Showing posts with label မနိုင်းနိုင်းရဲ့ အိမ်ထောင်ရေး ဗဟုသုတ. Show all posts
Showing posts with label မနိုင်းနိုင်းရဲ့ အိမ်ထောင်ရေး ဗဟုသုတ. Show all posts

Mar 26, 2011

ယောင်္ကျားနှင့် မိန်းမ

လောကကြီး၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် ယောက်ျားကို ဖန်ဆင်းသည်။ ယောက်ျား၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် မိန်းမကို ဖန်ဆင်းသည်။

ယောက်ျားလေးက မိန်းကလေးကို ချစ်မိလျှင် ကဗျာများရေးဖွဲ့ တတ်၏။ မိန်းကလေးက  ယောက်ျားလေးကို ချစ်မိလျှင် စိတ်ကူးယဉ် အိပ်မက်မက်တတ်၏။

မိန်းကလေး၏ အကောင်းဆုံး ကိုယ်ပိုင် အရည်အချင်းမှာ ချွဲနွဲ့ခြင်းဖြစ်ပြီး ယောက်ျားလေး၏ အရည်အချင်းမှာ လိမ်ညာခြင်း ဖြစ်သည်။

မိန်းကလေးအတွက် ကံကောင်းခြင်းမှာ "သူ ငါ့ကို တကယ်ချစ်ရှာသည်"ဟု ယုံကြည်ခြင်းဖြစ်ပြီး ယောက်ျားလေးအတွက် ကံကောင်းခြင်းမှာ "သူ့ကို ချစ်ရတာ ထိုက်တန်သည်" ဟု ထင်မြင်ခြင်း ဖြစ်သည်။

မိန်းကလေးတွင် ပြေပြစ်သော ရုပ်ရည်ရှိသင့်ပြီး ယောက်ျားလေးတွင် ပြည့်စုံသော ဓနဥစ္စာရှိသင့်သည်။

မိန်းကလေးက ယောက်ျားလေးကို နမ်းခြင်းသည် စိတ်ကြည်နူးမှုဖြစ်ပြီး ယောက်ျားလေးက မိန်းကလေးကို နမ်းခြင်းသည် တဏှာ ဖြစ်သည်။

မိန်းကလေးများ ထွက်ပေါက်ရှာလျှင် အိမ်ထောင် ပြုတတ်ကြပြီး ယောက်ျားလေးများ ထွက်ပေါက်ရှာလျှင် ကွာရှင်းတတ်ကြသည်။

ပါးနပ်ထက်မြက်သော မိန်းကလေးများက သူ့ချစ်ကိုရှာပြီး အိမ်ထောင်ပြုတတ်ကြ၏။ တုံးအသော မိန်းကလေးများက ကိုယ့်ချစ်ကိုရှာပြီး အိမ်ထောင် ပြုတတ်ကြသည်။

ရည်းစားဖြစ်ချိန်တွင် ယောက်ျားလေးများသည် မိန်းကလေးများကို ကြင်နာတတ်ပြီး အိမ်ထောင်ပြုပြီးချိန်တွင် ရက်စက်တတ်ကြသည်။

မိန်းမငယ်များသည် မျက်လုံးဖြင့် ယောက်ျားများကို ညို့စား တတ်ပြီး မိန်းမကြီးများသည် မျက်ရည်များဖြင့် လှည့်စားတတ်သည်။

မိန်းကလေးများအတွက် ကျမ်းကျိန်ဆိုသော ယောက်ျားသည် ရယ်စရာကောင်း၍ ဥစ္စာ ပစ္စည်းအရှာ တော်သော ယောက်ျားသည် ချစ်စရာကောင်းသည်။

ယောက်ျားလေးက ကွာရှင်းဖို့ စကားကမ်းလှမ်းခြင်းသည် မိန်းမကို စိတ်ကုန်လာခြင်းဖြစ်ပြီး မိန်းကလေးက ကွာရှင်းဖို့ စကား ကမ်းလှမ်းခြင်းသည် ယောက်ျားက သူ့ကိုမချစ်မှန်း သိလာခြင်းဖြစ်သည်။

မိန်းကလေးများ ယောက်ျားမယူဘဲ အပျိုကြီးအဖြစ် နေလျှင် နာတာရှည် ရှိသည်ဟု ထင်ကြပြီး ယောက်ျားလေးများ မိန်းမ မယူဘဲ လူပျိုကြီး အဖြစ်နေလျှင် စီးပွားလုပ်ငန်း ဖြင့် မအားလပ်ဟု ထင်ကြသည်။ (တကယ်တမ်း ဆိုရလျှင်.....မိန်းကလေးများ အပျိုကြီး ဖြစ်နေခြင်းသည် ယောက်ျားကောင်းများ မရှိသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ လူပျိုကြီး ဖြစ်နေခြင်းသည် မိန်းကလေးများက ပြန်မချစ်သောကြောင့်ဖြစ်သည်။ )

မိန်းကလေးများသည် လောင်းကြေးကို အချစ်တွင် ပုံအပ်တတ်ကြပြီး ယောက်ျားလေးများသည် လောင်းကြေးကို လက်ထပ်ခြင်းတွင် ပုံအပ်တတ်ကြသည်။

မိန်းကလေးများသည် မပြေလည်သော အိမ်ထောင်ရေးကို ခံနိုင်ရည်ရှိသော်လည်း မပြေလည်သော အချစ်ရေးတွင် ခံနိုင်ရည် မရှိကြ။

ယောက်ျားလေးများသည် မပြေလည်သော အချစ်ရေးကို ခံနိုင်ရည် ရှိသော်လည်း မပြေလည်သော အိမ်ထောင်ရေးကို ကိုယ်လွတ်ရုန်းချင်ကြသည်။

မိန်းကလေးများ လွမ်းဆွေးအားငယ်နေလျှင် ၀မ်းနည်းစရာ အချစ်ဇာတ်လမ်း ရှိခဲ့ဖူးသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ စိတ်ပျက် စိတ်ညစ်နေလျှင် အဆင်မပြေသော အိမ်ထောင်ရေးကြောင့်ဖြစ်သည်။

မိန်းကလေးများ နောက်အိမ်ထောင် ပြုခြင်းသည် မှားယွင်းမှုကို ရှာခြင်းဖြစ်ပြီး ယောကျာ်းလေးများ နောက်အိမ်ထောင်ပြုခြင်းသည် ကံစမ်းခြင်းသာ ဖြစ်သည်။

မိန်းကလေးများက သူသည် ထိုယောက်ျားလေး၏ နောက်ဆုံးတယောက်အဖြင့် မျှော်လင့်တတ်ကြပြီး ယောက်ျားလေးများက သူသည် ထိုမိန်းကလေး၏ ပထမဆုံးတစ်ယောက်အဖြင့် မျှော်လင့်တတ်ကြသည်။

အော်...... မိန်းမ

မနက်နိုးလာတော့ ခေါင်းက အရမ်းကိုက်နေသည်။ ညက သူငယ်ချင်းတွေနှင့် အလွန်အကျွံ သောက်ထားသည်ကိုသာ သူမှတ်မိပြီး အိမ်ကိုမည်သို့ မည်ပုံ ပြန်ရောက်လာခဲ့သည်ကို သူ မမှတ်မိတော့။ အိပ်ရာပေါ်က အားယူပြီး သူထလိုက်သည်။ ကုတင်ပေါ်မှ ဆင်းမည်အလုပ် ခေါင်းရင်း ခုံပေါ်တွင် စာရွက် တရွက်ကို ဖိထားသော ရေတခွက်နှင့် အကိုက်အခဲ ပျောက်ဆေး တချို့ကို တွေ့လိုက်သည်။ ဘေးဘီကို သူ ကြည့်လိုက်မိတော့ ကုတင်ဘေးတွင် မီးပူတိုက်ပြီးသား အသင့်ဝတ်ရန် အ၀တ်အစားများကို တွေ့လိုက်ပြန်သည်။ ဒီနေ့ က ခါတိုင်းနေ့တွေနှင့် မတူ.... သူ့အတွက် နည်းနည်းတော့ ထူးဆန်းနေမိသည်။ ဆေးကို သောက်လိုက်ပြီး ရေခွက်အောက်က စာရွက်ကို သူယူကြည့်လိုက်သည်။ စာရွက်ပေါ်တွင်. . .

မောင်...
ခင် ဈေးသွားလိုက်ပြီ
မောင့် အတွက် မနက်စာကို စားပွဲပေါ်မှာ အဆင်သင့် ပြင်ထားပေးခဲ့တယ်။
နွေးနေတုန်း စားလိုက်ပါနော်...
မောင့်ရဲ့
ခင်

တခုခုတော့ တခုခုပဲ.. ညက မှုးမှုးနှင့် သူဘာတွေပြောမိ လုပ်မိလိုက်ပါလိမ့်.. လူမှန်းမသိ မူးနေတော့ သူ ဘာကိုမှ စဉ်းစားလို့ မရခဲ့။ မေးခွန်းပေါင်းများစွာနှင့် စားပွဲပေါ်က အုပ်ဆောင်းကို မ ကြည့်လိုက်သည်။ မနက်စာက အငွေ့ တထောင်းထောင်းနှင့် တကယ့် စားချင်စဖွယ်... ဘေးတွင် မနက်ပိုင်း သတင်းစာကို တင်ထားသေးသည်။ မနက်စာကို စားရန် သူထိုင်လိုက်စဉ် အခန်းထဲမှ သား ထွက်လာသည်ကို သူမြင်လိုက်တော့...

"သား...မနေ့ညက ဘာတွေ ဖြစ်သေးလဲ"
"အင်း.....မနေ့ညက ညဥ့်နက်မှ ဖေဖေမှုးပြီး ပြန်လာတယ်လေ.. အိမ်ရောက် တော့ မေမေကို အော်ငေါက်တယ်... နောက်ပြီး တွေ့ရာပစ္စည်းတွေကို ရိုက်ခွဲတယ်..."

သား၏ စကားကို သူကောင်းကောင်း သဘော မပေါက်နိုင်သေးဘဲ ထပ်မေးလိုက်မိသည်။

"ဒါဆို ဖေဖေထလာတော့ တအိမ်လုံး သန့်ရှင်းနေတာပဲ။ ရိုက်ခွဲထားတဲ့ အရာ တွေလဲ မတွေ့ပါလား.. ဒါကို သား မေမေက စိတ်မဆိုးတဲ့ အပြင် ဖေဖေအတွက် အင်္ကျီတွေ မနက်စာတွေ အဆင်သင့် ပြင်ထားသေးတယ်"

"အော် အဲဒါလား...မနေ့ညက ဖေဖေမှုးပြီး ပြန်လာတော့.. မေမေက စိတ်ဆိုး တာပေါ့။ ဖေဖေ အော်ငေါက်နေတဲ့ ကြားထဲ မေမေက ဖေဖေ့ကို အခန်းထဲ ဆွဲခေါ်ပြီး အ၀တ်လဲမလို့ ဖေဖေ့ အင်္ကျီကို ချွတ်တော့ ဖေဖေက မေမေ့ကို
တွန်းထုတ်ပြီး အော်လိုက်သေးတယ်"

"ဖေဖေ ဘယ်လို အော်လိုက်သေးတာလဲ...သား"

"ကလေးမ...သွား..ငါ့အနားမလာနဲ့ .. ဝေးဝေးသွား.. ငါ့မှာ အိမ်ထောင်ရှိတယ် တဲ့"

သူ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည်။ နောက် အငွေ့ တထောင်းထောင်း ထနေသော မနက်စာကို မြိုန်ရည်ယှက်ရည် သူစားလိုက်သည်။

သြော်........သူတို့

(၁) သြော်...ယောက်ျား
တွေ့စ
ဟာ.. ချစ်စရာလေး...ဖြူလွှလွှလေး... နတ်သမီးလေးကျနေတာပဲ။

ချစ်စ
ကမ္ဘာပေါ်မှာ အလှဆုံး၊ အကောင်းဆုံး မိန်းကလေး....ငါ့သူ့ကိုပဲ လက်ထပ်မယ်။

လက်ထပ်ပြီး(၁)နှစ်
ငါ့မိန်းမ မဆိုးဘူး။ တော်တယ်လို့ ပြောလို့ရတယ်။ တစ်ခါတလေ စိတ်ကောက်တတ်တာလေး တစ်ခုပဲ။

လက်ထပ်ပြီး(၅)နှစ်
ဒီမိန်းမ ပစိပစပ်နဲ့ ကြာလေဆိုးလေပဲ ငါသည်းခံလို့ မရတော့ဘူး။

လက်ထပ်ပြီး(၁၀)နှစ်
ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံး မိန်းမ...အကျိုးသင့် အကြောင်းသင့် မစဉ်းစားတတ်တဲ့ မိန်းမ ငါဘာလို့ သူ့ကို လက်ထပ်မိပါလိမ့်...

လက်ထပ်ပြီး အနှစ်(၂၀)
သူရဲ့ ဆိုးပြစ်တွေ၊ မကောင်းတဲ့ အကျင့်တွေကို ဖယ်လိုက်တော့ နည်းနည်းခံသာပါသေးတယ်။

လက်ထပ်ပြီး အနှစ်(၃၀)
တစ်ခါတလေမှာ သူသဘောထား ပြည့်ဝရှာပါတယ်။ အိမ်ထောင်လည်း ထိန်းနိုင်တယ်။ ငါ့ကိုလည်း နားလည် ပေးတတ်တယ်။

လက်ထပ်ပြီး အနှစ်(၄၀)
ငါ့မိန်းမ မဆိုးဘူး။ အိမ်မှာနေ အိမ်တာဝန်ကျေသလို.. လူမူရေးမှာလည်း သူလုပ်နိုင်တယ်။ နောင်ဘ၀ရှိရင် သူ့ကိုပဲ ငါလက်ထပ်မယ်။

မိန်းမသေဆုံးပြီးနောက်
ဘယ်လောက်ထိ ၀မ်းနည်းတယ်ဆိုတာ ပြောပြလို့ မတတ်အောင်ပါပဲ။ ငါဟာ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး မိန်းမတစ်ဦးကို ဆုံးရှုံးလိုက်ရပြီ....

