Showing posts with label ဖက်ရှင်ကဏ္ဍ. Show all posts
Showing posts with label ဖက်ရှင်ကဏ္ဍ. Show all posts

Mar 20, 2011

အိတ်ဝယ်ရာမှာ ...

အိတ်ဆိုတာဟာ ... အမျိုးသမီးတွေအတွက် ပစ္စည်းထည့်ရုံတင်မဟုတ်ဘဲ ဖက်ရှင် အဆင်တန်ဆာ တစ်ခုလည်း ဖြစ်ပါတယ်။ အိတ်တစ်လုံး ဝယ်တော့မယ်ဆိုရင် စဉ်းစားရမယ့်အချက်တွေ တော်တော်များ ပါတယ်။ ကိုယ့်စတိုင်၊ ကိုယ်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့အိတ်၊ အသုံးဝင်မယ့် အိတ်တွေကို ရွေးချယ်ဖို့ လိုပါတယ်။

   အိတ်တစ်အိတ်ကို ကြိုက်ပြီး ဝယ်ချင်စိတ်ပေါက် သွားဖို့ လွယ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့  တကယ်လို၊ မလို စဉ်းစားတတ်ရပါမယ်။ မဟုတ်ပါက ဝယ်ထားပြီး မသုံးဖြစ်ကာ ပိုက်ဆံကုန်ရုံပဲ အဖတ်တင်ပါလိမ့်မယ်။ နောက်တစ်ခါ အိတ်ဝယ်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အောက်ပါမေးခွန်းတွေ မေးကြည့်ပါ။
- ဒီအိတ်ကို ငါတကယ်လိုအပ်ရဲ့လား။
- အဆင်တန်ဆာတစ်ခုလို သုံးမှာလား။ တကယ်သုံးမှာလား။
- ငါ့အိမ်မှာရှိတဲ့ အဝတ်အစားတွေနဲ့ တွဲသုံးလို့ကော အဆင်ပြေပါ့မလား။
- ပေးရတာနဲ့ တန်ရဲ့လား
အဝတ်အစား မရွေးတဲ့ အိတ်အရောင်တွေကတော့ အနက်၊ အဖြူ၊ အညို၊ နို့နှစ်ရောင်တွေပါပဲ။ ဒါကြောင့် အိတ်ဆန်းဆန်းလေး ဝယ်ချင်ရင် ထိုအရောင်တွေထဲကမှ ဒီဇီုင်းဆန်းဆန်းလေးတွေ ရွေးဝယ်သင့်ပါတယ်။
အိတ်ကို ပွဲနေပွဲထိုင်သွားဖို့ အလှကိုင်မယ်ဆိုရင် -
- အိတ်သေးသေးရွေးဝယ်ပါ။ ဒါမှ သင့်အဝတ်အစားကို လွှမ်းမိုးမသွားမှာပါ။
- ပုံမှန်ဒီဇိုင်းကနေ ခွဲထွက်နေတဲ့ ဒီဇိုင်ဆန်းဆန်းရွေးပါ။ ဒါမှ ခေတ်မီပြီး စတိုင်ကျမှာပါ။
ဒါမှမဟုတ် ရုံးသွား၊ ကျောင်းသွား နေ့တိုင်းသုံးဖို့ဆိုရင်
- ပစ္စည်းများများဆံ့မယ့် အိတ်ကြီးကြီးကိုင်ပါ။
- ပေါ့ပါးပြီး ကိုင်ရ၊ လွယ်ရ အဆင်ပြေတာရွေးပါ။
- ရိုးရိုးလေးနဲ့ လှတဲ့အိတ်ရွေးပါ။ အရောင်ကလည်း အဝတ်အစား မရွေးတဲ့ အရောင်ဝယ်ပါ။
- ပိုက်ဆံတတ်နိုင်ပါက နေ့စဉ်သုံးဖို့ အမျိုးအစားကောင်းတဲ့  Brand အိတ်တစ်လုံး ဝယ်ထားသင့်ပါတယ်။

