကြီးတဲ့ဆံပင်၊ တစ်ပတ်မှတစ်ခါလောက်ပဲ လျှော်တဲ့ ဆံပင်တွေကသာ ကျွတ်လေ့ရှိတာပါ။ မြန်မာ့ရာသီဥတုနဲ့ ရေမြေ အနေအထား အရ နေပူပြီးဖုန်ထပါတယ်။

ခေါင်းကထွက်တဲ့ အဆီနဲ့ သဲ၊ ဖုန်မှုန့်နဲ့ တွေ့တဲ့အခါ အညစ်အကြေးတွေဖြစ်သွားပြီး ခေါင်းဦးရေပြား ချွေးပေါက်တွေကို ပိတ်ဆို့ စေတယ်။ ဦးရေပြားဟာလည်းပူပြင်းလာပြီး ခေါင်းအုံခဲမှုတွေ ဖြစ်လာစေတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်ရင် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ဆံပင်အတွက် အသုံးပြုတဲ့ ရှန်ပူကလည်း အခုဆိုရင် ဆံပင် အမျိုးအစား အလိုက်မျိုးစုံ ထွက်နေပါတယ်။ ရွေးတတ်ဖို့ပဲ လိုပါတယ်။ အကြမ်းဖျင်း ခွဲပေးပါမယ်။ သာမန် ဆံပင်ကတော့ သာမန် ခေါင်းလျှော်ရည်နဲ့ပဲ လျှော်လိုက် ရုံပါ။ ပွပြီးဖွာတဲ့ ဆံပင်နဲ့ ပွပြီးကောက်တဲ့ ဆံပင်က အမျိုးအစား ကွာပေမယ့် ပုံစံက ဆင်သလိုလို ရှိပါတယ်။ ရှန်ပူ အတူတူ သုံးလို့ ရပါတယ်။ ချောပြီး ကောက်တဲ့ ဆံပင်နဲ့ အလွန်ဖြောင့်တဲ့ ဆံပင်က တစ်တွဲပါ။ အဲဒီမှာ တစ်ခုသတိ ထားစရာရှိပါတယ်။ ဖြောင့်ထားတဲ့ ဆံပင်တွေ အတွက် ရှန်ပူဆိုပြီး အခု နောက်ပိုင်းမှာ ၀င်လာပါတယ်။ ဘူးမှာရေးထားတဲ့ အညွှန်းကို ကြည့်ပြီးတောင်မှ မှားတတ်တာ တစ်ခုက ဖြောင့်ထားတဲ့ ဆံပင်အတွက် ဆိုတာနဲ့ ဖြောင့်တဲ့ ဆံပင်သား အတွက်ဆိုတဲ့ ရှန်ပူနှစ်မျိုးကိုပါ။ အကောင်းဆုံးကတော့ ကောင်တာမှာ သေချာမေးပြီးမှဝယ်ပါ။ ဆံပင်ကျွမ်းကျင်သူကို မေးမြန်းပြီး ၀ယ်သုံးပါလို့ ဆိုပေမယ့် ဈေးဝယ်ထွက်ချိန် ကိုယ်တစ်ယောက်တည်း အမျိုးအစားစုံလှတဲ့ ရှန်ပူကို မရွေးတတ်တော့ဘူးဆိုရင် ကောင်တာက ရောင်းတဲ့ သူတွေကို မေးဖို့ လည်း အဆင်မပြေတဲ့အချိန် မျိုးကြုံခဲ့ရင် For Normal Hair (သာမန်ဆံပင် အတွက်)ဆိုတဲ့ ရှန်ပူကိုပဲ ရွေးလိုက်ပါ။

For Normal Hair ရှန်ပူဟာ ဆံပင်သားတိုင်းနဲ့ အဆင်ပြေပါတယ်။ ပြီးမှ နောက်တစ်ဆင့် အနေနဲ့ ထပ်မံအသုံးပြုရတဲ့ ပျော့ဆေး၊ Treatment, Hair Coat အတွက် ထပ်သုံးရင်း ထိန်းလို့ ရပါတယ်။ လျှော်ပြီးတဲ့ ဆံပင်ကိုHair Dryer နဲ့ အသုံးပြုပြီး အခြောက်ခံရာမှာလည်း အပူကို ဦးရေနဲ့ အရမ်း မကပ်ပါစေနဲ့။ အအေးနဲ့ အခြောက်ခံရင်တော့ အကောင်းဆုံးပါ။

  အချိန်တိုအတွင်းမှာ နားမလည်ဘဲ ကောက်လိုက်၊ ဖြောင့်လိုက်နဲ့ နည်းမျိုးစုံ လုပ်တဲ့သူတွေပါ။ ဆံပင်ပုံစံတစ်ခုကို အနည်းဆုံးတော့ ၃ လထား ပေးရပါမယ်။ ၃ လဆိုတဲ့အချိန်ရှိမှသာ နောက်တစ်မျိုး ပြောင်းလဲ သင့်ပါတယ်။ ကိုယ့်ရဲ့ဆံပင်ကိုပြုပြင်တဲ့ သူကလည်း ကျွမ်းကျင်ဖို့ လိုပါတယ်။ မကျွမ်းကျင်တဲ့ သူတွေကြောင့်လည်း တစ်ကြိမ်ပဲ ဆံပင် အလှပြင်ရုံနဲ့ ပျက်စီးသွားတာတွေ ရှိတတ်ပါတယ်။