(၂) သြော်.....မိန်းမ
တွေ့စ
ဟင်း..မအူမလည်လေး... တုံးအအ ပုံစံလေးနဲ့...ချစ်ဖို့ကောင်းတယ်

ချစ်စ
သူ အရမ်းရိုးသားတာပဲ။ စကားလည်း နားထောင်တယ်။ သနားကမားလေး..ငါ့သူနဲ့ပဲ လက်ထပ်မယ်။

လက်ထပ်ပြီး (၁)နှစ်
သူ မဆိုးဘူး။ ဗဟုသုတလည်းရှိတယ်။ ငါ့ကိုလဲ ကြင်နာတယ်။ ယောက်ျားပီသတယ်။

လက်ထပ်ပြီး (၅)နှစ်
သူတော်မှန်း အခုမှ သိတော့တယ်။ တစ်ခြားယောက်ျားတွေနဲ့ မတူဘူး။ ကြိုးစားတယ်။

လက်ထပ်ပြီး (၁၀)နှစ်
သူဟာ ဒီကမ္ဘာမှာ အကောင်းဆုံး ယောက်ျားပဲ။ သူသာမရှိရင် ငါဘယ်လို အသက်ရှင်ရ မလဲတောင် မသိဘူး။

လက်ထပ်ပြီး အနှစ်(၂၀)
သူ့ရဲ့ ကောင်းကွက်တွေ တစ်ဖြည်းဖြည်း နည်းလာပါလား...

လက်ထပ်ပြီး အနှစ်(၃၀)
မကောင်းတာတွေ ပိုပိုများလာပါလား။ ပျင်းလည်း ပျင်းသေး၊ တုံးလည်း တုံးသေး၊ ခေါင်းက မာသေး...

လက်ထပ်ပြီး အနှစ်(၄၀)
တုံးတုံးအအ ဒီအဘိုးကြီးကို နောင်ဘ၀မှာ ဘာပဲလာပြောပြော မယူဘူး...

ယောက်ျားသေဆုံးပြီးနောက်
ငါ့ကို တစ်ယောက်တည်း ရက်ရက်စက်စက် ထားသွားပြန်ပြီ....

ယောက်ျားနှင့် မိန်းမ

ပိုက်ဆံရှိတဲ့ယောက်ျား အိမ်မပြန်ချင်ဘူး
ပိုက်ဆံရှိတဲ့မိန်းမ အိမ်ထောင်မပြုချင်ဘူး။

ပိုက်ဆံရှိတဲ့ယောက်ျား မြက်နုကြိုက်တယ်
ပိုက်ဆံရှိတဲ့မိန်းမ အငယ်မွေးတယ်။

ပိုက်ဆံရှိ၊ အာဏာရှိတယ်ဆိုရင် လက်ညိုးညွှန်ရာ ရေဖြစ်တယ်။
ပိုက်ဆံမရှိ၊ အာဏာမရှိရင် လက်ညိုးညွှန်တဲ့ ရေဖြစ်တယ်။

ပိုက်ဆံရှိတဲ့ လူတွေအတွက် ဦးနှောက်ခြောက်ခြင်းဟာ လောဘကြောင့်
ပိုက်ဆံမရှိတဲ့ လူတွေအတွက် ဦးနှောက်ခြောက်ခြင်းဟာ ငွေကြောင့်။

ပိုက်ဆံရှိတဲ့ လူတွေက စကားကြီး စကားကျယ် ပြောတယ်။
ပိုက်ဆံမရှိတဲ့ လူတွေက ရီမောစရာပြောတယ်။

ယောက်ျားတွေရဲ့ အသက်အရွယ်ဟာ ရင့်ကျက်ခြင်း သက်သေ
မိန်းမတွေရဲ့ အသက်အရွယ်ဟာ ရင့်ရော်ခြင်း သက်သေ

နာမည်ကြီးချင်ရင် လွယ်ပါတယ်။ လူမုန်းတဲ့အလုပ် များများလုပ်ရုံပါပဲ။
အောင်မြင်ချင်ရင် လွယ်ပါတယ်။ လူကြိုက်တဲ့အလုပ် များများ လုပ်ရုံပါပဲ။

အောင်မြင်ဖို့ရာ လွယ်ပါတယ်။
အဲဒီ အောင်မြင်မှုကို ထိန်းဖို့ရာ ခက်တယ်။

စည်းစနစ်များသူကို လူတွေ အပြစ်မဆိုဘူး။
စကားများသူကို လူတွေ အပြစ်ဆိုတယ်။

အကောင်းဖြစ်ဖို့အတွက် အချိန်တစ်ချိန်လိုတယ်။
အဆိုးဖြစ်ဖို့အတွက် တစက္ကန့်တောင် မလိုဘူး။

ယောက်ျားနဲ့ မိန်းမ

ယောကျာ်းနဲ့မိန်းမ အကြောင်းကို အင်တာနက်ပေါ်မှာ တော်တော်များများ ဖတ်မိပေမဲ့ မရေးဖြစ်တာ အတော်ကြာခဲ့ပြီ။ ယောက်ျားနဲ့မိန်းမ ဆိုတဲ့အတိုင်း မတူညီတဲ့ အမျိုးအစားနှစ်ခုမှာ မတူညီတဲ့ အမြင်တွေရှိတတ်တာကြောင့် ငြင်းဆန်မှုတွေ ဖြစ်မှာစိုးလို့ပါ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ပြုံးချင်စရာ ယောက်ျားနဲ့မိန်းမရဲ့ အမြင်တွေကို မျှဝေလိုက်ပါတယ်။

(၁)
ယောက်ျား ။။။။။ ချစ်သူဖြစ်တာလဲ ကြာပြီ။ ကိုယ်တို့ အတူနေကြရအောင် (living together)
မိန်းမ ။။။။။ ဟင့်အင်း.. အဲဒီလိုနေရင် မိဘတွေက ကျွန်မကို ခွင့်လွတ်မှာ မဟုတ်ဘူး။
ယောကျာ်း ။။။။။ ဒါဆို ကိုယ်တို့ လက်ထပ်ရအောင်
မိန်းမ ။။။။။ ကျွန်မကိုယ်ကျွန်မ ခွင့်လွတ်မှာ မဟုတ်ဘူး။

(၂)
မိန်းမ ။။။။။ ယောက်ျားလေးတစ်ယောက်မှာ လက်ထပ်ဖို့ ဘာတွေလိုသလဲ
ယောက်ျား ။။။။။ သတ္တိ.. မိန်းကလေးမှာရော ဘာတွေလိုသလဲ
မိန်းမ ။။။။။ ကုသိုလ်ကံ

(၃)
က မိန်းမ ။။။။။ မိန်းကလေးတွေက တာရှည်ခံတဲ့ အရာတွေကို တန်ဖိုးထား မြတ်နိုးတတ်တယ်လို့ ငါနိမိတ်ပြတော့ ချစ်သူက ငါ့ကို စိန်လက်စွပ် တစ်ကွင်းဝယ်ပေးတယ်။ နင်လဲ အဲလိုပြောကြည့်ပါလား..

ခ မိန်းမ ။။။။။ အဲဒီနည်း ငါ အစောကြီးကတည်းက သုံးပြီးပြီ။ သူက ငါ့ကို မပုပ်မသိုးဆေး တစ်ထုပ် ၀ယ်ပေးလိုက်တယ်။

(၄)
ယောက်ျား ။။။။။ ပစ္စည်းတွေ ဒီလောက်ဝယ်နေတာ လိုအပ်လို့ ၀ယ်တာလား.. လောဘတက်လို့ ၀ယ်တာလား...
မိန်းမ ။။။။။ လိုအပ်လို့ပေါ့ရှင်
ယောက်ျား ။။။။။ ဘာတွေလိုအပ်နေလို့လဲ
မိန်းမ ။။။။။ လောဘတက်ဖို့ လိုအပ်နေတာ

(၅)
မိန်းမ ။။။။။ အောင်မြင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ နောက်ကွယ်မှာ မိန်းမတစ်ယောက်ရှိလို့
ယောက်ျား ။။။။။ ဒီလိုဆိုရင် မအောင်မြင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ နောက်ကွယ်မှာကော
မိန်းမ ။။။။။ မိန်းမတွေ အများကြီးရှိလို့

၉၀% သော ယောက်ျားများ

၉၀% သော ယောက်ျားများဟာ ဇနီးတွေနဲ့အတူ ဈေးမထွက် ၀ယ်ချင်ကြဘူး။
၉၀%က သွားဝယ်ဖြစ်ရင်လည်း မိန်းမတို့ရဲ့ စေခိုင်းမှုကြောင့်ဖြစ်တယ်။

၉၀% သော ယောက်ျားများဟာ ယောက္ခမအိမ်ကို အလည်အပတ် မသွားချင်ကြဘူး။
၉၀%က သွားဖြစ်ရင်လည်း ဇနီးကို မျက်နှာသာ ပေးခြင်းတာဖြစ်တယ်။

၉၀% သော ယောက်ျားများဟာ သူဌေးအိပ်မက်ကို မက်တတ်ကြတယ်။ ချမ်းသာရင်
သားသမီးကလွဲလို့ အရာအားလုံးကို လဲပစ်ချင်ကြတယ်။ ဒါပေမဲ့ ၉၀% က ဘယ်မှ မလဲဖြစ် ကြဘူး။

၉၀% သော ယောက်ျားများဟာ မိန်းကလေးတွေနား ချည်းကပ်ပြီး ကိုယ့်ရဲ့ ကောင်းတဲ့ အပြုအမှုနဲ့ မိန်းကလေးတွေကို စောင့်ရှောက်ရဖို့ မျှော်လင့်တတ်ကြတယ်။ ဒါပေမဲ့ ၉၀% က မျှော်လင့်ချက် မပြည့်ခဲ့ကြဘူး။

၉၀% သော ယောက်ျားများဟာ တဏှာနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်ကြတယ်။ ဒါပေမဲ့ ၉၀%က သူတို့ စိတ်ကူးယဉ်တဲ့ အထဲမှာ အိမ်က မိန်းမ ပါမနေဘူး။

၉၀% သော ယောက်ျားများဟာ ကိုယ်လုပ်သမျှ အကောင်းချည်းလို့ ထင်ကြပေမဲ့
၉၀%က မိန်းမတွေရဲ့ အပြစ်ပြောတာကို ခံရတယ်။

၉၀% သော ယောက်ျားများဟာ မိန်းမကို ပစိပစပ်များတယ်လို့ ထင်ကြပေမဲ့
၉၀%က အဲဒီ ပစိပစပ်ကိုပဲ နားထောင်နေရတယ်။

၉၀% သော ယောက်ျားများဟာ ကိုယ့်ရဲ့ အားနည်းချက်ကို သိတယ်။
ဒါပေမဲ့ ၉၀%က ပြုပြင်လို့ မရခဲ့ဘူး။

၉၀% သော ယောက်ျားများဟာ မိန်းမလှလေးကို မြင်ရင် ၉၀%က သူဘယ်သူနဲ့ ဖြစ်နေလဲ။ ငါ မရလိုက်တာ နာသကွာဟု တွေးတတ်ကြသည်။

ယောက်ျားနှင့် မိန်းမ

၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေးတယ်ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့ မှတ်ဥာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ သိရတယ်။ ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူ ပိုထက်တယ်လို့ ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင်တတ်ကြသည်။

၂) မိန်းကလေးတွေက ရေတာဖမ်းစက်နဲ့ တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့ ကြိုးစားလို့ မရဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာ ခန္ဓာစကား (body language) ကို နားလည်တဲ့ အစွမ်းရှိတာကြောင့် ယောက်ျားလေးတွေကို ကိုယ်အမှုအရာတွေနဲ့ လှည့်စားလို့ရတယ်။

၃) မိန်းကလေးတွေက တစ်ဖက်မှာ စကားကို အကျယ်ကြီး ပြောရင်း တစ်ဖက်မှာ စဉ်းစားတယ်။ ယောက်ျားလေးတွေက အဲဒီလို မဟုတ်ဘူး။ ဒါကြောင့် ယောက်ျားလေးတွေက မိန်းကလေးတွေကို ပစိပစပ် များတယ်လို့ ထင်ကြတယ်။

၎) မိန်းကလေးတွေက သူတို့မကျေနပ်တာ၊ စိတ်ညစ်တာတွေကို ရင်ဖွင့်တာဟာ စိတ်ဖိအားကို လျော့စေချင်လို့ဖြစ်တယ်။ ယောက်ျားလေးတွေ ဆီကနေ အကြံဥာဏ် ရချင်လို့ မဟုတ်ပါဘူး။ သူတို့ရင်ဖွင့်တာကို နားထောင်ပေးမယ့်လူ ရှိဖို့ပါပဲ။