မိန်းကလေးဆောင်းဦးထုပ်အမျိုးမျိုး

တစ်ခါတစ်ရံ ဆံပင်စတိုင်ကို ဒီအတိုင်း ထားတာထက် ဦးထုပ်ဆောင်းလိုက်တဲ့ အခါမျိုးမှာ ဖက်ရှင်ပိုကျသွားတတ်ပါတယ်။ တကယ်တမ်းမှာတော့ ဦးထုပ်ဟာ ကြည့်ကောင်းစေတဲ့ အဆင်တန်ဆာမျိုး ဖြစ်ရုံသာမက နေဒဏ်၊ မိုးဒဏ်၊ အအေးဒဏ်မှ ကာကွယ်ပေးနိုင်တဲ့ အဖိုးတန်အသုံးအဆောင်တစ်မျိုးလည်း ဖြစ်ပါတယ်။

၁။ အနားကျယ်ဦးထုပ်ဝိုင်း
အနားခပ်ကားကားပါတဲ့ ဦးထုပ်တွေကို ပင်လယ်ကမ်းခြေတွေသွားတဲ့အခါ ဆောင်းသင့်ပါတယ်။ အနားကျယ်တဲ့ ဦးထုပ်ဝိုင်းတွေဟာ ဂါဝန်ကားကားလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ရိုးရာဆန်ချင်ရင်တော့ ကမ်းခြေမှာရနိုင်တဲ့ အုန်းလက်ဦးထုပ်ဝိုင်းတွေကို ဆောင်းပေးနိုင်ပါတယ်။
၂။ မိန်းကလေးဆောင်းလျှာထိုးဦးထုပ်
ကောင်လေးတွေဆောင်းလေ့ရှိတဲ့ လျှာထိုးဦးထုပ်ပုံစံမျိုးကို မိန်းကလေးတွေကလည်း ခပ်ငိုက်ငိုက်အနေအထားမျိုးနဲ့ ဆောင်းလေ့ရှိပါတယ်။ ဂျင်းဘောင်းဘီ၊ တီရှပ်အင်္ကျီတွေနဲ့ လိုက်ဖက်ပါတယ်။ ရှေ့ဘက်မှာ လျှာထိုးပါနေတဲ့အတွက် မျက်လုံး၊ ဦးရေပြားနဲ့ မျက်နှာအစိတ်အပိုင်းတချို့ကို နေပူဒဏ်မကျရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၃။ ဘယ်ရီကတ်ဦးထုပ်
တောက်ပတဲ့အရောင်တွေနဲ့လာတတ်ပြီး နူးညံ့တဲ့သိုးမွေးဦးထုပ်အမျိုးအစားပါ။ ဒီဦးထုပ်ကို ချမ်းအေးတဲ့အရပ်ဒေသတွေမှာ လောင်းကုတ်အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်လေ့ရှိပါတယ်။ ဒီဦးထုပ်ဟာ နဖူးအထက်နေရာကနေ စတင်ဆောင်းရပြီး မိန်းမဆန်ဆန် ကြည့်ကောင်းစေ ပါတယ်။
၎။ ကောင်းဘွိုင်ဦးထုပ်
ကောင်းဘွိုင်ဦးထုပ်အမျိုးအစားက တကယ်အသုံးကျတာထက် ဖက်ရှင်ပိုကျစေတာမျိုးပါ။ အနားကျယ်ဦးထုပ်ဝိုင်းတွေလိုပဲ ဦးခေါင်းနဲ့ နားထင်ဘေးနေရာအထိ ကပ်နေအောင် ဆောင်းရပါတယ်။ ဒီဦးထုပ်ဆောင်းတဲ့အခါ မြဲမြံနေစေဖို့အတွက် မေးသိုင်းချည်ကြိုး ပါရှိတတ်ပါတယ်။
၅။ သိုးမွေးဦးထုပ်
ဦးခေါင်းခွံနဲ့ကွက်တိဆောင်းရတဲ့ သိုးမွေးဦးထုပ်တွေက အရောင်မျိုးစုံ၊ အဆင်အသွေးမျိုးစုံနဲ့ တွေ့ရပြီး ဆောင်းရာသီမှာလို အေးမြတဲ့အချိန်တွေမှာ ဦးခေါင်းနဲ့ နားရွက်တွေကို နွေးထွေးစေပါတယ်။ ဒီဦးထုပ်မှာ အနားမပါဘဲ ဦးခေါင်းနဲ့ ကွက်တိဖြစ်နေတတ်ပါတယ်။ တချို့ဦးထုပ်ရဲ့ထိပ်ပေါ်မှာ အဖုသီးတစ်ခုနဲ့ တွဲလောင်းကျနေတဲ့ ကြိုးတစ်ခုပါတဲ့အတွက် ဆောင်းထားတဲ့အခါ ကလေးဆန်ဆန် ချစ်စရာကောင်းစေပါတယ်။