ပျက်စီးတဲ့ ဆံပင်တွေရှိရင် ပြုပြင် ထိန်းသိမ်းဖို့ နည်းလမ်းတွေလည်း ရှိရမှာပါ။ ဘာမှ မလုပ်တဲ့ ဆံပင်ပိုင်ရှင်တောင်မှ မြန်မာပြည်ရဲ့ ရာသီဥတု ကြောင့် တစ်လတစ်ခါ ပေါင်းတင်ရပါမယ်။ အိမ်ရှင်မတွေဆိုရင် ပိုသိသာပါတယ်။ နေပူထဲအမြဲ တစေမထွက်ရတဲ့ အိမ်ရှင်မ ဆိုရင်တောင် အိမ် ထောင်ထိန်းသိမ်း ချက်ပြုတ်ရာကနေ ဖုန်မှုန့်၊ ပြာ၊ အညစ်အကြေး၊ ချွေးတွေနဲ့ နပန်းလုံးနေတဲ့ ဆံပင်တွေ ဖြစ်နေတတ်ပါတယ်။ တစ်လတစ်ခါ ဆံပင် ကုသမှု(Treatment) ဆိုတာ လုပ်ကိုလုပ်သင့်ပါတယ်။ ပျက်စီးသွားတဲ့ ဆံပင်ကတော့ အနည်းဆုံး တစ်လကို နှစ်ကြိမ်၊ အလွန် ဆိုးဝါးလွန်းရင်တော့ တစ်ပတ်တစ်ခါ (တစ်လကို ၄ ခါ)(Treatment) လုပ်ပေးရပါမယ်။ အခုနောက်ပိုင်းမှာ အရမ်းလှ ချင်လာကြပြီး အရမ်း အလှပြင်ဆင်မှုတွေ ရှိလာ တော့ ဆံပင်တွေကလည်း အရမ်း ပျက်စီးနေတာတွေ ရှိပါတယ်။ အဲဒီအခါမှာ  ဘာလုပ်ပေးရလဲဆိုတော့ ဂျပန်က လာတဲ့ ၅ မိနစ် ပေါင်းတင်ဆေးကို ပေးရပါတယ်။ သူက အမြဲ တမ်း လုပ်ပေးရတာပါ။ ဂျပန်မှာ အခု အသုံးအများဆုံး ရောင်းအားအ ကောင်းက ၅ မိနစ် ပေါင်းဆေး ပါပဲ။ အချိန်လည်း မပေးရဘူး။ ခေါင်းလျှော် ပြီးတာနဲ့ ၅ မိနစ်ပေါင်းဆေး လိမ်းထားလိုက်။ ရေချိုးပြီးရင် ခေါင်းကနေ တစ်ခါတည်း ရေလောင်း သန့်စင်ချလိုက်ရုံပဲ။ နှစ်ရက်တစ်ခါ အသုံးပြုရတာပါ။ တစ်လတစ်ခါ ပေါင်းတင် တာနဲ့လည်း ညီမျှပါတယ်။ အရမ်း ပျက်စီးနေတဲ့ ဆံပင်တွေ အတွက်ပါ။

မြန်မာမလေးတွေ အခုကြိုက်နှစ်သက်နေတဲ့ ဆံပင်စတိုင်လ် တစ်မျိုးဖြစ်တဲ့ ဆံပင်ဖြောင့် အလှ ပြုပြင်တာနဲ့ ပတ်သက်တာတွေကို အရင်ဆုံး ပြောကြည့်မယ်။ ဆံပင်ဖြောင့်ထားတဲ့ ပျိုမေတွေ ဆောင်ရန်ရှောင်ရန်ပေါ့။ ဆံပင်နဲ့ အရင်ဆုံး ထိ တွေ့ရတဲ့ ရှန်ပူကစပြောရမယ်ဆိုရင် မန်သော် ပါတဲ့ရှန်ပူ၊ ပူရှိန်းတွေပါတဲ့ ဘောက်ပျောက်တဲ့ ရှန်ပူကို ရှောင်ကြဉ်ရပါမယ်။ ဖြောင့်ထားတဲ့ ဆံပင်သားကို ကြွတက်လာစေပြီး ကြမ်းတမ်း လာစေလို့လေ။ နောက်တစ်ခုက ဆားငန်ရေပါ။ ပင်လယ်ကမ်းခြေကို သွားတော့မယ်၊ ဆားငန် ရေထဲဆင်းပြီး ရေဆော့တော့မယ်ဆိုရင် ၅ မိနစ် ပေါင်းဆေးကို သုံးထားရပါမယ်။ ၅ မိနစ်ပေါင်း ဆေးမရှိဘူးဆိုရင် ရိုးရိုး ပေါင်းတင်ဆေး သို့မဟုတ် ပျော့ဆေးကို သုံးလည်းရပါတယ်။ ရေထဲ မဆင်းခင် ပျော့ဆေးကို ဆံပင်မှာခပ်ထူထူ သုတ် လိမ်းပြီး ဆံပင်ကိုစုစည်းထားပါ။ ပြီးမှ ရေထဲ ဆင်းပါ။ ရေထဲကပြန်တက်လာတဲ့အချိန်မှာ ရေဆေးချ၊ ပြီးရင်ခေါင်းလျှော်၊ ပျော့ဆေး နောက် တစ်ကြိမ်ထပ်သုံး ပေးရပါမယ်။ ဒါဆိုရင် ဆံပင် ကို မနာဘူးလို့ မပြောပါဘူး။ ဆံပင်ထိခိုက်တာ ကိုတော့ လုံးဝသက်သာစေပါတယ်။ မှားယွင်းတဲ့ အချက်တစ်ခု ရှိနေပါသေးတယ်။ ခေါင်းလျှော် ပြီးတိုင်း ဖြောင့်စက်ပြန်ဆွဲတာပါ။ ဖြောင့်တဲ့ရလဒ် တကယ်ကောင်းတယ် ဆိုရင် စက်ပြန်ဆွဲစရာ မလိုပါဘူး။ ဖြောင့်စက်နဲ့ အကြိမ် ကြိမ် ဆွဲခြင်းဟာ ဆံပင်ကို ပျက်စီးစေပါတယ်။ တချို့မော်ဒယ်လ်တွေ၊ ပွဲတက် မယ့်သူတွေ အတွက်တော့ မဖြစ်မနေ ဖြောင့်စက်ဆွဲခါနီးမှာ ဒဏ်ခံတဲ့ ဆေးလေးကို အရင်လိမ်းပြီးမှ ဆွဲပေးပါတယ်။ အဲဒီအခါမှာ စဖြောင့်တဲ့ အချိန်ကလို ဆွဲစရာ မလိုဘဲ တစ်ကြိမ်သာ စက်ဆွဲဖို့ လိုပါတယ်။ တောင်ပေါ် ဒေသတွေမှာ ရှိတဲ့ ထုံးဓာတ်များတဲ့ ရေတွေကလည်း ဖြောင့်ထားတဲ့ ဆံပင်ကို ပျက်စီးစေပါတယ်။ ထုံးဓာတ်ပါတဲ့ ရေနဲ့ မထိတွေ့ခင်မှာလည်း ဆားငန်ရေထဲ မဆင်းခင် ထိန်းသိမ်းနည်းနဲ့ ထိန်းသိမ်းလို့ရပါတယ်။