၅) ယောက်ျားလေးတွေက ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း စိတ်ခံစားမှုကို စာစီပြီး မဖွဲ့နွဲ့ပြတတ်ဘူး။ ဒါကြောင့် ကိုယ့်ချစ်သူကို ကတ်လေးတွေ လက်ဆောင်ပေးတဲ့အခါ ကိုယ်ရေးဖို့နေရာ မရှိအောင် စာတွေ အများကြီးပါတဲ့ ကတ်ကိုပဲ ရွေးဝယ်တတ်ကြတယ်။

၆) မိန်းကလေးတွေက စပြီး လမ်းခွဲစကား ပြောတာဟာ ယောက်ျားလေးတွေ ပေးကမ်းတဲ့ လက်ဆောင် ပစ္စည်းတွေ မလုံလောက်လို့ မဟုတ်ဘူး။ သူတို့အတွက် အချစ်တွေ မလုံလောက်ဘူးလို့ ထင်လို့ပါ။

၇) မိန်းကလေးတွေက တစ်နေ့ကို စကားလုံးပေါင်း ၂သောင်းကျော် သုံးပြီး စကားပြောတတ်ကြတယ်။ ယောက်ျားလေးတွေက ၇ထောင်ကျော်ပဲ သုံးတယ်။

၈) အချစ်ရေးမှာ အဆင်မပြေတဲ့ မိန်းကလေးတွေက အလုပ်ကို စိတ်ဝင်တစား မလုပ်တတ်ကြဘူး။ အလုပ်အဆင်မပြေတဲ့ ယောက်ျားလေးတွေက အချစ်ရေးကို စိတ်ဝင်မစားကြဘူး။

၉) ယောက်ျားလေးတွေက တစ်ကြိမ်မှာ အလုပ်တစ်ခုပဲ လုပ်နိုင်တယ်။ ဥပမာ ကားရပ်ပြီး ကားကက်ဆက်ကို ပိတ်ပြီးမှ လမ်းညွှန်မြေပုံကို ကြည့်တတ်ကြတယ်။ မိန်းကလေးတွေက တစ်ကြိမ်ထဲမှာ အလုပ်အများကြီး လုပ်နိုင်တယ်။ ဥပမာ တီဗွီကြည့်ရင်း ဖုန်းပြောရင်း လက်သည်းတွေ ပြင်နေတတ်သလို ဖုန်းပြောရင်း ကြော်လှော်နေလို့ရတယ်။

၁၀) ယောက်ျားလေးအများစုက ကိုယ့်ချစ်သူနဲ့ ဈေးဝယ်ထွက်ပြီး မိနစ်၂၀ ကြာရင် ဦးနှောက် သွေးယိုစီးတဲ့ လက္ခဏာ ဖြစ်တတ်တယ်။

၁၁) ယောက်ျားလေးတွေရဲ့ ဦးနှောက်ထဲမှာ ၁၅% ကနေ ၂၀% အထိလောက်က မိန်းကလေးဆန်တဲ့ အစိတ်အပိုင်းရှိပြီး မိန်းကလေးတွေမှာ ၁၀% လောက်သာ ယောက်ျားဆန်တဲ့ အစိတ်အပိုင်းရှိတယ်။ ဒါကြောင့် ယောက်ျားလိင်တူ ချစ်ကြိုက်နှုန်းဟာ မိန်းကလေးလိင်တူ ချစ်ကြိုက်နှုန်းထက် များခြင်းဖြစ်တယ်။

ချမ်းသာသူကို ဘယ်လိုလက်ထပ်ယူရမလဲ?

လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက် အမေရိကားရှိ စီးပွားရေးဖိုရမ်တစ်ခုမှာ "ကျွန်မ ဘယ်လိုလုပ်မှ ချမ်းသာတဲ့သူကို ရနိုင်မလဲ" လို့ ခေါင်းစဉ်တပ်ပြီး အောက်ပါအတိုင်း မေးခဲ့တယ်။

"အောက်ကစာတွေက ကျွန်မစိတ်ထဲက စကားတွေပါ။ ကျွန်မ အသက်၂၅နှစ်၊ လူတကာ ငေးမောရလောက်အောင် လှတယ်။ စကားပြော ယဉ်ကျေးတယ်။ သိမ်မွေ့တယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅သိန်း ၀င်ငွေရှိသူကို လက်ထပ်ယူချင်ပါတယ်။ ကျွန်မကို လောဘကြီးတယ်လို့ လူတွေထင်ကြမယ်။ ဒါပေမဲ့ နယူးယောက်လို နေရာမျိုးမှာ တစ်နှစ်ကို ဒေါ်လာ ၁၀သိန်း ရသူကတောင် အလယ်အလတ်တန်းစား ဖြစ်တဲ့အတွက် ကျွန်မတောင်းဆိုတာ မများဘူးလို့ ထင်ပါတယ်။

ဒီဖိုရမ်မှာ တစ်နှစ် ၅သိန်း ၀င်ငွေရှိတဲ့ လူမရှိဘူးလား? သူတို့ လက်ထပ်ကုန်ပြီလား? အားလုံးကို ကျွန်မ မေးခွန်းတစ်ခု မေးချင်ပါတယ်။ ကျွန်မဘယ်လိုလုပ်မှ ရှင်တို့လို သူဌေးတွေကို ရနိုင်မလဲ? ကျွန်မချိန်းတွေ့ဖူးတဲ့ လူတွေထဲမှာ အချမ်းသာဆုံးက တစ်နှစ် ၀င်ငွေ ၂သိန်းခွဲရတဲ့ လူတွေဖြစ်တယ်။ ဒါ ကျွန်မရဲ့အနှိမ့်ဆုံး ကန့်သတ်ချက်ပေါ့။ နယူးယောက်မြို့လယ်မှာ နေဖို့ဆိုတာ တစ်နှစ်ဝင်ငွေ ၂သိန်းခွဲနဲ့ ဘယ်လိုမှ မလောက်နိုင်ပါဘူး။ ကျွန်မက တကယ်အကြံဥာဏ် လာတောင်းသူပါ။ ကျွန်မ ထပ်မေးချင်ပါတယ်။

(၁) သူဌေးလူလွတ်တွေ ဘယ်မှာအချိန်ဖြုန်းကြသလဲ? (အရက်ဘား၊ ဟိုတယ်၊ gym စတာတွေရဲ့ လိပ်စာ အတိအကျကို သိချင်ပါတယ်)

(၂) ဘယ်အရွယ် သူဌေးတွေကို ကျွန်မ ပစ်မှတ်ထားရမလဲ?

(၃) ဘာဖြစ်လို့ တစ်ချို့သူဌေးတွေရဲ့ ဇနီးမယားတွေက ရုပ်ရည်အတင့်အသင့်ပဲ ရှိကြတာလဲ
? ကျွန်မမြင်ဖူးတဲ့ တစ်ချို့မိန်းကလေးရဲ့ ရုပ်ရည်က ရွက်ကြမ်းရေကျိုပဲ။ ဘာဆွဲဆောင်မှုမှ မရှိကြဘူး။ ဒါပေမဲ့ သူတို့ သူဌေးတွေကို လက်ထပ်နိုင်ခဲ့တယ်။ လူတကာငေးမောရတဲ့ အရမ်းလှ၊ အရမ်းချောတဲ့ မိန်းမတွေက ကံမကောင်းကြဘူး။

(၄) ဘယ်မိန်းကလေးမျိုးကို လက်ထပ်မယ်၊ ဘယ်မိန်းကလေးမျိုးကိုတော့ အပျော်တွဲမယ်လို့ ရှင်တို့ ဘယ်လို သတ်မှတ်ကြသလဲ? (အခု ကျွန်မရဲ့ ရည်ရွယ်ချက်က လက်ထပ်ဖို့ပါ)
                                                                                                   Bowers
 
 သူ့အမေးကို နယူးယောက် Wall Street မှာ အလုပ်လုပ်နေသူတစ်ဦးက အောက်ပါအတိုင်း ဖြေခဲ့တယ်။

"ချစ်လှစွာသော Bowers
ရေးထားတဲ့ စာအားလုံးကို ကျွန်တော် စိတ်ဝင်တစားဖတ်ခဲ့ပါတယ်။ မိန်းကလေး အများကလည်း ခင်ဗျားလိုပဲ မေးချင်ကြမယ် ထင်ပါတယ်။ ခင်ဗျားရဲ့အမေးကို ရင်းနှီးမြှုပ်နှံသူ ရှုထောင့်ကနေ ကျွန်တော်ဖြေပါရစေ။ ကျွန်တော်ရဲ့ နှစ်စဉ်ဝင်ငွေ ဒေါ်လာ၅သိန်း ကျော်ပါတယ်။ ဒါကြောင့် လူတွေရဲ့ အချိန်ကို ကျွန်တော် မဖြုန်းဘူးလို့ ယုံကြည်ပါတယ်။

စီးပွါးရေးသမားတစ်ဦးရဲ့ အမြင်ကနေကြည့်ရင် ခင်ဗျားနဲ့လက်ထပ်တာ အဆိုးဝါးဆုံး ရောင်းဝယ်မှုပဲဖြစ်တယ်။ အကြောင်းက ရှင်းရှင်းလေးပါ။ ကျွန်တော်ရှင်းပြပါရစေ။ ခင်ဗျားပြောတဲ့ စကားအရဆိုရင် ဒါဟာ "ရုပ်ရည်" နဲ့ "ငွေကြေး" လဲလှယ်မှု တစ်ခုပါပဲ။ တစ်ဖက်က ရုပ်ရည်ပေးမယ်၊ တစ်ဖက်က ငွေကြေးပေးမယ်။ ဒါဟာ သင့်မြတ်တဲ့ လဲလှယ်မှုပေါ့။ ဒါပေမဲ့ မပြောမဖြစ် ပြောစရာတစ်ခုရှိတယ်။ ခင်ဗျားရဲ့ ရုပ်ရည်က ပျောက်ပျက်တတ်တယ်။ ငွေတွေက ဘာမှမလုပ်ပဲနဲ့တော့ မပျောက်ပျက်သွားတတ်ဘူး။ ကျွန်တော်ရဲ့ ၀င်ငွေက တစ်နှစ်ထက် တစ်နှစ်တိုးနေမှာပဲ။ ခင်ဗျားက တစ်နှစ်ထက်တစ်နှစ် လှပနိုင်မှာ မဟုတ်ဘူး။

စီးပွါးရေးပညာအရ ပြောရမယ်ဆိုရင် ကျွန်တော်က တန်ဖိုးတက်ပစ္စည်း၊ ခင်ဗျားက တန်ဖိုးကျပစ္စည်း ဖြစ်တယ်။ ကျတာတောင်မှ အရှိန်အမြန်နဲ့ကျမယ့် ပစ္စည်းဖြစ်တယ်။ ခင်ဗျား အခု ၂၅နှစ် နောက်ထပ် ၅နှစ်မှာ ခင်ဗျား အခုလို လှပတဲ့ကိုယ်လုံး၊ မြင်သူငေးတဲ့ ရုပ်ရည်က တစ်နှစ်ထက် တစ်နှစ် ဆုတ်လျှော့လာမှာပဲ။ လှပတဲ့ မျက်နှာက ဆုတ်လျှော့တာ ပိုမြန်လိမ့်မယ်။ တကယ်လို ရုပ်ရည်ဟာ ခင်ဗျားရဲ့ အရင်းအနှီးဆိုရင် နောင် ၁၀နှစ်မှာ ခင်ဗျား ဘာမှမရှိတော့ဘူး။

ကျွန်တော်တို့ Wall Street စကားအရ ပြောရမယ်ဆိုရင် ရောင်းဝယ်တဲ့ ပစ္စည်းတိုင်းမှာ အနေအထားတစ်ခုတော့ ရှိတယ်။ ခင်ဗျားနဲ့ ဆိုရင်တော့ လဲလှယ်မှု အနေအထား (trading position)ပေါ့။ ဈေးကျတာနဲ့ ချက်ချင်း လက်လွတ်လိုက်ရတယ်။ ကြာရှည် သိမ်းထားလို့ မဖြစ်ဘူး။ ဈေးကျမြန်တဲ့ ပစ္စည်းတစ်ခုကို လူတွေက အပိုင်ဝယ်မထားဘဲ ခဏတဖြုတ်သာ ချေးငှားကြမှာပဲ။ တစ်နှစ် ၀င်ငွေ ၅သိန်းဝင်တဲ့ လူတွေက လူတုံးလူအတွေတော့ မဟုတ်ကြဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ခင်ဗျားကို ခဏတဖြုတ်ပဲ တွဲကြမယ်။ လက်ထပ်ဖို့အထိတော့ ရည်ရွယ်ကြမှာ မဟုတ်ဘူး။ သူဌေးတွေကို ဘယ်လို လက်ထပ်ယူရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ပင်ပင်ပန်းပန်း ရှာမနေပါနဲ့လို့ ကျွန်တော် အကြံပေးပါရစေ။

ကိုယ့်ကိုယ်ကို တစ်နှစ်ဝင်ငွေ ၅သိန်းဝင်တဲ့လူဖြစ်အောင် ကြိုးစားတာက တုံးအတဲ့ သူဌေးတစ်ယောက်ကို လက်ထပ်ယူတာထက်စာရင် ပိုမြတ်တယ်လို့ နောက်ဆုံး စကားတစ်ခွန်း ပါးလိုက်ပါတယ်။