ကိုယ်ဟန်အနေအထား စမတ်ကျပါစေ

ကိုယ်ဟန်အနေအထား စမတ်ကျတာက ကြည့်ကောင်းရုံသာမက ကျန်းမာရေး အတွက်လည်း အကျိုးကျေးဇူးရှိပါတယ်။ ပခုံးလျှောခြင်း၊ ခါးကုန်းခြင်းမရှိဘဲ မတ်မတ်ထိုင်တာ၊ မတ်မတ်ရပ်တာတွေဟာ စတိုင်ကျစေရုံသာမက အောက်ပါအကျိုး ရလဒ်တွေကိုလည်း ရရှိစေနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်း
ပခုံးတွေ တန်းတန်းမတ်မတ်ထားကာ ခါးကုန်းခြင်းမရှိဘဲ မတ်တတ်ရပ်ရင် ခန္ဓာကိုယ်ကို သွယ်လျကြည့်ကောင်းဟန် ပေါ်ပါတယ်။ မတ်မတ်ရပ်လိုက်ရင် ဝမ်းဗိုက်ကလည်း အလိုလိုရှပ်သွား တာကြောင့် အဆီထွက်နေတဲ့ဗိုက်က လျော့ကျသွားတတ်ပါတယ်။ ကိုယ်ဟန်အနေအထားစမတ်ကျရင် အရပ်လည်း ပိုရှည်သယောင်ထင်ရပါတယ်။ ထိုင်တဲ့အခါမှာလည်း ခပ်မတ်မတ်ထိုင်နေရင် လန်းဆန်းပြီး စူးစိုက်နိုင်အားကောင်းကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဟန်ပေါ်ပါတယ်။
အရိုးအဆစ် သန်စွမ်းခြင်း
ကိုယ်ဟန်အနေအထား ကောင်းမွန်တာဟာ လည်ပင်းနဲ့ ကျောရိုးတွေကို အလွန်အကျိုးပြုပါတယ်။ မတ်မတ်မထိုင်ဘဲ ပျင်းတွဲတွဲဟန်ထိုင်ပါက ခါးနဲ့လည်ပင်းတွေပေါ် မလိုလားအပ်တဲ့ဒဏ် သက်ရောက်ပြီး လည်ပင်းနာခြင်း၊ ခါးနာခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဟန်အနေအထားမမှန်တာဟာ အဆစ်တွေကို ထိခိုက်စေပြီး အဆစ်ရောင်နာကိုလည်း ဖြစ်စေနိုင်ပါတယ်။
ကိုယ်အင်္ဂါအစိတ်အပိုင်းများ ကျန်းမာစေခြင်း
ကိုယ်နေဟန်စမတ်ကျတာဟာ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် ကောင်းကျိုးဖြစ်စေပါတယ်။ ကိုယ်ဟန်အနေအထားမမှန်တာဟာ သွေးလှည့်ပတ်မှု မကောင်းစေတဲ့အတွက် ကြွက်သား၊ တွယ်ဆက်မျှင်တွေလိုပဲ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေပေါ် မလိုလားအပ်တဲ့ ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။