နောက်ထပ်ခေတ်စားတဲ့ ဆံပင်ပုံစံက အကောက်မျိုးစုံပါ။ အကောက် သမားတွေကတော့ ရှန်ပူ ရှောင်စရာ မလိုပါဘူး။ သူ့အတွက် အဓိက လိုအပ် တာက ဆံပင်ပြုပြင် ထိန်းသိမ်းမှုပါ။ ဆံပင် ကောက်ပုံစံကို မပျက်ယွင်းရလေအောင် ဆီလူးသလို ဆံပင်ကိုဆွဲမထည့်ဘဲ အခွေ အဖျားလေးများကို လက်နဲ့ ဆုပ်ပြီး ကောက်ဆေး ပြန်ထည့်ပေးရပါတယ်။ ဆံပင်ကိုကောက်တဲ့ သဘောက ဆံပင်အသားကို အတက်ကလေးတွေ ထွက်လာအောင် လုပ်လိုက်ရတာပါ။ ဆံပင်မှာအတက်၊ ဆံပင်အခွတွေ များလေလေ ဆံပင်သားက ပိုကောက်လေ ပါပဲ။ ဆံပင်အသား ကလည်း ပိုခြောက်သွားတာပါ။ ဒီတော့ ဆံပင်ကို အမြဲ ပြုပြင် ထိန်းသိမ်းနေရမှာပါ။

ဆံပင်က လူတစ်ယောက်အတွက် တော်တော် အရေးပါပါတယ်။ ဆံပင်မရှိတဲ့သူ တစ်ယောက်ဟာ အခြားသူတွေထက် ကိုယ့်ကိုယ်ကိုယုံကြည် မှု ပိုအားနည်းတာ တွေ့ရပါတယ်။ အခု နောက်ပိုင်းခေတ်တွေက ဆံပင်ကို အသက်အရွယ် မရွေး ပြုပြင်မှုတွေလုပ်ရင်း စတိုင်လ်ကျကျ နေတတ်လာကြပြီ။ တကယ်တော့ ဆံပင်က အလှအပ သက်သက် မဟုတ်ပါဘူး။ ဦးရေပြားနဲ့ ဦးရေပြားအောက်က ဦးနှောက်ကိုလည်း ကာကွယ်ပေးထားတာပါပဲ။ ကျန်းမာ ရေးအတွက်လည်း အရေးပါတယ်။ ဦးနှောက် အမြှေးရောင် ရောဂါဆိုတဲ့ လူ့ဘ၀ကို တုံးသွားစေတဲ့ ရောဂါဟာ ဆံပင်ကောက်ခြင်းကြောင့်လည်း ဖြစ် တတ်တာကို အများဆုံး တွေ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ ဆံပင်ကောက် ထားတဲ့ပျိုမေတွေက ဆံပင်ကောက်သား အလှကို အမြဲပေါ်လွင်နေချင်တော့ ဆံပင်ကို ရေဆွတ်ထားပြီးမှ အပြင်ထွက်တတ်ကြပါတယ်။ ဒါဟာ သိပ်ကို မိုက်မဲတဲ့ လုပ်ရပ်ပါ။ အခုဆိုရင် Water Jelly ဆိုတာလည်း ပေါ်လာပါတယ်။Water Jelly လိမ်းထားတဲ့ အခါမှာလည်း ရေစိုနေမှ ပိုလှတာပါ။ ဒီတော့ တချို့ မလှချင်တွေက အိတ်ထဲမှာ ရေဖျန်းဘူး တစ်ဘူး အမြဲထည့်ထားပြီး ခြောက်တာနဲ့ ထုတ်ဖျန်းနေကြတာပါ။ ဒီတော့ နေပူပူအောက်မှာ အမြဲစိုနေတဲ့ ဆံပင်က တစ်ဆင့် ဦးနှောက်မှာ အကျိတ်တည်တာ၊ ဦးနှောက်အမြှေးရောင် တာတွေ ဖြစ်တတ်ပါတယ်။ တကယ်တော့ လှချင်တာထက် ကျန်းမာရေး လည်း ဂရုစိုက်သင့်ပါတယ်။ ဆံပင်ကိုပြုပြင် ထိန်းသိမ်းခြင်းဟာ ကိုယ့်ရဲ့ ဦးနှောက်၊ ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက် ထိန်းသိမ်းရာရောက်ပါ တယ်ဆိုတာ လူတိုင်း သိသင့်တဲ့အချက်တစ်ခုပါ။