လက်ထပ်ရှင်းတမ်း

လွန်ခဲ့တဲ့ ၁၄နှစ်က မိုးသည်းသည်းမည်းမည်း ရွာတဲ့ညတစ်ညမှာ မိဘဆွေမျိုးတွေကို ဆန့်ကျင်ပြီး သိပ်ချစ်ရတဲ့နင့်နောက် ငါလိုက်ခဲ့တယ်။ နင့်မှာ ဖျားနာနေတဲ့ မိခင်ရယ်၊ အိုမင်းနေတဲ့ ဖခင်နဲ့ သွပ်တစ်ခြမ်းခွါရောင်းထားတဲ့ အိမ်အိုတစ်လုံးအပြင် ငါရှိခဲ့သေးတယ် မဟုတ်လား? ဒီမြို့ကို အလုပ်လုပ်ဖို့ လာခဲ့တဲ့ ခရီးစရိတ်အတွက် ငါအစားထိုးဆရာမ တစ်လလုပ်ခဲ့ရတယ်။ ငါအပင်ပန်းခံခဲ့သမျှက နင်နဲ့အတူ သက်ဆုံးထိတိုင် နေသွားရဖို့ပါပဲ။

ငါလူရွေးမမှားခဲ့ဘူးလို့ပဲ ပြောရမယ်။ နင်အလုပ်ကြိုးစားခဲ့တယ်။

၁၀နှစ်လွန်သွားတော့မှ ငါ့အိမ်ကလူတွေ ငါ့အတွက် သက်ပြင်းချနိုင်ခဲ့တယ်။ ငါ့မိဘတွေ ငါလူရွေးမမှားခဲ့မှန်း သိပြီး ခွင့်လွတ်တဲ့အချိန်မှာ တိုက်တွေ၊ ကားတွေ ငါတို့ပိုင်ဆိုင်ခဲ့ပြီလေ။ ဥစ္စာပစ္စည်းတွေ ပိုင်ဆိုင်လာသလို နင့်မှာ "နှလုံးသားချင်း နားလည်တဲ့သူ" နောက်တစ်ယောက်ရှိလာတယ်လို့ နင်ငါ့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောလာခဲ့တယ်။ ကွာရှင်းစာချုပ်မှာ ငါလက်မှတ်ထိုးပေးရင် ပိုင်ဆိုင်သမျှနဲ့ ကလေးတွေ ငါ့ကိုပေးမယ်လို့ နင်ပြောတယ်။

ငါရယ်ပြီး နင့်ကို နောက်၃ရက်နေမှ အဖြေပေးမယ်လို့ ပြောခဲ့တယ်။ ၄ရက်မြောက်နေ့မှာ အချက်အလက်တွေခွဲပြီး ငါရေးထားတဲ့ စာရင်းစာရွက် နင့်ကိုပြခဲ့တယ်။

၁) အိမ်ထောင်သက် ၁၀နှစ်မှာ ည၀တ်အင်္ကျီ ၃စုံ၊ အိမ်နေစီး ဖိနပ် ၄ရံနဲ့ သားရေဖိနပ် ၂၁ ရံ နင်စီးခဲ့တယ်။ သားရေဖိနပ် အရေအတွက်က ပိုများနေတယ်။ အကြောင်းက ငွေရှာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်မှာပဲ နင်အနေများခဲ့တယ်။ ဒါကြောင့်လည်း "နှလုံးသားချင်း နားလည်တဲ့သူ" နဲ့ နင်တွေ့ခဲ့တာ ဖြစ်တယ်။

၂) အိမ်ထောင်သက် ၁၀နှစ်မှာ ည၀တ်အင်္ကျီ ၁၀စုံ၊ အိမ်နေစီးဖိနပ် ၁၁ရံနဲ့ သားရေဖိနပ် ၁၆ရံ ငါစီးခဲ့တယ်။ ငါ့ရဲ့အိမ်နေစီးဖိနပ်ရော သားရေဖိနပ်ရော များခဲ့တယ်။ မိသားစုတာဝန်နဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ပြီး အိမ်မှာပဲ ငါအနေများခဲ့လို့ဖြစ်တယ်။ နင်နဲ့အတူ အပြင်ထွက်ပြီး ဒိုးတူပေါင်ဖက် ငါတို့ရုန်းခဲ့တဲ့အချိန်လည်း ရှိတာပဲ။ ပင်ပန်းတဲ့ဒဏ်ကြောင့် လတ်ဆတ်မှုမရှိတော့တဲ့ ငါ့ရုပ်ရည်က နင့်အတွက် အိမ်မှာသိမ်းထားဖို့ပဲ ဖြစ်ခဲ့ရတယ်။

၃) အိမ်ထောင်သက် ၁၀နှစ်မှာ နင့်အရည်အချင်းတွေ xဆ တက်ခဲ့တယ်။ ကွာရှင်းပြီးတဲ့နောက် "အဖက်ဖက်မှာ အောင်မြင်ပြီး ရင့်ကျက်နေတဲ့" နင့်ကိုယူဖို့ တန်းစီစောင့်နေတဲ့ မိန်းမတွေထဲမှာ ကြိုက်တဲ့တစ်ယောက်ကို နင်ရွေးယူလို့ရတယ်။

၎) အိမ်ထောင်သက် ၁၀နှစ်မှာ ငါ့ရုပ်ရည်၊ ငါ့ဖျတ်လတ်မှုတွေ အဆတစ်သောင်း ထိုးကျသွားတယ်။ အမှန်အတိုင်းပြောရရင် နောက်အိမ်ထောင်ပြုဖို့ ငါ့အတွက် အခွင့်အရေးက ၁% ပဲရှိတယ်။ ငါ့နဲ့ရွယ်တူကို ငါမယူနိုင်တော့သလို ကလေးတွဲလောင်းနဲ့ တခုလပ်မကို ဘယ်ယောက်ျားကများ ယူချင်မလဲ?

၅) အိမ်ထောင်သက် ၁၀နှစ်မှာ အလုပ်များတဲ့နင် ငါ့ကို ထမင်း၂၆ခါ ချက်ကျွေးဖူးတယ်။

၆) အိမ်ထောင်သက် ၁၀နှစ်မှာ အလုပ်များတဲ့ငါ နင့်ကို ၃၆၅ရက်လုံးလုံး တစ်နေ့ ၃နပ် ချက်ကျွေးခဲ့တယ်။

၇) အိမ်ထောင်သက် ၁၀နှစ်မှာ ကလေးတစ်ယောက်မွေးဖို့ ငါ၁၀လအချိန်ယူခဲ့တယ်။ မွေးဖွားပြီး ၁၀နှစ်လောက် ငါပြုစုစောင့်ရှောက် ပျိုးထောင်ခဲ့ရတယ်။

၈) အိမ်ထောင်သက် ၁၀နှစ်မှာ ကလေးတစ်ယောက်မွေးပြီး နာမည်မှည့်ပေးဖို့ နင် ၁၀မိနစ်အချိန်ယူခဲ့တယ်။

၉) အိမ်ထောင်သက် ၁၀နှစ်မှာ နင့်မိဘတွေနဲ့ ငါသင့်မြတ်အောင် နေခဲ့တယ်။ နင့်မိဘတွေကို ငါဘယ်တော့မှ စကားကျယ်ကျယ် မပြောခဲ့ဖူးဘူး။

၁၀) အိမ်ထောင်သက် ၁၀နှစ်မှာ ငါ့ကိုချစ်တဲ့ ငါ့မိဘတွေကို နင်လုံးဝ ခွင့်မလွတ်နိုင်ခဲ့ဘူး။ အဖေ၊ အမေလို့လည်း နင်တစ်ခွန်းမှ မခေါ်ခဲ့ဖူးဘူး။ နင်ဆင်းရဲသား ဘ၀တုန်းက သူတို့ကိုခေါ်ရင်လည်း ပြန်မထူးမှာစိုးလို့ နင်မခေါ်ခဲ့သလို ချမ်းသာလာလည်း နင်သူတို့ကို အရေးလုပ်ပြီး မခေါ်ခဲ့ဘူး။ နင်လည်း နင့်သမီးကို ချမ်းသာတဲ့လူနဲ့ပဲ ရစေချင်တယ် မဟုတ်လား?

ငါရေးထားတဲ့ စာရင်းတွေကို ဖတ်ပြီး ငါရှေ့မှာ ကွာရှင်းပေးပါလို့ ငါမျက်နှာကိုကြည့်ပြီး နင်ပြောခဲ့ရင် ကွာရှင်းစာချုပ်မှာ အချိန်မရွေး ငါလက်မှတ်ထိုးပေးမယ်။

ဒီလိုနဲ့ပဲ နင်ပြောလာမယ့်ရက်ကို ငါ၁နှစ်စောင့်ခဲ့တယ်။ ကွာရှင်းဖို့ နင်လုံးဝ မဟတဲ့အပြင် အိမ်စောစော ပြန်လာတတ်တယ်။ အိမ်အလုပ် ကူလုပ်လာတယ်။ လုပ်ခဲ့မိတဲ့အမှားတွေအတွက် အပြစ်တွေကို နင်ပေးဆပ် နေတာလား? ဒါမှမဟုတ် စာနာစိတ်ရှိတဲ့လူတွေ ပိုများလာလို့ပဲလား? ဒါကြောင့် ဒီလောကမှာ လူနေအိမ်တွေက ထောင်ထက် ပိုများလာခဲ့တယ်။

သြော် ...... မိန်းမ

မ"စိတ်ကို နားမလည်သော ဥပမာ

မး မောင် အိပ်ချင်ပြီလားဟင်?
မောင်း အင်း.. ဒီနေ့ ပင်ပန်းလာတယ်။
မး ကောင်းပြီလေ.. ဒါဆို စောစောအိပ်နော် မ" မနှောင့်ယှက်တော့ဘူး။
မောင်း အင်း.. မ"လဲ စောစောအိပ်နော်
မောင်ပြောရင်း ဆိုရင်း ဖုန်းချလိုက်သည်။ ၅မိနစ်နေပြီးနောက် ဖုန်းမြည်လာသည်။ မောင် အိပ်ချင်မူးတူး အသံဖြင့် " ဟလို"။ တစ်ဖက်က တုန့်ပြန်သံကို မကြားရ...

မောင်း ဘယ်သူလဲ?
မး မ"ကို စိတ်ကုန်နေပြီလားဟင် ?
မောင်း အမ်.. ဘာပြောလိုက်တယ်?
မး ..............
မောင်း ဘာဖြစ်တာလဲ မရယ် ?
မး မ"ကို သိပ်ရှုပ်တာပဲလို့ မောင်ထင်နေပြီ မဟုတ်လား?
မောင်း မထင်ပါဘူး မရယ်။ ဘာဖြစ်လို့လဲ?
မး ...................
မောင်း မ" စိတ်ထဲမှာ ဘာဖြစ်နေလဲ? မ" မပြောရင် မောင် ဘယ်သိမလဲ?
မး စကားပြောရင်း ပြောရင်း မောင်ဘာဖြစ်လို့ သမ်းနေတာလဲ။ ပြီးတော့ ဘာဖြစ်လို့ အရင်အိပ်လိုက်တာလဲ?

မောင်း ဟင်.. မ" ပဲ မောင့်ကို စောစောအိပ်ဆို !
မး မောင်ပဲ အိပ်ချင်ပြီဆို.. မ" ဘာလုပ်ရမလဲ ?
မောင်း မောင်နဲ့စကား ဆက်ပြောချင်သေးတယ်ဆိုရင် ပြောပေါ့ မ" ရယ်။ စောစောအိပ်ခိုင်းပြီး ခုတော့ စိတ်ကောက်နေပြီ !

မး ဘယ်သူ စိတ်ကောက်နေလို့လဲ
မောင်း ဒါလား စိတ်မကောက်တဲ့ လေသံ.. အိုကေ.. အိုကေ နောက်ဆို မောင်မအိပ်တော့ဘူး။ ကောင်းပြီလား?

မး အဓိပ္ပါယ်မရှိလိုက်တာ.. မောင်စိတ်လိုလက်ရနဲ့ ပြောတာပဲလိုချင်တယ်။ မ" စိတ်ကောက်မှာစိုးလို့ လိုက်လျှောတယ်ဆိုတာမျိုး မလိုချင်ဘူး..

နောက်ဆုံး မ"ကို နာရီဝက်ကြာ ချော့လိုက်ရသည်။ မအိပ်ခင် စိတ်ကတောက်ကဆတ် ဖြစ်ခဲ့ရသည့်အတွက် တော်ရုံနှင့် အိပ်မပျော်ပြန်။ အင်း.. ကံမကောင်းရင် မနက်လည်း ရှစ်ခေါက်ချိုး မျက်နှာကို မြင်ရဦးမယ်..

မ" စိတ်ကို နားလည်သော ဥပမာ

မ" နဲ့ မောင် စကားပြောကောင်းနေတုန်း မောင် သမ်းဝေမိတယ်။
မး မောင် အိပ်ချင်ပြီလားဟင်?
မောင်း အင်း.. ဒီနေ့ ပင်ပန်းလာလို့ အိပ်တော့ အိပ်ချင်ပြီ။ ဒါပေမယ့် ရပါတယ် မ" ဆက်ပြောလေ မောင်နားထောင်နေတယ်။

မး အင်း... မောင် ပင်ပန်းလာပြီပဲ မောင် အရင်အိပ်လိုက်ပါ
မောင်း အင်း.. အလုပ်တွေရှုပ်နေလို့ ဒီနေ့ နေ့လယ်မနားလိုက်ရဘူး။ မနက်ဖြန် မနက်အစောကြီး မ"ဆီ မောင်ဖုန်းဆက်လိုက်မယ်လေ။ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့ မကောင်းဘူးလား?