ပိန်သွယ်တယ်လို့ထင်ရစေမယ့် ဖက်ရှင်

အဝတ်အစား ရွေးချယ်မှု မှန်ကန်မှသာ သင်ရဲ့ဖက်ရှင်ပေါ်လွင်မှာပါ။ သင့်ခန္ဓာကိုယ်ကို ပိုပြီးပိန်တယ်၊ သွယ်လျနေစေတယ်လို့ ထင်ရစေမယ့် အင်္ကျီပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ V ပုံသဏ္ဌာန်လည်ပင်း
သင့်မျက်လုံးနဲ့ကြည့်လို့ အလယ်တည့်တည့် မှာ V ပုံသဏ္ဌာန်ဖြစ်နေတဲ့ လည်ပင်းပေါက် ဟာ သင့်လည်ပင်းတွေကို ဆွဲဆောင်မှု ရှိစေပြီး ပိုပြီးပိန်သွယ်တယ်လို့ ထင်ရစေပါတယ်။
၂။ အနက်နဲ့အရောင်မှိုင်း
အနက်ရောင်ဝမ်းဆက်နဲ့ ဒေါင်လိုက်အစင်းနဲ့ လိုင်းပါတဲ့ဝတ်စုံတွေဟာ သင့်ကို ပိုပြီးပိန်သွားတယ်လို့ ထင်ရစေပါတယ်။
၃။ ဒေါက်မြင့်ဖိနပ်
သင့်ခန္ဓာကိုယ်ကို ဟန်ချက်ညီစေပြီး စမတ်ကျတဲ့ ဒေါက်မြင့်ဖိနပ်ဟာ လမ်းလျှောက်ရာမှာ ကြည့်ကောင်းစေရုံ မကဘဲ သင့်ကို ပိန်သွယ်ပြီး အရပ်ရှည် သွားစေပါတယ်။
၎။ ဒေါင်လိုက်စင်း
ဒေါင်လိုက်အစင်းပါတဲ့ မီနီစကတ်နဲ့ ဘောင်းဘီတိုတွေဟာ သင့်တင်ပါးနဲ့ ပေါင်တံနေရာကို အပြည့်ဖုံးအုပ်ထားပြီး ခြေထောက်သွယ်တယ်လို့ ထင်ရစေပါတယ်။
၅။ ကွက်တိဖြစ်တဲ့ဘောင်းဘီ
အရမ်းတိုလွန်းတဲ့ဘောင်းဘီနဲ့ အရမ်းရှည်လွန်းတဲ့ ဘောင်းဘီတွေဟာ သင့်ကိုကြည့်ရဆိုးစေပါတယ်။ ဘောင်းဘီရွေးရာမှာ သင့်အရပ်နဲ့ သင့်တော်တဲ့ အရှည်၊ တင်ပါးနဲ့ ပေါင်တံတွေကို အဓိကတိုင်းပြီး ရွေးချယ်ပါ။ ရှည်လွန်းတဲ့ဘောင်းဘီတွေကို မနှမြောဘဲ သင်နဲ့ကွက်တိဖြစ်အောင် ညှပ်ထုတ်ပစ်ပါ။ ခွကျနေတဲ့ ဘောင်းဘီရှည်ဟာ သင့်ကို ဝပြီးအရပ်ပုတယ်လို့ ထင်ရစေပါတယ်။
မှတ်ချက်
တင်ပါးဖုံးတဲ့ ဂျာကင်အင်္ကျီဝတ်ဆင်တာ၊ ဘောင်းဘီရှည်ကို ဒေါက်ဖိနပ်နဲ့ ဝတ်ဆင်တာ၊ အဝတ်အစားပွပွတွေကိုရှောင်ပြီး သင်နဲ့ကွက်တိကျစေမယ့် ဝတ်စုံကို ဝတ်ဆင်တာမျိုး တွေဟာ သင့်ကို ပိန်သွယ်တယ်ထင်ရစေပါတယ်။