အရေးအကြီးဆုံး အချက်ကို  နောက်ဆုံးအနေနဲ့ တင်ပြသွားရာမှာက မိမိနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ကျွမ်းကျင်သူနဲ့ ဆွေးနွေးတိုင်ပင်ရုံသာမက မိမိရဲ့အလုပ်၊ မိမိရဲ့အခြေအနေနဲ့ လိုက်တဲ့ ဆံပင်စတိုင်လ်ဟာ မိမိနဲ့ အသင့် တော်ဆုံးပါပဲလို့ ဆိုပါတယ်။

လက်ချောင်းလေးများ လှပဖို့


၁။ လက်နှိပ်ဆီ (သို့မဟုတ်) သင့်တော်ရာ Lotion, Cream တစ်ခုခုကို ခပ်ထူထူ သုတ်လိမ်းပါ။ လက်ချောင်း အားလုံးနဲ့ လက်ဖမိုး၊ လက်ကောက်ဝတ်အ ထိ နှံ့စပ်စွာ လိမ်းခြယ်ပါ။

၂။ ပထမဦးစွာ Cream အသားထဲ စိမ့်ဝင်သွားစေဖို့ နှိပ်နယ်ရာမှာ အထောက်အကူ ဖြစ်စေဖို့ ဘယ်၊ ညာ လက်နှစ်ဖက်လုံး သုံးပြီး အသာဖိနှိပ်ပေးပါ။

၃။ လက်ဆစ် ညောင်းညာမှုကို ပြေလျော့စေဖို့ အတွက် လက်ဆစ်တိုင်းကို လက်ညှိုး၊ လက်မသုံးပြီး အပေါ်အောက်နှိပ်ပါ။

၎။ လက်ဆစ်ချိုးခြင်းဟာ မှားယွင်းမှု တစ်ခုဖြစ်ပြီး မှန်ကန်တဲ့ နှိပ်နယ်ခြင်းအနေနဲ့ လက်ဆစ်ကို ဘေးနှစ်ဖက်ကနေ ဖိညှစ်ပေးရပါမယ်။

၅။ လက်ချောင်း တစ်ခုချင်းစီရဲ့ကြားထဲကို နှိပ်နယ်ခြင်းဟာ လက်က တစ်ဆင့် ဦးနှောက်နာဗ်ကြော အထိ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ လက်ချောင်းများကို အသုံးပြုရဆုံးသူတွေ အတွက် အလွန်သင့်တော်ပြီး အညောင်းအညာ ပြေစေတဲ့ နှိပ်ကွက်ပါ။

၆။ လက်မထိပ်ကို အသုံးပြုပြီး လက်ချောင်းထိပ်များနဲ့ လက်သည်းထိပ်ကို ဖိနှိပ် ပေးခြင်းအားဖြင့် လက်ချောင်းများကို ကျန်းမာ ကြံ့ခိုင်ပြီး လက်တစ်ခုလုံးရဲ့ အကြောများကို ပြေလျော့စေပါတယ်။

၇။ လက်ချောင်းတစ်ခုချင်းစီကို လက်မထိပ် အသုံးပြု ပြီး အပေါ်ကို လှန်ချိုးခြင်းအားဖြင့် လက်ချောင်းများ လှုပ်ရှားမှု သန်မာ သွက်လက်စေပါတယ်။

၈။ အဆင့်လိုက် နှိပ်လာပြီးလို့ ပြေလျော့လာတဲ့ အကြောတွေကို တစုတစည်းတည်းနဲ့ ထပ်မံ ဖြေလျော့ ပေးတဲ့ နှိပ်ကွက်တွေပါ။ လက်ချောင်းများသာမက လက်ဖ၀ါး တစ်ခုလုံးမှာ ရှိတဲ့ အကြောတွေ အတွက်ပါ။

၉။ အကြောပြေစေရုံသာမကဘဲ လက်ကို အနားယူ ဇိမ်ကျမှု အပေးဆုံး နည်းပါ။ လက်ဖ၀ါးပြင် တစ်ခုလုံး ကို လက်မ၊ လက်ချောင်းလေးတွေနဲ့ အသာဖျစ်ပေးရုံနဲ့ လက်ဖ၀ါးပြင်က အကြောတွေက တစ်ဆင့် လက်ဖျံ၊ လက်မောင်း အကြောတွေအထိ ပြေလျော့စေပါတယ်။