မး အင်း... မောင် ပင်ပန်းနေပြီ။ ဒါဆို အိပ်တော့လေ မောင်
မောင်း မ" ကော ဘယ်တော့ အိပ်မှာလဲ?
မး မသိသေးဘူး။ တအောင့်နေရင်တော့ အိပ်မှာပါ။
မောင်း အင်း... ညဥ့်သိပ်မနက်စေနဲ့နော် မ။ ကျန်းမာရေး ထိခိုက်တတ်တယ်။ မ" ကို မောင် စိတ်ပူတယ်။

မး အင်းပါ... မောင်ရယ်
မောင်း မ"ကို အရမ်းချစ်တယ်
မး မ" လည်းချစ်တယ်။ ကောင်းကောင်းအိပ်နော်။
မောင်း ဟုတ်ကဲ့ မ"

မ" ဖုန်းချလိုက်သည်။ မနက်ဖြန်မနက် မ"ဆီမှ morning call ရှိကောင်းရှိနိုင်သည်။ မောင် အိပ်မက်လှလှ မက်နေပြီ....

Mar 25, 2011

တိုးတိုးတိတ်တိတ် စကား(၁ဝ)ခွန်း

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇) နူးညံ့ပါ
မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။

အော်.. ယောက်ျား

ချစ်စကြင်စ
၆ရက်အကြာ..... ငါ နင့်ကိုချစ်တယ်၊ ငါ နင့်ကိုချစ်တယ်။
၆လအကြာ....... အင်း ဟုတ်တယ်.. ချစ်ပါတယ်။
၆နှစ်အကြာ...... အော်.. နင့်ကို မချစ်ရင် ငါလက်ထပ်ခွင့်တောင်းပါ့မလား?

လက်ထပ်ပြီးစ.......

အလုပ်အပြန်
၆ရက်အကြာ..... အချစ်လေးရေ.. မောင်ပြန်လာပြီ
၆လအကြာ...... ပြန်လာပြီဟေ့
၆နှစ်အကြာ...... ငါပြန်လာပြီကွ.. ထမင်းကျက်ပြီလား?

ဧည့်ခန်းတွင်
၆ရက်အကြာ...... ချစ်မိန်းမရေ.. ချစ်မိန်းမနဲ့ ပြောချင်လို့တဲ့
၆လအကြာ........ ရော့ မင်းဖုန်း!
၆နှစ်အကြာ........ ရော်.. ဖုန်းကိုင်လိုက်လေ

မီးဖိုထဲတွင်
၆ရက်အကြာ...... ဝါး.. အစားအစာတွေ ဒီလောက်အရသာရှိမှန်း ခုမှပဲသိတော့တယ်
၆လအကြာ........ ဒီည ဘာစားမလဲ?
၆နှစ်အကြာ...... လာပြန်ပြီ.. ဒီဟင်း!

ရှော့ပင်းပြန်ချိန်
၆ရက်အကြာ..... ဟာ... ဒီအင်္ကျီဆို ချစ်လေးက နတ်သမီးလေးအတိုင်းပဲ
၆လအကြာ...... ရှော့ပင်းထွက်ပြန်ပြီလား?
၆နှစ်အကြာ..... မင်း ပိုက်ဆံတွေ ဘယ်လောက်ဖြုန်းခဲ့ပြန်ပြီလဲ?

တီဗွီရှေ့တွင်
၆ရက်အကြာ...... ချစ်လေး.. ဒီညမောင်တို့ ဘာအစီအစဉ်ကြည့်မလဲ?
၆လအကြာ........ ဒီကားကြည့်မယ်.. ဒီကားကြိုက်တယ်။
၆နှစ်အကြာ....... ဒီကားကြည့်မယ်။ မင်း မကြည့်ချင်ရင် သွားအိပ်တော့.. ကိုယ့်ဘာသာ ကိုယ်ကြည့်မယ်။

မိန်းမတွေရဲ့ စိတ်နေသဘောထား

မိန်းမတွေရဲ့ စိတ်နေသဘောထားက အပြောင်းအလဲ မြန်လွန်းတယ်ဆိုတာ မိန်းမတွေ ကိုယ်တိုင်တောင် သိနိုင်ပါရဲ့လား? တစ်ခါတလေမှာ မိန်းမတွေရဲ့စိတ်က မနက်ခင်း နေရောင်ခြည်လို နုပျိုလန်းဆန်းတတ်သလို၊ တစ်ခါတလေမှာ ဒေါသကြီးတဲ့ ခြင်္သေ့လို အနားကပ်လာသူကို အလွယ်တကူ ဟိန်းဟောက်တတ်တယ်။ မိန်းမတွေရဲ့ စိတ်နေသဘောထားက အမြဲတမ်း ပြောင်းလဲတတ်သလို ပြောင်းလဲနှုန်းကလည်း မြန်လှပါတယ်။ 

ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ မိဆိုးက အလုပ်ဒဏ်၊ ပင်ပန်းဒဏ်ကြောင့် အအိပ်မမှန်၊ အစားမမှန်ခဲ့ဘူး။ ဒါကြောင့် မိန်းမသဘာဝ ဓမ္မတာမလာခင် ရှေ့ရက်တွေမှာ ပိုစိတ်တို၊ ဒေါသထွက်လွယ်ခဲ့တယ်။ ဒီလိုဖြစ်လာတိုင်း မိဆိုးက ဒေါသစိတ်နဲ့ ချစ်သူကို ဖုန်းဆက်ပြီး ဘာဖြစ်လို့ မနေ့ညက ဖုန်းမဆက်တာလဲ? ဘာလုပ်နေတာလဲ? စတာတွေ မေးမြန်းပြီး ရန်ရှာတတ်တယ်။

ချစ်သူက "အချိန်ပိုဆင်းနေတာ မဟုတ်လား? အလုပ်ပျက်မှာစိုးလို့ မဆက်တာ၊ မက်ဆေ့ ပို့လိုက်တယ်လေ.. မကြည့်ရသေးဘူးလား?" လို့ ညင်ညင်သာသာ ပြန်ဖြေပါတယ်။ ဒီလိုစကားလေး တစ်ခွန်းကပဲ ဒေါသစိတ်တွေ ပြည့်နေတဲ့ မိဆိုးရဲ့စိတ်က ရေထိတဲ့မီးလို ငြိမ်းသွားခဲ့တယ်။ ချစ်သူကို တမင်ရန်ရှာမိတဲ့ ကိုယ့်စိတ်ကိုလဲ ရှက်ရွံ့မိခဲ့တယ်။

စိတ်တိုတယ်၊ ဒေါသထွက်တယ်၊ ပျော်တယ် .. စတဲ့ စိတ်အခြေအနေ (mood)တွေကို သက်ရောက်စေတဲ့ အချက်တွေကလည်း များလှပါတယ်။ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ် ဟိုမုန်းအပြောင်းအလဲကလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ စိတ်အပြောင်းအလဲက ဓမ္မတာ မလာခင်ရှေ့ရက်တွေမှာ ပိုသိသာပါတယ်။ အဲဒီအချိန်မှာ စိတ်ဟာ အရမ်းအားပျော့ပြီး စိတ်ညစ်ဝမ်းနည်းစရာ၊ အားငယ်စိတ်တွေ အလွယ်တကူ ဝင်ရောက်တတ်ပါတယ်။ ချစ်သူရဲ့ မတော်တဆ စကားအမှားတစ်ခွန်းကြောင့် စိတ်တွေ မကြည်မလင်ဖြစ်ပြီး ခံစားချက် တွင်းနက်ကြီးထဲ အလွယ်တကူ ခုန်ဆင်းတတ်ကြတယ်။ ဒါပေမယ့် နောက်တစက္ကန့်မှာ ချစ်သူရဲ့ ယုယကြင်နာစကားကြောင့် မုန်တိုင်းမိပြီး ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့် နေထိသွားသလို ချက်ချင်းလန်းဆန်း လာတတ်ကြတယ်။ ချစ်သူရဲ့ အကြင်နာနေရောင်စကားနဲ့ မျှော်လင့်ချက်တွေ တစ်ဖန်နိုးထလာပြီး အပျော်တွေ ဖူးပွင့်လာတတ်တယ်။

မိန်းမတွေရဲ့ ခန္ဓာတည်ဆောက်ပုံက ယောက်ျားတွေထက် ပိုရှုပ်ထွေးပါတယ်။ ဒါကြောင့် စိတ်အပြောင်းအလဲတွေ မြန်တတ်ကြတယ်။ ဒါပေမယ့် ယောက်ျားတွေရဲ့ ဂရုစိုက်မှု၊ နှစ်သိမ့်မှု၊ ကြင်နာမှု၊ နားထောင်ပေးမှုတွေက အဲဒီစိတ် အပြောင်းအလဲတွေအတွက် အကောင်းဆုံးဆေးဖြစ်တယ်။ မိန်းမတွေကလည်း ပင်ပန်းတဲ့၊ ဖိစီးမှုတွေများတဲ့ ကိုယ့်စိတ်ကို ဖြေလျှော့တတ်ဖို့ လိုအပ်ပါတယ်။ တစ်ယောက်တည်း ထီးထီးမနေဘဲ မိတ်ဆွေ သူငယ်ချင်း၊ ချစ်သူ၊ မိသားစုတွေနဲ့ ရောနှောဆက်ဆံ၊ ပြောဆိုဖို့လည်း လိုပါတယ်။ ဓမ္မတာရှေ့ (Premenstrual Syndrome) စိတ်အခြေအနေ အပြောင်းအလဲတွေနဲ့ အလုပ်၊ လူမှုရေး၊ စားဝတ်နေရေးတွေကို မထိခိုက်အောင်နေတတ်မှ တကယ့်ထက်မြက်တဲ့ မိန်းမတွေရဲ့ အပြုအမှုတွေဖြစ်ပါတယ်။

မိန်းကလေးတွေ လှကြစမ်းပါ !

မိန်းကလေးတွေ အလှအပကြိုက်ကြတယ်။ ပျင်းတဲ့ မိန်းကလေးပဲရှိမယ် ရုပ်ဆိုးတဲ့ မိန်းကလေးဆိုတာ မရှိဘူးတဲ့။ အသက် (၃ဝ) မတိုင်ခင် ကိုယ့်ရုပ်ရည်ကို မိဘတွေက တာဝန်ယူတယ်၊ အသက်(၃ဝ)ကျော်ပြီးနောက် ကိုယ့်ရုပ်ရည်ကို ကိုယ့်ဘာသာ တာဝန်ယူပါတဲ့။ ဒီလို စကားမျိုးရှိတွေပေမယ့် တစ်ချို့မိန်းကလေးတွေက အိမ်ထောင်ဖက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြင်ရသူကို ခေါင်းခါချင်လောက်အောင် ပိုသီပတ်သီနိုင်လွန်းခဲ့ပါတယ်။

ချစ်သူရှိစမှာ မိန်းကလေးတွေက အလှအပကို အလေးထားတတ်ကြတယ်။

ဒီလိုမျိုးမိန်းကလေးမျိုးကို ကိုယ့်ပတ်ဝန်းကျင်မှာ အများအပြား တွေ့ရတတ်တယ်။ အခုဒီပို့စ်ကို ဖတ်နေတဲ့ မိန်းကလေးတွေလည်း အပါအဝင်ပါပဲ။ ချစ်သူဖြစ်စနဲ့ ဖြစ်ပြီးနောက်ရဲ့ အပြောင်းအလဲက သိသာလွန်းလှတယ်။ ချစ်သူရှိစမှာ မိန်းကလေးတွေရဲ့ မျက်နှာအရောင်လေးက ဝင်းလက်လို့နေတယ်။ အိမ်ကမထွက်ခင် လှလှပပဖြစ်အောင် စိတ်ရှည်လက်ရှည် ပြင်တတ်ကြတယ်။ ဆံပင်ပုံ၊ အဝတ်အစား စတာတွေ လိုက်ဖက်အောင် ဝတ်ဆင်ကြတယ်။ လက်ကောက်၊ လက်သည်းနီပါမကျန် လက်ကိုင်အိတ်ကိုတောင် ကိုယ်ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်မလိုက် အသေးစိတ် ရွေးခြယ်တတ်ကြတယ်။

ခါတိုင်း ဘောင်းဘီပဲဝတ်တတ်တဲ့ မိန်းကလေးက ရုတ်တရက် စကပ်နဲ့မိတ်ကပ်တွေ ပြင်လာပြီဆိုရင် ချစ်သူ သို့မဟုတ် ကိုယ်ကြိုက်တဲ့လူ ရှိလာလို့ဖြစ်တယ်။ အထူးသဖြင့် ကိုယ်အလေးချိန် သိသိသာသာ ကျလာတယ်။ ဝိတ်လျှော့ဖို့ ကြိုးစားလာကြတယ်ဆိုရင် ချစ်သူရှိလာလို့ပါပဲ။ ချစ်သူရှိတဲ့ မိန်းကလေးတွေက ပိန်ချင်ကြတယ်။ ကိုယ်အလေးချိန်ကို ဂရုစိုက်လာတတ်တယ်။ ဝိတ်ခိုးလျှော့လာတတ်တယ်။ ချစ်သူပွေ့ဖက်တာကို ခံရချိန် ခါးနားက အဆီတုံးကြီးကို မကိုင်မိဖို့ စိုးရိမ်လာတတ်ကြတယ်။ ဒါကြောင့် အိပ်ယာမဝင်ခင် လေ့ကျင့်ခန်း လုပ်လာကြတယ်။ အိပ်ယာထတာနဲ့ ပေါင်ချိန်ကြည့်တတ်တယ်။ ဝိတ်ကျဆေးတွေ လိမ်းတယ်၊ သောက်တယ်၊ တီဗွီကလာတဲ့ အမျိုးသမီး အစီအစဉ်ကို မလွတ်တတ် ကြည့်တတ်လာကြတယ်။ ဒီအချိန်မှာ ဒီလို မိန်းကလေးတွေက အလှဆုံးဖြစ်တယ်။ သူတို့ရဲ့ မျက်နှာလေးတွေက ကန်ရေပြင်လို ကြည်လင် လှပနေတတ်တယ်။