ခေတ်စားလာသော လက်သည်းနီအရောင်ရင့်

အခုခေတ်မှာ လက်သည်းနီ အရောင်ရင့်ရင့်တွေ ခေတ်စားလာပါတယ်။ အကြောင်းကတော့ လက်ချောင်းလေးတွေ ကို ပိုပြီးသိသာထင်ရှားစေရုံသာမကပဲ အသားအရေဝင်းပလာစေတာကြောင့်ပဲ ဖြစ်ပါတယ်။ လက်သည်းကို လေးထောင့်ကျကျ ပုံဖော်ပြီး လက်သည်းနီအရောင်ရင့်ရင့်ဆိုးတာဟာ အခုခေတ်စားတဲ့စတိုင်လ်ပါပဲ။ အရောင်ရင့်နဲ့ အဖြူကိုပေါင်းစပ်ပြီး လက်သည်းအကွက်ပုံဖော်တာနဲ့ အရောင်ဖျော့ဖျော့ လက်သည်းနီပေါ်မှာ ပန်းပွင့်အရောင်ရင့်ရင့်ဖော်တာတွေဟာလည်း ဆွဲဆောင်မှုရှိတဲ့ လက်သည်းအလှကို ရရှိစေပါတယ်။

ဘလူးဘယ်ရီသီးရင့်ရင့်အရောင်၊ ခရမ်းရောင်ရင့်ရင့်၊ နီညိုရောင်၊ လိမ္မော်ရောင်သန်းနေတဲ့ အနီရောင်တွေဟာ အသားအရေကို လင်းစေပါတယ်။ ဘလူးဘယ်ရီသီးအရောင်ရင့်ရင့်ဟာ လက်သည်းတိုသူတွေနဲ့ လိုက်ဖက်ပါတယ်။ ရွှေရောင်နဲ့ အနက်ရောင်ဟာ လွတ်လပ် ပျော်ရွှင်စေတဲ့အဓိပ္ပာယ်ကို ဆောင်ပါတယ်။ နီညိုရောင်ဟာ ဂျင်းဝတ်စုံ၊ အနီရောင် ဂါဝန်တိုလေးတွေနဲ့ လိုက်ဖက်တဲ့အရောင်ပါ။

ပြင်သစ်လှပျိုဖြူများ၏ စမတ်ကျကျ လှပရသော လျှို့ဝှက်ချက်

၁။ ကိုယ့်ခန္ဓာကိုယ်က ဘယ်ဝတ်စုံနဲ့ လိုက်ဖက်တယ်ဆိုတာကို အာရုံခံစား ကြည့်ပြီး ကောင်းမွန်စွာဝတ်ဆင်ပါ။ ခေတ်ပေါ်ဖြစ်တဲ့ ပေါကြောင်ကြောင် ဝတ်စုံမျိုးနဲ့ဆိုရင် ကိုယ်ရဲ့ပင်ကိုစတိုင်ကို ထိပါးစေနိုင်တာကြောင့် ဝတ်လေ့မရှိပါ။ 

၂။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ အမျိုးသမီး တစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ဟာ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးခြင်းနဲ့ ကိုယ်ပိုင်ဟန်ကို တန်ဖိုးထားခြင်းတွေအပေါ် အခြေခံ နေပါတယ်။

၃။ ကိုယ်ရဲ့ထူးခြားတဲ့မျက်နှာပေါ်က အစိတ်အပိုင်းတွေကို ဖုံးမထားပါနဲ့။ ပြင်သစ်လှပျိုဖြူတွေက သူတို့ကိုယ်သူတို့ ဘယ်လိုလှပအောင်ခြယ်သရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဘိုတောက်စ်ထိုးပြီး နုပျိုအောင် လုပ်လေ့မရှိပါဘူး။ ပင်ကိုအလှကိုသာ ထင်ရှားအောင် ခြယ်သလေ့ရှိတာပါ။