၁၀။ လက်အတွက် နောက်ဆုံး သော့ချက်ဖြစ်တဲ့ လက်ဖ၀ါးပြင် နှိပ်နည်းကတော့ ဦးနှောက် အာရုံကြော အထိ သက်ရောက်စေပါတယ်။ လက်ဖ၀ါးအလယ် ပြင်တည့်တည့်ကို လက်ဆစ်နဲ့ ဖိနှိပ်ပေးရပါမယ်။

၁၁။ လက်ချောင်းချင်း ထိုးယှက်ပြီး လက်ဖ၀ါး တစ်ခုလုံးကို အသာလှန်ချိုးပေးခြင်းအားဖြင့် လက်မောင်း၊ လက်ဖျံ၊ လက်ဖ၀ါး၊ လက်ချောင်း အကြော အားလုံးကို ပြေလျော့စေပါတယ်။

ကွန်ပျူတာအမြဲအသုံးပြုနေတဲ့သူတွေ၊ လက်ချောင်းတွေ အမြဲအသုံးပြု လှုပ်ရှားနေရတဲ့သူတွေ၊ စာရေးဆရာ၊ ကျောင်းသား၊ ကျောင်းသူ၊ လက်ကို အသုံးပြု အများဆုံးသူတွေ အတွက် အထူးသင့်လျော်တဲ့ နည်းလမ်းတွေပါ။

တစ်ပတ်ကို တစ်ခါ (သို့မဟုတ်) နှစ်ခါ ပြုလုပ်ပေးရ ပါမယ်။ နေ့စဉ် ညနေ ရေမချိုးမီ ၁၅ မိနစ်ခန့် အချိန် ယူပြီးလည်း နှိပ်နယ် ပေးနိုင်ပါတယ်။ ဒါဟာ လက်ကို ကျန်းမာကြံ့ခိုင် စေရုံသာမကဘဲ ချွေးပေါက်များ ပွင့်ပြီး အကြောပြေလျော့ကာ နုပျိုလှပတဲ့ လက်အလှ ပိုင်ရှင်လေးလည်း ဖြစ်နိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ လက်မနှိပ်ခင်မှာ ခြေထောက် နှိပ်နယ်ခြင်း နည်းလမ်းတွေတုန်း ကလိုပဲ ဆားရည် စိမ်ပေးနိုင် ပါတယ်။ လက်အသားအရေက ပိုပြီးနုတော့ ဆားပမာဏ ကိုတော့ လျှော့ပေးရမှာပါ။ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး လက်အသားအရေ နုပျိုစေမယ့် နည်းလမ်းလေးကိုလည်း မေတ္တာ လက်ဆောင်ပေးချင် ပါတယ်။ ဒိန်ချဉ်ကို လက်ချောင်း၊ လက်ဖမိုး အနှံ့သုတ်လိမ်းပြီး ၁၅ မိနစ်ခန့်ထားပါ။ ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီးတဲ့ နောက်မှာ အညစ်အကြေးနဲ့ ချေးညှော် ကင်းစင်ပြီး ၀င်းဝါ စိုပြည်နေတဲ့ လက်ကလေးကို့ ဖြစ်လာမှာပါ

ခြေထောက်ကလေးကို အလှပြင်မယ်

ကျန်းမာတဲ့ ခြေထောက်ကို ရရှိမှပဲ လှပတဲ့ ခြေထောက်တွေ ဖန်တီးနိုင်မှာ၊ ဘ၀အတွက် ခြေလှမ်းတွေက လှပ အဖိုးတန် နေမှာ ဖြစ်တာကြောင့် ခြေထောက်ပိုင်း ဆိုင်ရာ ထိန်းသိမ်းမှုနဲ့ ခြေထောက် ကျန်းမာရေးကို ရှာဖွေ ဖော်ထုတ် ပေးလိုက်ပါတယ်။ နေ့စဉ် မိမိကိုယ်တိုင် ပြုပြင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းကောင်း တွေပါ။ အချိန် မအားလပ်လို့ ဆိုင်တွေ မသွားနိုင်သူများ အတွက်လည်း အဆင်ပြေတယ်။ ပုံမှန် ပြုလုပ်ပေးခြင်း အားဖြင့် ရရှိလာမယ့် အကျိုး ကျေးဇူးတွေ ကလည်း ကောင်းမွန်တယ်။ အခု ဖော်ပြလိုက်တဲ့ ခြေထောက် ဆားရည် စိမ်ခြင်းနဲ့ ခြေထောက် အကြောလျှော့ နှိပ်နယ်ခြင်း ပုံစံ ၂ မျိုးရဲ့ကောင်းကျိုးကလည်း အများကြီးရှိပါတယ်။
    အညောင်းအညာ ပြေတယ်။ ငုပ်နေတဲ့ အပူ ထွက်တယ်။ ခြေထောက်က အပူ ထွက်ရုံတင်မကဘဲ ခေါင်းကပါ အပူထွက် စေတယ်။ အဲဒီတော့ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာ၊ မျက်စိဝေတာ၊ မှုန်တာတွေ သက်သာပြီပေါ့။ ပြီးတော့ ခြေထောက် အသားအရေ ကိုလည်း လှပ ပျော့ပျောင်း နူးညံ့စေတယ်။ ခန္ဓာကိုယ် ပေါ့ပါးရွှင်လန်းပြီး မျက်နှာပြင် အသားအရေ ကိုပါ သန့်စင်ကြည်လင် လာစေပါတယ်။ ခြေထောက်ကို အခုလို ပုံမှန် ဂရုစိုက်ပေးရုံနဲ့ ခြေထောက် ကျန်းမာရေး သာမက ခန္ဓာကိုယ် အကြောအခြင်တွေ အကုန် ပြေလျော့စေပြီး လူ့ကျန်းမာရေး အတွက်လည်း ကောင်းစေနိုင်တာကြောင့် တကယ်လက်တွေ့ အသုံးပြုသင့် ပါတယ်။