အချစ် တည်ငြိမ်လာချိန်မှာ ပြင်ဆင်မှုတွေ လျော့ပါး၊ ပုံပျက်လာတတ်တယ်။

တည်ငြိမ်တဲ့အချစ်တစ်ခု ရပြီဆိုတာနဲ့ မိန်းကလေးတွေက အလှအပ၊ အပြင်အဆင်ကို လျော့လာကြတယ်။ အမြဲတမ်း အသင့်အနေအထားမျိုး ပြင်ဆင်ထားရမယ်လို့ မဆိုလိုပါဘူး။ လေ့ကျင့်မှုတော့ လိုပါလိမ့်မယ်။ တစ်ချို့ မိန်းကလေးရဲ့ အပြောင်းအလဲက လန့်စရာကောင်းလောက်အောင် ပိုသိသာမြန်ဆန်ပါတယ်။ ကိုယ်အလေးချိန် တိုးလာရုံတင်မက အပြင်အဆင်ကိုလည်း ဖြစ်သလို ပြင်ဆင်လာခဲ့တယ်။ အချစ်တွေ တည်ငြိမ်လာတော့ သူငါ့ကို လွယ်လွယ်နဲ့ ထားသွားမှာ မဟုတ်ဘူးဆိုပြီး အလှအပ ပြင်ဆင်မှုတွေ လျော့လာခဲ့တယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီးတဲ့ မိန်းကလေးတွေက ပိုသိသာပါတယ်။

တစ်ချို့မိန်းကလေးတွေက အိမ်ထဲအိမ်ပြင် မခွဲခြားဘဲ အိမ်နေအင်္ကျီကို အလုပ်ဝတ်သွားတတ်တယ်။ ဒါမှမဟုတ် ညအိမ်ပြန်ရောက်ချိန်မှာ လိမ်းထားတဲ့ မိတ်ကပ်ကို မဖျက်ဘဲ သွားမတိုက်၊ မျက်နှာမသစ်ဘဲ အိပ်ယာဝင်တယ်ဆိုတာကို ယောကျာ်းတွေက တစ်ဖြေးဖြေး သတိထားလာမိတတ်ကြတယ်။ ချစ်စ၊ ကြင်စ၊ အိမ်ထောင်ကျစမှာ ဝတ်တတ်တဲ့ (sexy) ညဝတ်အင်္ကျီတွေက အခုတော့ တစ်ခြားအဝတ်အစား ဖားဖားကြီးတွေ ဖြစ်လို့နေတယ်။ ခေါင်းအုံးဘေးမှာ အိပ်နေသူကို အိပ်ရင်းအိပ်ရင်း ဘယ်က အဘွားကြီးလဲလို့ ထင်ရလောက်အောင် ပြောင်းလဲတတ်ကြခဲ့ပါတယ်။

အပြင်ပန်း အပြင်အဆင် ပေါ့လျော့တဲ့အပြင် တစ်ချို့မိန်းကလေးတွေက တိုးတက်လိုစိတ် မရှိတတ်ကြဘူး။ အပေါင်းအသင်းတွေ စုမိရင် ဟိုအတင်း၊ ဒီအတင်းလေး ပြောမယ်။ အလုပ်ချိန်မှာ msn နဲ့ အချိန်ဖြုန်းမယ်။ ရသစာလေး ဖတ်ရရင် အချိန်ကုန် အားစိုက်ရတယ်ဆိုပြီး အာဟာရမရှိတဲ့ တီဗွီအစီအစဉ်တွေကို ပိုနှစ်သက်တတ်တယ်။ စာအုပ်အရောင်းဆိုင်နဲ့ ရုပ်ရှင်ရုံဆိုရင် ခြေဦးတောင် မလှည့်မိတတ်ကြတော့ပါဘူး။ ထမင်းကောင်း၊ ဟင်းကောင်းလေး တစ်ဝိုင်းစားဖို့ ဆိုတာလည်း မရှိတော့ပါဘူး။ ဒီလိုမိန်းကလေးမျိုးအတွက် ပြောစရာစကား ဘာများရှိပါသေးသလဲ?

တစ်ချို့ယောက်ျားတွေက ရုပ်ရည်မကြည့်ပါဘူး၊ အတွင်းစိတ်ဖြူစင်ရင် ရပါပြီလို့ ပြောတတ်ကြပေမယ့် သူတို့စိတ်ထဲမှာတော့ "လူကြားထဲ တွဲခေါ်သွားနိုင်တဲ့၊ မီးဖိုချောင် နိုင်နင်းတဲ့၊ အိမ်ခန်း တာဝန်ကျေတဲ့" မိန်းမမျိုးကို လိုချင်ကြတာချည်းပါပဲ။ ယောက်ျားတွေရဲ့ မျှော်လင့်ချက်အောက်မှာ မိန်းမတွေ ရှင်သန်စရာ မလိုဘူးဆိုပေမယ့် ကိုယ့်သတ်မှတ်ချက် အထက်မှာတော့ ကိုယ်ရှိသင့်တယ်လို့ ထင်ပါတယ်။ အတင်းအဖျင်းတွေနဲ့ အချိန်ကုန်မဲ့အစား ဘာဖြစ်လို့ ကိုယ့်ကို အချိန်ပိုပေးပြီး လှပဖို့ အခွင့်အရေး မယူချင်ကြတာလဲ မိန်းကလေးတို့ရယ်...!

မိန်းကလေးတို့ရေ.. ကိုယ့်ကိုယ်ကို စိုးရိမ်စိတ်လေ နည်းနည်းထားပါ။ ကိုယ့်ကိုယ် နည်းနည်းပိုချစ်ပါ။ တစ်ခါတလေ ကောင်မငယ်လေးတွေလို နေထိုင်ပါ။ အလုပ်ဆင်းတာနဲ့ အိမ်တန်းပြန်ဖို့ပဲ မလောပါနဲ့။ ရှော့ပင်းလေးသွားပါ၊ ဆံပင်ပုံစံ ပြောင်းကြည့်ပါ၊ ရှုပ်ထွေးနေတဲ့ စိတ်ကို ပြောင်းလဲကြည့်ပါ။ စာအုပ်ဆိုင်တွေ လည်ပတ်ပါ၊ ရုပ်ရှင်ကြည့်ပါ၊ အော်ဂင်းနစ်အစာတွေ စားသုံးပါ။ တရားထိုင်ကြည့်ပါ။ ဒါမှမဟုတ် ကိုယ့်ကို ကော်ဖီတစ်ဖျော်စာ အချိန်လေးပေးပြီး ရှုပ်ထွေးတဲ့ အလုပ်ကနေ တခဏလောက် ခွါကြည့်ပါ။ စိတ်ကို ကြည်ကြည်လင်လင် ထားကြည့်ပါ။

မိန်းကလေးတိုင်း အသက်အရွယ် အကန့်အကတ်မရှိဘဲ လှပနိုင်ကြပါတယ်။ အပြင်ပန်းနဲ့ အတွင်းစိတ်ကို ပြောင်းလဲချင်တယ်၊ အထက်ကို မနားတမ်း တက်ချင်တဲ့ စိတ်ရှိရင် ဖြစ်ကိုဖြစ်နိုင်ပါတယ်။

ကျွန်မကိုများ စောင်းရေးထားသလား ထင်ရလို့ ဘာသာပြန် မျှဝေလိုက်ပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ အလွန်အကျွံ အပြင်အဆင်တွေနဲ့ အလှအပအတွက် ပိုမသုံးဖြုန်းမိဖို့တော့ ဆင်ခြင်သင့်ပါတယ်

မိန်းမသားတွေရဲ့ စိတ်နေသဘောထား (၁)

"မိတ်ဆုံစားပွဲ ရှိပြန်ပြီလား? ဒီနေ့ ပန်းခြံလိုက်ပို့မယ်လို့ အရင်တစ်ပတ်က ဂတိပေးထားတယ်လေ။ ခင့်ကို မောင်နည်းနည်းမှ အလေးမထားခဲ့ပါလား?"

" မောင့်ကို ခင်ပြောနေတယ်လေ.. မောင်နားရော ထောင်နေရဲ့လား? NBA ကြည့်နေလို့ မအားဘူး ဟုတ်လား? ဒီလိုဆိုလဲ ဘတ်စကက်ဘောနဲ့ပဲ ချိန်းနေခဲ့တော့! "

ဒီလိုစကားမျိုးက မိန်းကလေးတွေ ဖုန်းဆက်ရင် ကြားတတ်ကြရတဲ့ စကားတွေဖြစ်တယ်။

ယောက်ျားတွေကလည်း ယောက်ျားတွေပါပဲ။ ချစ်သူဖြစ်စနဲ့ ဖြစ်ပြီးသက်တမ်းကြာတဲ့ စိတ်တွေက ကွဲပြားကြတယ်။ ချစ်စအချိန်မှာတော့ "ခင်က မောင့်ရဲ့လေထုလေးပါ။ မောင့်ဘဝမှာ ခင်မရှိလို့ မဖြစ်ဘူး။ ခင့်ကိုမောင် အချိန်နဲ့အမျှ အကာအကွယ်ပေး ချစ်သွားမယ်နော်" လို့ ပြောတတ်ကြသလို တာဝန်ကျေတဲ့ ဒါရိုက်ဘာတစ်ဦးလို "ခင် ဘယ်သွားချင်သလဲပြော... ခင့်အတွက်ဆို မောင်က လိုက်ပို့ဖို့ အဆင်သင့်ပဲ" ဆိုပြီး ရာခိုင်နှုန်းအပြည့် တာဝန်ကျေပစ်လိုက်တယ်။

ချစ်သူသက်တမ်းလေး နည်းနည်းကြာလာတော့ မှတ်ဥာဏ်တွေက လျော့ပါး နှေးကွေးလာကြတယ်။ စိတ်မရှည်ဟန်နဲ့ "မောင် လုပ်စရာတွေ များနေတယ် လိုက်မပို့နိုင်ဘူး။ ကိုယ့်အားကိုယ်ကိုးပြီး နည်းနည်း ရင့်ကျက်ကြည့်စမ်းပါ" လို့ ဆိုတတ်သလို ဆရာဟန်ပန်နဲ့ "ကိုယ့်အားကိုယ်ကိုးခိုင်းတာ ခင့်အတွက်ပြောနေတာ" ဆိုပြီး ရာခိုင်နှုန်းအပြည့် ဆုံးမတတ်တယ်။

အချစ်အတွက်ဆိုရင် မိန်းကလေးတွေက ပေးဆပ်၊ အနစ်နာခံရမှာကို မကြောက်တတ်ကြဘူး။ ဒါပေမယ့် ကာလကြာလာတာနဲ့ ပေးဆပ်ခဲ့တာကို အသိအမှတ်ပြု မခံရမှာကိုတော့ ကြောက်တတ်ကြတယ်။ မိန်းကလေးတွေ စိတ်ပျက်၊ အားငယ်နေတဲ့အချိန် အခက်အခဲနဲ့ ကြုံနေရတဲ့အခါ တစ်ကိုယ်ကောင်းဆန်ပြီး ယောက်ျားပီသစွာနဲ့ နောက်တစ်ယောက်ပြောင်းပြီး အသစ်မရှာ လိုက်ကြပါနဲ့။

တစ်ခါတလေမှာ စကားအခွန်းတစ်ထောင်ထက် နွေးထွေးတဲ့ ပွေ့ဖက်မှုလေးတစ်ခုက မိန်းကလေးတွေရဲ့ စိတ်ကို ကြည်နူးမှုတွေ အကြာကြီး ပေးနိုင်ပါတယ်။ ဂရုစိုက်စကားလေး တစ်ခွန်း၊ နွေးထွေးတဲ့ ပွေ့ဖက်မှုလေးတစ်ခု... မိန်းကလေးတွေ လိုချင်တဲ့အရာက ဒီလောက်ပဲ ရိုးရှင်းလွယ်ကူခဲ့ပါတယ်။

ယောက်ျားတွေ ယောက်ျားပီသကြစမ်းပါ

"မိန်းကလေးတွေ လှကြစမ်းပါ" ရေးပြီး ယောက်ျားလေးတွေ အတွက်လည်း ပွဲတောင်းလာလို့ ဒီပို့စ်ကို ရေးလိုက်ပါတယ်။

တက်စီစီးတိုင်း ခရီးသည်တွေနဲ့ စကားဖောင်ဖွဲ့တတ်တဲ့ ကားဆရာကို ကျွန်မ တွေ့ခဲ့ရတယ်။ ဒီတစ်ခေါက်တော့ ဆံပင်တွေ ဖွေးဖွေးဖြူနေတဲ့ အမျိုးသမီး ကားဆရာကို ကျွန်မ တွေ့ခဲ့ပါတယ်။ ကားဆရာက သူ့မှာ သမီးတစ်ယောက်ရှိပြီး သမီးက နိုင်ငံခြား နာမည်ကြီးကျောင်း တစ်ကျောင်းက ကျောင်းပြီးခဲ့ကြောင်း အခုချိန်မှာ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေကြောင်း ပြောပါတယ်။ အသက်အရွယ် မငယ်တော့ပေမယ့် ချစ်သူရီးစား မရှာချင်ကြောင်း ပြောပါတယ်။ အမေရဲ့ ဂုဏ်ယူဝင့်ကြွားတဲ့ စကားသံတွေထဲမှာ အိမ်ထောင်မပြုချင်တဲ့ သမီးကို ဆူပူတဲ့ အသံလေးပါနေခဲ့တယ်။

အသက်(၃ဝ) အရွယ်တုန်းက ကျွန်မအဖြစ်ကို သွားသတိရမိပါတယ်။ အဲဒီအချိန်တုန်းက မေမေဟာ အိမ်မှာ အိမ်ထောင်မပြုတဲ့ သမီးရှိနေရင် မိခင်တာဝန် မကျေပွန်သလိုနဲ့ ကျွန်မကို နေ့နေ့ညည အိမ်ထောင်ပြုဖို့ပဲ တိုက်တွန်းနေခဲ့တယ်။

တကယ်တော့ ကျွန်မတို့လို အပျိုကြီးတွေရဲ့ ရင်ထဲမှာလည်း စိုးရိမ်စိတ်တွေ ရှိကြပါတယ်။ ချစ်သူမရှိတဲ့ ဒုက္ခကို ပြောမထွက်ရဲသလို လမ်းဘေးက တွေ့ရလူကို ကောက်ယူလို့လည်း မရခဲ့ပါဘူး။ ဒီခေတ် ယောက်ျားတွေမှာလည်း ကိုယ့်ကို အားကိုးမှီခိုလာသူတစ်ယောက်ကို လုံခြုံအောင်၊ ယုံကြည်အောင် ထားနိုင်ကြတာ မဟုတ်ပါဘူး။

အလှအပကြိုက်တဲ့ ယောက်ျားလေးတွေ ဘာအသုံးဝင်လဲ?