၎။ အခုပဲစပါ။ ပြင်သစ်မိန်းကလေးတွေဟာ အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်းမှာပဲ အစိုဓာတ်ထိန်း ခရင်မ်လိမ်းတာလို အခြေခံအသားအရေကို သေချာထိန်းသိမ်းလေ့ရှိပါတယ်။

၅။ အသားအရေနဲ့ ဆံကေသာထိန်းသိမ်းရတာကို ပျော်ရွှင်ပြီး အိမ်တွင်းမှာ ကိုယ်ပိုင် Spa ဖန်တီးကာ ပြုပြင်တတ်ပါတယ်။

၆။ ကျက်သရေရှိရှိ အသက်ကြီးဖို့ဆိုရင် ကိုယ်အလေးချိန်ပုံမှန်ထက် ပိုတက်လာလို့ မရပါဘူး။ ကိုယ်အလေးချိန်ကို တက်မှလျှော့ချတာထက် ပုံမှန်ဖြစ်နေအောင် အမြဲထိန်းတာက ပိုလွယ်ပါတယ်။

၇။ အိမ်အလုပ်တွေ လုပ်ရာမှာ ကိုယ်တိုင်လုပ်ပါ။ လမ်းလျှောက်ကာ ဈေးဝယ်ပါ။

၈။ ဘဝမှာ တကယ်လိုအပ်တဲ့အရာတစ်ခုက ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ချစ်ချစ်ခင်ခင်နေပါ။ အချစ်ခံရတဲ့အတွက် ရရှိလာတဲ့ ပျော်ရွှင်မှုဟာ ပိုမိုလှပစေပါတယ်။

တီရှပ်ရွေးချယ် ဝတ်ဆင်ရာဝယ်

ခေတ်တွေ ဘယ်လိုပဲပြောင်းပြောင်း၊ ဒီဇိုင်းသစ်တွေ ဒီဇိုင်းဆန်းတွေ ဘယ်လိုပဲထွင်ထွင် တီရှပ်ကတော့ ရိုးသွား၊ ဟောင်းသွားမယ့် ဖက်ရှင်မဟုတ်ပါဘူး။ တီရှပ်ကို ကျား၊ မ မရွေးဝတ်ဆင်နိုင်သလို ချစ်သူစုံတွဲတွေအနေနဲ့ ဆင်တူဖက်ရှင် သဘောမျိုး ဝတ်ဆင်နိုင်ပါတယ်။ တစ်ခါတစ်ရံ အသင်းအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုအင်အားကို ပြသတဲ့အနေနဲ့လည်း တီရှပ်ဆင်တူတွေကို ဝတ်ဆင်လေ့ရှိကြပါတယ်။