ခြေထောက်ဆားစိမ် သန့်စင်မယ်

၁။ကိုယ့်ရဲ့ခြေထောက် နှစ်ဖက် စလုံးကို (ခြေမျက်စိ ကနေ စပြီး ခြေဖ၀ါး အထိ) ဆပ်ပြာနဲ့ အသေအချာ သန့်စင်အောင် ဆေးကြောပါ။

၂။သန့်စင်ပြီးတဲ့ ခြေထောက်ကို Cream, Lotion နှစ်သက်ရာ လိမ်းပါ။ (ခြေထောက်အတွက် သီးသန့် Cream တွေ ပေါ်နေပေမယ့် Skin Lotion တစ်ခုခု ဆိုရင်လည်း လွယ်ကူ အဆင်ပြေ ပါတယ်)

၃။ခြေထောက် ဆားစိမ် တဲ့စက် (သို့မဟုတ်) ဇလုံ တစ်ခုထဲမှာ ဆားလက် တစ်ဆုပ်ကို ရေနွေးနဲ့ ဖျော်ပါ။ မပူလွန်း၊ မနွေးလွန်း (ခြေထောက် ထည့်စိမ်နိုင် လောက်တဲ့ အနေအထား) တဲ့ ရေပူ ဖြစ်ရ ပါမယ်။ အဲဒီ ဆားဖျော်ရည် ထဲမှာ ခြေထောက်ကို ၁၅ မိနစ်ခန့် စိမ်ထားပေးရ ပါမယ်။

၎။နူးညံ့လာတဲ့ ခြေဖနောင့်နဲ့ ခြေဖ၀ါးမှာ ရှိတဲ့ အသားမာတွေ အညစ်အကြေးတွေကို အသားမာ တိုက်တဲ့ Brush နဲ့ ပွတ်တိုက် သန့်စင်ပေးရ ပါမယ်။

၅။ဆားစိမ် အပြီးမှာ ခြေထောက်ကို ဇလားထဲက ထုတ်ပြီး ခြေသည်း သန့်စင်မှု အတွက် ခြေသည်း တစ်ခုချင်းစီ ပေါ်မှာ Cream တွေ ပွတ်လိမ်းပေးပါ။ ခြေသည်း ကလော်တဲ့ ကိရိယာ (သို့မဟုတ်) နားကျပ် ဂွမ်းတံနဲ့ ခြေသည်းပေါ်၊ ခြေသည်းကြားတွေကို သန့်စင်ပါ။ သန့်စင်သွားပြီ ဆိုရင် ခြေထောက်တွေကို ဆပ်ပြာနဲ့ သန့်စင်သွားအောင် ဆေးကြောပေးပါ။

၆။နူးညံ့ ပျော့ပျောင်းပြီး အနံ့အသက် ကင်းသန့်စင် သွားတဲ့ ခြေချောင်း၊ ခြေသည်းလေး တွေကို ခြေသည်းဆေးဆိုး အကြည်ရောင်နဲ့ အရောင်တင် ပေးပါ။ ခြေထောက် ဆားစိမ်ခြင်းဟာ ခြေထောက် အသားအရေကို နူးညံ့စေပြီး သန့်စင်စေတဲ့ အပြင် ခြေဆီထွက်ခြင်း၊ အနံ့နံခြင်း၊ ခြေထောက် အကြောတက်ခြင်းတွေ ကိုပါ ပျောက်ကင်း သက်သာစေပါတယ်။

ခြေထောက် အကြောလျှော့ နှိပ်နယ်နည်း

၁။Massage Cream လိမ်းပါ။ ရိုးရိုး Cream ဆိုရင်လည်း အဆင်ပြေပါတယ်။

၂။ခြေဖမိုးကို ခြေမျက်စိဘက်ကနေ အုပ်ကိုင်ပြီး အကြော တစ်ခုချင်းစီကို စတင်နှိပ်ပါ။

၃။ခြေဖမိုး ကြောပြေလျော့ အပြီးမှာ ခြေမကနေ စပြီး ခြေချောင်း တစ်ခုချင်းစီကို နှိပ်ရပါမယ်။ ခြေချောင်း တစ်ခုချင်းစီရဲ့ ပတ်ပတ်လည်ကို ပုံမှာ ပြထားတဲ့ အတိုင်း နေရာလပ် မကျန်အောင် နှိပ်ရမှာပါ။

၎။ခြေဖျားကို ထောက်ထားပြီး ခြေဖနောင့်နဲ့ ခြေမျက်စိ ၀န်းကျင်မှာ ရှိတဲ့းအကြောတွေကို လက်ချောင်း ၅ ချောင်းလုံး အသုံးပြုပြီး အားထည့်နှိပ်ပေးရပါမယ်။

၅။ခြေဖနောင့်နှိပ်တဲ့ နေရာ တူပေမယ့် ပုံစံကွဲသလို နှိပ်တဲ့ ပုံစံလည်း ကွဲတာကြောင့် ပုံကို သေချာကြည့်ပြီး နှိပ်ပါ။