တကယ့်ယောက်ျား ပီသသူဆိုတာ အာဖိရိက မြက်ခင်းပြင်က ရဲဝံ့တဲ့ ခြင်္သေ့တွေလို တစ်လောကလုံးကို အောင်နိုင်တဲ့ ရဲစွမ်းသတ္တိနဲ့ ခြင်္သေ့မတွေကို ဆွဲဆောင်ခဲ့တာကို ခေါ်တာလား?

ဒါပေမယ့် အခုခေတ် အာရှမှာ ဂျပန်နိုင်ငံကနေ စပြီး ကြည့်မယ်ဆိုရင် ဂျပန်အမျိုးသားတွေရဲ့ အလှအပကြိုက်ပုံက တောမီးလို ပြန့်နှံ့နေခဲ့ပါတယ်။ သူတို့ဟာ လှပအောင် ဆေးရောင်ခြယ်ထားတဲ့ အမွေးအတောင်နဲ့ ငှက်မတွေကို ဆွဲဆောင်မြူဆွယ်နေတဲ့ ငှက်တွေနဲ့ တူနေတယ်။ ဒီလို အလှအပကြိုက်တဲ့ ယောက်ျားတွေကို ဂျပန်တွေက ပန်းပွင့်နဲ့တူတဲ့ ယောက်ျားလို့ ခိုင်းနှိုင်းပါတယ်။ ပန်းတစ်ပွင့်လို့ နေပနေလို့ပါတဲ့...

အပြင်ပန်းကို သပ်သပ်ရပ်ရပ် လှပအောင် ပြင်ဆင်တတ်တဲ့ ယောက်ျားတွေကို နားလည်ပေးလို့ ရပေမယ့် ယောက်ျားဖြစ်ပြီး နေ့လယ်နေ့ခင်းမှာ ဗြူတီစလွန်းတက်မယ်၊ ညမှာ ကိုယ့်ချစ်သူနဲ့ မှန်တင်ခုံလုပြီး မျက်နှာပေါင်းတင်မယ်၊ မျက်ခုံးမွေး နုတ်နေမယ်ဆိုရင် ဒီလိုယောက်ျားလေးမျိုးကို ရင့်ကျက်တဲ့ အပျိုကြီးကျွန်မ သီးခံနိုင်မှာ မဟုတ်ပါဘူး။

ကျွန်မတို့ လိုချင်တာက ရေဘေစင်ကို ဘယ်လိုပြင်မယ်၊ ဖန်ချောင်းမီးသီးကို ဘယ်လိုလဲမယ်၊ တူကိုင်ပြီး အိမ်ကိုပြင်ဆင်တတ်တဲ့ ယောက်ျားမျိုးပါ။ ကိုယ့်ထက် အသားအရည် ပိုနူးညံ့ ချောမွတ်နေတဲ့ ယောက်ျားမျိုး မဟုတ်ပါဘူး။ ဒေါင်းတစ်ကောင်လို လှပနေတဲ့ ယောက်ျားလေးထက် ရဲဝံ့တဲ့ ခြင်္သေ့တစ်ကောင်ကိုပဲ ကျွန်မ ရွေးချင်ပါတယ်။

အဖိအထောင်း မခံနိုင်တဲ့ စတော်ဘယ်ရီ ယောက်ျားတွေ ဘာလုပ်မလဲ?

ဒီခေတ်မှာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေ မနည်းပါဘူး။ ပင်ပန်းပေမယ့် မျက်မှောင်တစ်ချက် မကြုံ့တဲ့ အမျိုးသမီးတွေလည်း ဒုနဲ့ဒေးပါ။ ဒါပေမယ့် တစ်ချို့ယောက်ျားတွေက ၆ပေဆိုတဲ့ ကိုယ့်အရပ် ထောင်ထောင်မောင်းမောင်းကိုမှ အားမနာ ပင်ပန်းမှုဒဏ်ကို ခံရတဲ့အခါ အားနွဲ့တဲ့ စတော်ဘယ်ရီပင်လို အဖိအထောင်း မခံနိုင်ကြပါဘူး။

လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ကျွန်မ သူငယ်ချင်း တစ်ယောက်ရဲ့ချစ်သူ အလုပ်ထုတ်ခံလိုက်ရပါတယ်။ ယုံကြည်မှုတွေ လဲဖြိုခံခဲ့ရလို့ သူ့ချစ်သူက အိမ်ထဲအိမ်ပြင် မထွက်ဘဲ အိမ်တွင်းပဲ ပုန်းနေခဲ့တယ်။ သူငယ်ချင်း မိတ်ဆွေတွေက အလုပ်ရှာပေးမယ်လို့ သွားရောက် အားပေးစကားပြောခဲ့ပေမယ့် ချစ်သူမောင်တော်က အပြင်အလုပ်လုပ်ရင် ပင်ပန်းတယ်၊ ရုံးခန်းထိုင်ပြန်ရင်လည်း ပျင်းတယ်ဆိုပြီး ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ အလုပ်မရှာဘဲ နေခဲ့ပါတယ်။

သူငယ်ချင်းက အသုံးမကျတဲ့ သူ့ချစ်သူကို ကျွန်မဆီရင်ဖွင့်တိုင်း ပြောမကုန်တဲ့ စကားတွေရှိခဲ့ပါတယ်။ နှစ်ယောက်သား ရှေ့ဆက်လျှောက်ကြရမယ့် လမ်းခရီးက မှုန်ဝါးနေခဲ့တယ်။ သူငယ်ချင်းက "သူက ဘာကိုမှ ကြံ့ကြံ့မခံနိုင်တဲ့ စတော်ဘယ်ရီ ယောက်ျားဆိုတာ အခုမှ ငါသိလိုက်ရတယ်။ အခက်အခဲကြုံတာနဲ့ စိတ်ဓာတ်က ပိပြားသွားရတယ်။ ယောက်ျားတစ်ယောက်နဲ့ကို မတူဘူး။ ကံကောင်းလို့ ငါသူ့ကို မယူသေးတာ" လို့ ရင်ဖွင့်ခဲ့တယ်။ ကြည့်ရတာ ဒီလိုပျင်းရိတဲ့ မကြံ့ခိုင်တဲ့ ယောက်ျားကို လက်ထပ်ဖို့အထိ သူရွေးခဲ့တော့မယ် မထင်ပါဘူး။

အကျင့်သီလ မမြဲတဲ့ ယောက်ျားတွေ ဘာအသုံးဝင်လဲ?
နောက်တစ်မျိုးက ဆိုးပေတဲ့ ခေတ်စတိုင်လ် ယောက်ျားမျိုးပါ။ အချစ်ရဲ့ စံနှုန်းကို ကျယ်ကျယ်ပြန့်ပြန့်ထားတယ်။ အမြင်တွေကို လွတ်လပ်ခွင့်ပေးထားတယ်၊ မတူတဲ့ ဘဝအတွေ့အကြုံတွေကို လက်ခံတယ်လို့ ဆိုပေမယ့် သီလမရှိတဲ့ ယောက်ျားမျိုးပါ။

မိန်းမမယူ၊ ယောက်ျားမယူသေးရင် ပတ်သက်လို့ရတယ်၊ ခိုးစားရင် အပြစ်မရှိဘူးလို့ ထင်သူတွေဖြစ်ပြီး "ရီးစားများများ မထားကြည့်ရင် ကိုယ်နဲ့ ဘယ်တစ်ယောက် သင့်လျှော်မယ်ဆိုတာ မသိနိုင်ဘူး" လို့ ပြောတတ်သူတွေဖြစ်တယ်။ "အချစ်နဲ့ ခန္ဓာ(လိင်) မတူဘူး" လို့လဲ ထင်တတ်သူတွေဖြစ်တယ်။ သူတို့ရဲ့ စကားကို မိန်းကလေး ဘယ်နှစ်ယောက်ကများ သဘောတူနိုင်မလဲ?

တစ်လောက နာမည်ကြီး နိုင်ငံလက်ရွေးစင် ဘတ်စကက်ဘောသမားလို မွေးလုဆဲချစ်သူကို ထားပြီး အဆိုတော်တစ်ယောက်နဲ့ တိတ်တိတ်ပုန်း ခဲ့ပါတယ်။ ကလေးမွေးတော့မယ် ဆိုပေမယ့် လက်မထပ်ရသေးလို့ လက်မထပ်ခင် အခွင့်အရေးလေးယူ၊ ကိုယ့်ကို တစ်ကိုယ်တော် လူလွတ်ပါဆိုပြီး ခိုးစားခဲ့တယ်။ နောက်ပိုင်း လက်ထပ်ပြီးတာတောင် ဆက်ခိုးစားနေခဲ့တယ်။ နောက်ဆုံး သတင်းစာတစ်စောင်က ထုတ်ဖော်ပြောခဲ့မှ ဇာတ်သိမ်းသွားခဲ့ရတယ်။ ဒီလို သီလမရှိ၊ မစင်ကြယ်တဲ့ ယောက်ျားမျိုးကို တစ်သက်လုံး လက်တွဲဖော်အဖြစ် ကျွန်မ မရွေးရဲပါဘူး။

တကယ့်ယောက်ျား ပီသသူတွေ ဘယ်ရောက်ကုန်ပြီလဲ? ကျွန်မတို့ အပျိုကြီးတွေ ရွေးလွန်းတယ်၊ ဂျီးများလွန်းတယ်လို့ မထင်ပါနဲ့။ ကျွန်မတို့လည်း ကျွန်မတို့ကို ယုံကြည်မှုပေးနိုင်တဲ့ " လူကောင်း၊ သက်ဆုံးတိုင် လက်တွဲသွားနိုင်သူ" ကို ရှာချင်တာလေးပါပဲ။ ယောက်ျားတွေရယ်.. ယောက်ျားပီသကြစမ်းပါ။

မိန်းကလေးတွေ လှကြစမ်းပါ ! (၁)

နှစ်ယောက်အတူတွေ့ဖို့ ချိန်းတိုင်း ချစ်သူက ဖုန်းတစ်ဖက်ကနေ "ဘာဖြစ်လို့ အလှပြင်နေသေးလဲ! ခင့်ရဲ့ ဘာမှလိမ်းမထားတဲ့ ဖြူဖြူစင်စင် မျက်နှာလေးကိုပဲ မောင်ကချစ်တာ" လို့ အမြဲပြောတတ်တယ်။

ချစ်သူရဲ့ အဲဒီလိုစကားမျိုးကို ယောင်လို့တောင် နားမဝင်လိုက်ပါနဲ့! ယောက်ျားအများစုက ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ချိန်တစ်ခါက ဒီလို "နားဝင်ချို" တဲ့စကားမျိုး ပြောဖူးကြပါလိမ့်မယ်။ တကယ်တမ်းကျတော့ စိတ်ရှည်သည်းခံမှုနည်းတဲ့ ယောက်ျားတွေမှာမှ ဒီလိုစကားမျိုးကို ကြားရတတ်ပါတယ်။ သူတို့ရဲ့ စကားကို နားဝင်ပြီး သူတို့နဲ့ချိန်းတွေ့တဲ့အချိန် ဘာမှလိမ်းမထားဘဲ သွားခဲ့ရင် အဲဒီနေ့တစ်နေ့လုံး ကိုယ်က တစ်ခြားမိန်းကလေးထက် ပိုရုပ်ဆိုးနေသလို ခံစားရပြီး ကိုယ့်ချစ်သူ၊ ကိုယ့်ခင်ပွန်းကို တစ်ခြားမိန်းမလှလေးတွေ ကြည့်ရှူဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