တီရှပ်ဝယ်မယ်ဆိုရင်
တီရှပ်တိုင်းက ကိုယ်နဲ့လိုက်ဖက်မှာ မဟုတ်ပါဘူး။ တီရှပ်ရဲ့ လည်ပင်းပုံစံ၊ ပခုံးအကျနဲ့ တီရှပ်ရဲ့ အရွယ်အစားတွေက အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားသွားနိုင်တာကြောင့်ပါ။ တီရှပ်အသားကို သေချာကြည့်ပါ။ တီရှပ်အသားကို ၁၀၀% Cotton အမျိုးအစားကိုရွေးပြီး အကြမ်းခံနိုင်မယ့် အမျိုးအစားကို ရွေးပါ။ တီရှပ်ဝယ်တဲ့အခါ လူအများစုက သက်သောင့် သက်သာရှိရှိ ဝတ်ဆင်နိုင်ဖို့ထက် ခေတ်မီဒီဇိုင်းဖြစ်ဖို့ကို ဦးစားပေး ရွေးလေ့ရှိပါတယ်။ တကယ်က ကိုယ်နဲ့လိုက်ဖက်တဲ့ တီရှပ်ဖြစ်ရဲ့လားဆိုတာ သိနိုင်အောင် မဝယ်ခင် အစမ်းဝတ်ကြည့်ဖို့ လိုအပ်ပါတယ်။
တီရှပ်ဝတ်မယ်ဆိုရင်
တီရှပ်က ဂျင်းဘောင်းဘီနဲ့ အလိုက်ဖက်ဆုံးပါ။ တီရှပ်ကို စမတ်ကျကျသွားရမယ့် နေရာမျိုးတွေ၊ လုပ်ငန်းခွင်တွေမှာ မဝတ်သင့်ပါဘူး။ ရှော့ပင်းထွက်ရာမှာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တဲ့အခါမှာ၊ ခရီးသွားလာရာမှာ ပေါ့ပေါ့ပါးပါးဖြစ်အောင် ဝတ်ဆင်နိုင်ပါတယ်။ တီရှပ်ဝတ်တဲ့အခါ မိန်းကလေးတွေအနေနဲ့ ကိုယ်လုံးအလှပေါ်အောင် ဝတ်ချင်ရင် တီရှပ်အနားစွန်း တစ်ဖက်ကို စုချည်ပြီး စတိုင်ထုတ်ဝတ်ဆင်နိုင်ပါတယ်။ တီရှပ်လက်အနားကိုခေါက်ပြီး သေသပ်စမတ်ကျစွာ ဝတ်ဆင်နိုင်ပါတယ်။ အနက်ရောင် တီရှပ်ဝတ်ပြီး မျက်လုံးကို မည်းနက်နေအောင် ခြယ်သတဲ့ အီမိုစတိုင်မျိုးဟာ ဒီနေ့ခေတ်မှာ ရေပန်းစားနေပါတယ်။ တီရှပ်ဟာ ကိုယ်လုံးကိုယ်ထည်ပြည့်တဲ့ အမျိုးသားတွေကို လူငယ်ဆန်ဆန် ကြည့်ကောင်းစေပါတယ်။ ရာသီဥတု အေးမြတဲ့အချိန်မှာ လက်ရှည်အင်္ကျီ ပေါ်မှာ တီရှပ်ထပ်ဝတ်တဲ့ စတိုင်ကလည်း တစ်မျိုးကြည့်ကောင်းပါတယ်။

မိန်းမသားဆန်ဆန် ဆွဲဆောင်မှုရှိရှိ လှပစေရန်

မိန်းကလေးတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။ ပိုင်ဆိုင်ထားကြတဲ့ လှပမှုပုံစံတွေကတော့ မတူကြဘူးပေါ့။ တချို့က ချစ်စရာကောင်းတဲ့ အလှမျိုး၊ တချို့က ယဉ်ကျေးသိမ်မွေ့တဲ့ အလှမျိုး၊ တချို့က ညှို့ငင်ဆွဲဆောင်နိုင်စွမ်းရှိတဲ့ အလှမျိုး … စသဖြင့် မတူညီတဲ့ အလှတရားကိုယ်စီရှိနေကြပါတယ်။ ဒါပေမဲ့ မိန်းကလေးအများစုက ကိုယ့်မှာ ရှိသမျှအလှတရားကို ပေါ်လွင်အောင်၊ စတိုင်ကျအောင် မပြင်ဆင်တတ်ကြပါဘူး။ စတိုင်ကျလှပတဲ့ Celebrity တွေလို လိုက်ပြင်ဆင်နေစရာလည်း မလိုပါဘူး။