၆။ခြေဖ၀ါးကိုစောင်း (ခြေသန်းဘက်ကနေ)ချပြီး ခြေခွင်ကို အားထည့်နှိပ်ပါ။ လက်သီး ဆုပ်ထားပြီး လက်ညှိုး အဆစ်နဲ့ ဖိနှိပ်ရမှာပါ။

၇။ခြေထောက် အနေအထား ပုံစံ မပြောင်းဘဲ ခြေဖ၀ါးစောင်း ပတ်ပတ်လည်ကို လက်နှစ်ဖက်စလုံး အသုံးပြုပြီး နှိပ်ပေးပါ။

၈။ခြေဖ၀ါးကိုထောင်လိုက်ပြီး ခြေဖ၀ါး အလယ်ခေါင် တည့်တည့်ကို လက်ညှိုး အဆစ်နဲ့ ဖိနှိပ်ပေးရပါမယ်။

၉။ခြေချောင်း အားလုံးကို လက်နဲ့ တင်းနေအောင် ဆုပ်ကိုင် လှန်ချပြီး ကျန်လက်တစ်ဖက်ရဲ့ လက်သီး ဆုပ်တွေနဲ့ ခြေဖ၀ါးပြင် တစ်ခုလုံးကို အားထည့်နှိပ်ပါ။

၁၀။ခြေဖ၀ါးအလယ်ခေါင်ကို လက်တစ်ဖက်နဲ့ ခပ်တင်းတင်း ညှစ်ထားပြီး ကျန်လက်တစ်ဖက်နဲ့ ခြေချောင်း တစ်ချောင်းချင်းစီကို လှန်ချိုးချပါ။

နှိပ်နယ်ရာမှာ ပုံစံတစ်ခုကို အနည်းဆုံး ၅ မိနစ်ခန့် အချိန်ယူပြီး အဆင့်လိုက် အသေအချာ နှိပ်ပေးရပါမယ်။ သူ့မှာ ဂရု တစိုက် ရှောင်ကြဉ်ရမယ့် အချက်တချို့တော့ ရှိနေပါတယ်။ မနှိပ်နယ်ခင် ခြေထောက်ကို သေချာ သန့်စင် ထားရပါမယ်။ ခြေထောက်နှိပ်နယ်ခြင်း လုပ်ငန်းစဉ် အပြီးမှာတော့ ခြေထောက်ကို ရေဆေးခြင်း၊ ရေချိုးခြင်း မပြုရတော့ ပါဘူး။ ဒါကြောင့် အိပ်ရာ ၀င်ခါနီးမှာ အချိန်ယူပြီး ဆောင်ရွက် ပေးသင့် ပါတယ်။ အခုဖော်ပြလိုက်တဲ့ Foot Care တွေကို နေ့စဉ်ပြုလုပ် နိုင်သလို အနည်းဆုံး တစ်ပတ်မှာ ၂ ခါပြု လုပ်ပေး ရင်တော့ အကောင်းဆုံးပါ။ ဒီနည်းတွေဟာ ဂျပန်နိုင်ငံရဲ့ လူကြိုက်များတဲ့ Foot Care တွေဖြစ်ပြီး နိုင်ငံတကာ မှာလည်း အသုံးပြုနေ ကြတဲ့ နည်းလမ်းတွေပါ။

စည်းကမ်းတကျ သွယ်လျလှပ

ဝတ်ချတဲ့နေရာမှာ တကယ် အသုံးတည့်၊ အသုံးဝင်မယ့် နည်းလမ်းတွေပါ။

၁။ ။ ဇွန်း၊ ခက်ရင်း၊ လက်တွေကို မသုံးဘဲ တူနဲ့သုံးပြီး စားကြည့်ပါ။ အဲဒါမှ အစာတွေကို အလျင်စလို မမျိုချမိဘဲ ဘာတွေ စားနေတယ် ဆိုတာကို သတိ ထားမိပါလိမ့်မယ်။ ဗိုက်ပြည့်တာကို အသိအမှတ် ပြုဖို့ ဦးနှောက်က ၁၀ မိနစ်မှ ၁၅ မိနစ်ထိ အချိန် ယူတတ်ပါတယ်။ အစား အသောက်ကို မြန်မြန်စားလေ၊ များများစားလေ မဖြစ်အောင် အစာစားရင်း ဖြည်းဖြည်းနဲ့ ဂရုစိုက် သတိထားပြီး စားသုံးပါ။

၂။ ။ မခံမရပ် နိုင်အောင် ဆာလောင်တဲ့ အခါ တွေ့ကရာ သရေစာ တစ်ခုခုကို စားဖို့ မကြံခင်မှာ ရေကို ဖန်ခွက်ကြီးနဲ့ တစ်ခွက် (သို့) Juice တစ်ခွက် အရင် သောက်လိုက်ပါ။ (မှတ်ချက်။ ။ သကြား မသုံးဆောင်ရ။ မဖြစ်မနေ သုံးဆောင် လိုပါက အနည်းငယ်သာ အသုံးပြုပါ။)

၃။ ။ ရေနွေးကြမ်း(အပူ) များများ သောက်ပေးပါ။ အဆီကျဖို့ အထောက်အကူ ပေးပါတယ်။ (အေးနေတဲ့ ရေနွေးကြမ်းကို မသောက် သုံးပါနဲ့။)