အကြံ (၁) ကိုယ်လှတယ် ထင်တဲ့အရာကို ယောက်ျားတွေက လှတယ်လို့ မခံစားမိဘူး

အလှပြင်ထားတဲ့ မိန်းကလေးတစ်ယောက်ဟာ ကိုယ်ကိုယ်တိုင်ကို လန်းဆန်းတက်ကြွမှုတွေ ဖြစ်စေသလို မြင်ရသူကိုလည်း စိတ်ချမ်းသာစေပါတယ်။ ဒါပေမယ့် ယောက်ျားနဲ့မိန်းမတို့ရဲ့ အတွေးအခေါ်က ခြားနားမှု ကြီးမားတတ်တော့ တစ်ခါတလေ ကိုယ်ဆိုးလိုက်ရင် ဆွဲဆောင်မှုပိုရှိသွားမယ်လို့ ထင်တဲ့ နုတ်ခမ်းနီအရောင်က သူတို့အတွက် မလှမပ ဖြစ်သွားတတ်ပါတယ်။

အကြံ (၂) အလှဆိုတဲ့ ယဉ်ကျေးမှုက ကိုယ့်သွင်ပြင်လဏ္ခာကို ဖော်ပြနေသလိုပဲ

မိန်းကလေးတွေ အလှပြင်တာနဲ့ ပတ်သက်ပြီး ယောက်ျားတွေမှာ ပြောစရာစကားက ရှိလာတယ်။ ယောက်ျားတစ်ချို့က မပြင်မဆင်တဲ့ သဘာဝအလှရှင် မိန်းကလေးတွေကို ကြိုက်ကြသလို တစ်ချို့က ပြင်ပြင်ဆင်ဆင်ရှိတဲ့ ရင့်ကျက်အလှရှင် မိန်းကလေးတွေကို သဘောကျကြတယ်။ မိန်းကလေး အလှပြင်တာကို ယောက်ျားတစ်ချို့က လက်ခံကြတယ်။ ဥပမာ- ကိုအောင်မင်းက မိန်းကလေးတွေ အလှပြင်တာကို နှစ်သက်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်တယ်။ မိန်းကလေးတွေ အလှပြင်ပြီးနောက် မျက်နှာတွေ ပိုဝင်းပလာတယ်လို့ သူထင်တယ်။ မိန်းကလေးတစ်ယောက်ရဲ့ သွင်ပြင်လဏ္ခာကို သူပြင်ထားတဲ့ အလှထဲကနေ မြင်နိုင်တယ်လို့ သူထင်တယ်။ ဒါကြောင့် အလုပ်က မိန်းကလေး ဝန်ထမ်းတွေ အလှပြင်တာကို သူနှစ်သက်တယ်။ ကြည့်သူကို ကြည်လင်သန့်ရှင်းမှုတွေ ပေးတဲ့အပြင် အလုပ်လုပ်နေတဲ့အချိန်မှာ ပိုတက်ကြွမှုရှိစေတယ်။ မိန်းကလေးတွေ အလှပြင်တာလည်း ယဉ်ကျေးမှုတစ်ခုပါပဲ။ ချစ်သူနဲ့ချိန်းတွေ့ချိန်မှာ ချစ်သူအပေါ် သူဘယ်လောက် အရေးထားတယ်ဆိုတာကို သူပြင်ထားတဲ့ အလှကနေ ခွဲခြားနိုင်ပါတယ်။

အကြံ (၃) အလှပြင်တဲ့အခါ သိပ်Over မဖြစ်စေနဲ့ (photo from google image)

ကွန်ပြူတာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ ကိုမင်းမင်းက သူ့အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်က မိန်းကလေးတွေ အလှသိပ်မပြင်ကြဘူးလို့ ဆိုပါတယ်။ နုတ်ခမ်းနီလောက်နဲ့ပဲ ပြီးသွားကြတဲ့ မိန်းကလေးတွေ များတယ်လို့ သူပြောပါတယ်။ အလုပ်ထဲမှာ မိန်းကလေးတွေများပေမယ့် အလှပြင်တဲ့ မိန်းကလေးတွေကို သူနှစ်သက်ကြောင်း ကိုမင်းမင်းက ဝန်ခံပါတယ်။ ဒါပေမယ့် မိတ်ကပ်၊ နုတ်ခမ်းနီတွေနဲ့ over ဖြစ်အောင် ပြင်ဆင်ထားရင်တော့ သူကြည့်မရကြောင်း ပြောပါသေးတယ်။ မိန်းကလေးတွေ နုတ်ခမ်းနီဆိုတာကို သူပိုနှစ်သက်ကြောင်း၊ မိတ်ကပ်တွေနဲ့ လွန်လွန်ကျွံကျွံ မပြင်ထားရင်တောင် အနည်းဆုံး နုတ်ခမ်းပေါ် အရောင်လေးတင်လိုက်ရုံနဲ့တင် မြင်သူကို စိတ်ချမ်းသာစေကြောင်း ကိုမင်းမင်းက ဆက်ပြောပါတယ်။

အကြံ (၄) မလိုက်ဖက်တဲ့အရောင်က မြင်သူကို စိတ်ပျက်စေတယ်

အားကစားမှူးတစ်ဦးဖြစ်တဲ့ ကိုရဲက မိန်းကလေးတွေရဲ့ မျက်လုံးကို ကြည့်ရတာ နှစ်သက်ကြောင်း ပြောပါတယ်။ ဒါကြောင့် မျက်လုံးပေါ်မှာ အရောင်လေးတင်မယ်၊ ဥပမာ မျက်ရစ်၊ လိုင်နာတွေ ဆိုးထားတဲ့ မိန်းကလေးဆိုရင် ကိုရဲက အမှတ်တိုးပေးတတ်တယ်။ မျက်လုံးတစ်ဝိုက် အရောင်ခြယ်တတ်ရင် အဲဒီမိန်းကလေး အရမ်းလှတယ်လို့ သူခံစားရတယ်။ ဒါပေမယ့် အရောင်အရမ်းတောက်ရင်၊ လွန်လွန်ကျူးကျူးဖြစ်နေရင်တော့ မြင်ရသူကို စိတ်ပျက်စေတယ်။ တစ်ချို့မိန်းကလေးတွေက ကိုယ်နဲ့ မလိုက်ဖက်တဲ့ မိတ်ကပ်ရောင်၊ နုတ်ခမ်းနီအရောင်တွေကို သုံးစွဲတတ်တယ်။ အဲဒီအခါ နဂိုရှိရင်းစွဲ မျက်နှာအလှက ပိုမပေါ်လွင်တော့ဘဲ မိတ်ကပ်အရောင်ကြောင့် ပိုအကြည့်ရ ရုပ်ဆိုးသွားတတ်ပါတယ်။ ဒါကြောင့် အလှပြင်ပစ္စည်းတွေကို မဝယ်ခင် ကိုယ်နဲ့လိုက်ဖက်မှု ရှိမရှိ အရောင်းဝန်ထမ်း ဒါမှမဟုတ် သူငယ်ချင်းတွေကို မေးမြန်းပြီးမှ ဝယ်သင့်ပါတယ်။

အကြံ (၅) မျက်နှာပေါ်ကအလှ သုံးမိနစ်နဲ့ ပေါ်လွင်ရအောင်

မိန်းကလေးတွေ အလှပြင်တာကို ပတ်ဝန်းကျင်က ယောက်ျားလေးတွေ ဘယ်လိုပဲမြင်မြင်၊ ဘယ်လိုပဲပြောပြော သူတို့ရဲ့အကြံကို လက်ခံတာ ကိုယ့်အတွက်တော့ မမှားပါဘူး။ အထက်က ယောက်ျားလေးတွေရဲ့ အကြံကို ကြည့်ခြင်းအားဖြင့် ယောက်ျားအများစုက မိန်းကလေးတွေ အလှပြင်တာကို ပိုနှစ်သက်ကြတယ်ဆိုတာကို တွေ့ရတယ်။ ဘယ်လိုနေရာမျိုးမှာ ဘယ်လိုအပြင်အဆင်မျိုး ပြင်ဆင်သင့်တယ်ဆိုတာကို မိန်းကလေးတွေ နားလည်ဖို့ လိုပါတယ်။ ဒါကြောင့် နောင်တစ်ကြိမ်မှာ ချစ်သူ ဒါမှမဟုတ် ယောက်ျားက စောင့်ဆိုင်းဖို့ စိတ်ရှည်သည်းခံမှု မရှိခဲ့ရင်တောင် သုံးမိနစ် အလှပြင်နည်းနဲ့ ကိုယ့်ကိုယ်ကို လန်းဆန်းတက်ကြွအောင် ပြင်ပါ။ သူတို့ပြောတဲ့ "နားဝင်ချို" စကားကို နားယောင်ပြီး မျက်နှာပြောင်နဲ့ အိမ်ကနေ ထွက်မသွားလိုက်ပါနဲ့....

ဆင်းရဲဒုက္ခကို ကျော်လွှားတဲ့ အမျိုးသမီး

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ Hillary Clinton ဟာ နိုင်ငံခြားရေးဝန်ကြီး ရာထူးကို ခန့်အပ်ခြင်း ခံခဲ့ရတယ်။ တာဝန်လွှဲပြောင်းပွဲကို ဟီလာရီဟာ ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ကလင်တန်နဲ့အတူ တက်ရောက်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့တယ်။

ကျေးဇူးတင်စကား ပြောစဉ်မှာ ဟီလာရီက ခင်ပွန်း ကလင်တန်ကို "ကျွန်မသူ့ကို အရမ်းကျေးဇူးတင်မိတယ်။ ဒီတစ်သက် ကျွန်မကို အတွေ့အကြုံ အမျိုးမျိုး သူပေးခဲ့တယ်" လို့ ထည့်ပြောခဲ့တယ်။ စကားထဲမှာ ဟီလာရီက 'အမျိုးမျိုး' ဆိုတဲ့ နေရာအရောက်မှာ အသံကို ပိုမြင့်လိုက်တယ်။ တစ်ချိန်က ကလင်တန်ရှုပ်ပွေခဲ့တာကို ရည်ညွှန်းသလို ရှိတာမို့ ပရိသတ်တွေရဲ့ ရယ်မောသံက အသောမသတ်ခဲ့ဘူး။

ခင်ပွန်းသည်ရဲ့ လူမှုရေးချိုးဖောက်မှုနဲ့ အရှက်တရားအောက်ကနေ ရုန်းထွက်နိုင်ခဲ့တဲ့ အမျိုးသမီး၊ အတင်းသတင်းဆိုးတွေ ကြားမှာ ရှင်သန်နိုင်ခဲ့တဲ့ အမျိုးသမီးဟာ စိတ်ဓာတ်ကြံ့ခိုင်သူဆိုရင် ဧကန်အမှန်ဖြစ်ပါတယ်။

သူမရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းအောင် လုပ်ခဲ့သူဟာ ခင်ပွန်း ကလင်တန်ကလွဲလို့ ဘယ်သူရှိနိုင်ဦးမလဲ? ဒါပေမယ့် စင်ပေါ်တက် စကားပြောတိုင်း အဲဒီကိစ္စကို ဟီလာရီ ချန်မထားဘူး။ သူမကပဲ အစဖော်ပြီး ပြောခဲ့တယ်။ အဲဒီသတင်းဆိုးကြားမှာပဲ သူမ ရှင်သန်ခဲ့တယ်။ ဖြစ်ပျက်ခဲ့သမျှကို သူမရင်ဆိုင်တယ်၊ လက်ခံတယ်၊ ဆုံးဖြတ်ချက်ချတယ်။ သတင်းဆိုးတွေက သူမကို မနစ်မြုပ်နိုင်ခဲ့ဘူး။ သူမရဲ့ စိတ်ဓာတ်ကို ဆွဲမချနိုင်ခဲ့ဘူး။

ကလင်တန်ကို ကျေးဇူးတင်သင့်ပါတယ်။ "အတွေ့အကြုံ အမျိုးမျိုး" ဆိုတဲ့စကားကို ဘယ်လိုပြက်လုံး ထုတ်ပြီး ပြောလည်း ဒါဟာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ပါ။

ဆင်းရဲဒုက္ခက အဆင်ပြေချောမွတ်ခြင်းထက် ကျွန်မတို့ကို အတွေ့အကြုံ ပေးနိုင်ခဲ့ပါတယ်။ ကိုယ်နဲ့အရင်းနှီးဆုံးလူက ကိုယ့်ကို စိတ်ဆင်းရဲမှုတွေ ပေးတယ်၊ ရင်ကွဲမတတ် စိတ်ထိခိုက်မှုတွေ ပေးတယ်။ အဲဒီလို ဘဝအတွေ့အကြုံနဲ့ ခံစားချက်က ဘဝအတွက် တကယ်တန်ဖိုးရှိနိုင်မယ်လို့ ထင်ပါတယ်။

အခက်အခဲအမျိုးမျိုး၊ ခါးသီးတဲ့ အတွေ့အကြုံနဲ့ ရှင်သန်ရတာက ဘာမှန်းညာမှန်း မသိဘဲ ရှင်သန်နေတာထက်စာရင် သာပါတယ်။ မကျော်ဖြတ်နိုင်တဲ့ ကိစ္စဆိုတာ မရှိသလို၊ ပြန်ပြီး ထမရပ်နိုင်လောက်တဲ့ အခက်အခဲဆိုတာ မရှိပါဘူး။ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးက တစ်ခြားအမျိုးသမီးတွေထက် သာလို့လှပါတယ်။ မိန်းကလေးတို့ရေ... ဘာအကြောင့်ကြောင့်မှ ကိုယ့်စိတ်ဓာတ်ကို အနစ်မွန်း မခံလိုက်ပါနဲ့....