၎။ ။ ညစာကို စောစောစားပါ။ နောက်ကျပြီး ညစာ စားခြင်းကို ရှောင်ကြဉ်ပါ။ ထမင်း စားပြီး ချက်ချင်းထိုင် ရုပ်ရှင်ကြည့်၊ အိပ်ရာထဲ တန်းဝင်တဲ့ အလုပ်ကို ရှောင်ကြဉ်ပါ။

၅။ ။ ထမင်း(ဆန်)ကို တဖြည်းဖြည်း လျှော့စားပါ။ ထမင်းဟာ Carbohydrate ဖြစ်ပြီးStarch တစ်မျိုးလည်း ဖြစ်ပါတယ်။ အဲဒီ Starch တွေကို များများ စားသုံးရင်လည်း Weight (အလေးချိန်) တဖြည်းဖြည်း တက်လာပါလိမ့်မယ်။

၆။ ။ အစာကို တဖြည်းဖြည်းချင်း လျှော့စားပါ။ ရုတ်တရက် လျှော့မယ်ဆိုရင် ဗိုက်ဆာတဲ့ အပြင် ဂရုမစိုက်ပါက အစာအိမ် ရောဂါပါ ဖြစ်လာနိုင်ပါတယ်။ အစာအိမ်ကို ဖြည်းဖြည်းချင်း အကျင့်လုပ်ဖို့ လိုအပ်ပါတယ်။ အစာအိမ် ဆန့်သလောက်ထည့်ရင် Weight ကျဖို့ အင်မတန် ခက်ခဲပါတယ်။ အလေ့အကျင့် ဖြည်းဖြည်းချင်း လုပ်ကြည့်ပါ။ အင်မတန် လွယ်ကူတာ တွေ့ရပါ လိမ့်မယ်။

ဥပမာ- ထမင်း တစ်ခါစားရင် ၂ ပန်း ကန်စားတယ် ဆိုပါစို့။ ချက်ချင်း တစ်ပန်းကန် လျှော့စားရင် ကြီးမားတဲ့ အခက်အခဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ၂ ပန်း ကန်စားရာကနေ လျှော့စားမယ် ဆိုရင် ပထမနေ့မှာ တစ်လုတ် လျှော့စားပါ။ ဒုတိယနေ့မှာ နှစ်လုတ် လျှော့စားပါ။ ဒီနည်းနဲ့ နေ့စဉ်ထမင်း အလုတ် အနည်း ငယ်စီ လျှော့ချသွားပြီး စားသင့်ရုံ ပမာဏကို ချိန်ယူပါ။

အစာကို တဖြည်းဖြည်း လျှော့စားနိုင်ပါတယ်။ တိတိ ကျကျ လိုက်နာရမယ်လို့ မဆိုလိုပါ။ ကိုယ်တတ် နိုင်သမျှ ကိုယ်ခန္ဓာရဲ့လိုအပ်ချက်နဲ့ စိတ်ကို ထိန်းညှိပြီး စားသောက်ဖို့ ရည်ညွှန်း ထားပါတယ်။ အစာကို တဖြည်းဖြည်း လျှော့ချပြီး အစာအိမ်ကို အကျင့် လုပ်ပေးတဲ့ စနစ်ဟာ လွယ်ကူကြောင်း မျက်ဝါး ထင်ထင် တွေ့မြင် ရပါလိမ့်မယ်။

၇။ ။ အစာကို နည်းနည်းနဲ့ ဖြည်းဖြည်း မှန်မှန် စားပေးပါ။ စားလိုက်သမျှ အစားအစာတွေမှာ ပရိုတိန်း ဓာတ်နဲ့ ဟင်းသီး ဟင်းရွက်တွေ ပါပါစေ။ အစာစားပြီး မတင်းတိမ်ရင် ပန်းသီး၊ ဖရဲသီး၊ သင်္ဘောသီး၊ Orange, Juice, Carrot Juice, Pomelo Juice တွေကို သုံးဆောင် နိုင်ပါတယ်။ Juice တွေဟာ Fresh Juice တွေ ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

၈။ ။ ပုလင်း အချိုရည်တွေကို မသုံးဆောင် သင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပုလင်း အချိုရည်တွေမှာ Chemical ဆိုးဆေးတွေ အရသာ တုတွေ သုံးထားတဲ့ အပြင် မြင့်မားတဲ့ သကြား ပမာဏ ပါဝင်တာကြောင့် ရေရှည် သောက်သုံးပါက ပိုဝလာနိုင်တဲ့ အပြင် ဘေးဥပဒ်ပါ တွေ့နိုင်ပါတယ်။

၉။ ။ ထောပတ် အဆီများတဲ့ အစား အစာတွေ ချိစ်၊ ဆီကြော် အစားအစာတွေ၊ သကြား၊ ချောကလက်၊ အချိုကြီးတဲ့ အစားအစာတွေ၊ Ice-craem, စပျစ်သီး၊ စပျစ်ရည်၊ ငှက်ပျောသီး၊ သီဟိုဠ်စေ့၊ မြေပဲစတဲ့ အဆီဓာတ် ပါတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပြီး ချိုလွန်းတဲ့ အသီးအနှံတွေကိုလည်း အလွန်အကျွံ မစားဘဲ သတိထားပြီး သုံးဆောင် ရပါလိမ့်မယ်။ အထက်ပါ နည်းတွေ အတိုင်း မိမိ ခန္ဓာကိုယ်ကို အလေးချိန်နဲ့ အလှတာ ရှည်ခံအောင် ထိန်းသိမ်း ထားနိုင်ပါတယ်။