၁။ အလှဆုံး အစိတ်အပိုင်းကို ပေါ်လွင်အောင်ပြင်ပါ
တကယ်လို့ သင့်မှာ မျက်ဝန်း လှလှလေးတွေရှိတယ်ဆိုရင် မျက်ဝန်းအလှထင်ရှားအောင် ပြင်ဆင်ပါ။ ပုလဲလုံးလို ဖြူစင်တဲ့ သွားအလှရှိရင်လည်း အမြဲတမ်း ပြုံးပြုံးရယ်ရယ်လေးနေပေးပါ။
၂။ ဆံပင်ကို စတိုင်ကျအောင် ပြုပြင်ပါ
လှိုင်းရှိတဲ့ ဆံနွယ်တွေက မိန်းကလေးအများစုနဲ့ လိုက်ဖက်ပါတယ်။ ဆံပင်တွေကိုတော့ အမြဲတမ်းသန့်ရှင်းနေအောင် ထားပေးပါ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဆံပင်စတိုင်ကျနေအောင် ဖြီးလိမ်းပေးပါ။
၃။ ကျန်းမာအောင် နေပါ
ခန္ဓာကိုယ်က သွယ်လျလျရှိပေမယ့် ကျန်းမာဖျတ်လတ်နေရင် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိစေပါတယ်။ နေ့စဉ် ရေများများသောက်ပြီး အာဟာရရှိတဲ့ အစားအသောက်ကို ရွေးစားပါ။
၎။ အသားအရေကို စနစ်တကျ ထိန်းသိမ်းပါ
မျက်နှာကို သေချာသန့်စင်ဆေးကြောပြီး ပစ္စည်းတွေကို စနစ်တကျ အသုံးပြုပါ။ အသားအရေလှပတာဟာ မိန်းကလေးတွေကို အဆင့်အတန်းရှိရှိ ဆွဲဆောင်မှုရှိစေပါတယ်။
၅။ အမျိုးအစားကောင်းမွန်သော အတွင်းခံ အဝတ်အစားဝတ်ပါ
ဘယ်သူမှ မမြင်နိုင်ဘူးဆိုပေမယ့် အမျိုးအစားကောင်းတဲ့ အတွင်းခံအဝတ်အစားဟာ ဘယ်ဝတ်စုံပဲဝတ်ဝတ်၊ ခန္ဓာကိုယ်ကို စမတ်ကျ ကြည့်ကောင်းစေမှာပါ။
၆။ အပြင်ထွက်လျှင် ရေမွှေးဆွတ်ပါ
အပြင်ထွက်တဲ့အခါ သင်းပျံ့တဲ့ရနံ့ ရနေအောင် ရေမွှေးနည်းနည်းလောက် ဆွတ်သွားပါ။
၇။ လက်သည်း၊ ခြေသည်း သန့်စင်အောင်ထားပါ
လက်သည်းတွေကို တစ်ပတ်တစ်ကြိမ် လှီးဖြတ်ပြီး အရောင်တင်ပါ။ ခြေသည်းတွေကို နှစ်ပတ်တစ်ကြိမ် လှီးဖြတ်ကာ အရောင်တင်ပေးပါ။
၈။ ဘဝမှာ ပျော်ရွှင်သော အရာများအတွက် အချိန်ပေးပါ
အားလပ်ချိန်မှာ စိတ်ကို တကယ်ကြည်နူး ပျော်ရွှင်စေတဲ့ အရာတွေနဲ့ ကုန်ဆုံးလိုက်ပါ။ သင့်ကိုရော၊ တစ်ပါးသူကိုပါ မထိခိုက်စေဘူးဆိုရင် မသင့်တော်တဲ့ အပြုအမူဆိုတာ မရှိပါဘူး။ ကလေးတွေနဲ့ ဆော့ကစားတာက သင့်ကို ပျော်ရွှင်စေသလား၊ ကခုန်ချင်သလား၊ သီဆိုဟစ်ကြွေးပစ်ချင်တာလား။ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေလိုက်ပါ။
၉။ လူများကို ဖြူစင်စွာ ပြုံးပြပါ
ခင်မင်တဲ့လူတွေနဲ့ ဆုံတွေ့တဲ့အခါ ဖြူစင်ရှင်းသန့်ပြီး ခင်မင်တဲ့ အပြုံးမျိုးနဲ့ စိတ်ပါလက်ပါ ပြုံးပြပါ။ သင့်စိတ်ထဲကပါ တကယ်ပြုံးပျော်လာပြီး သင့်ကိုချစ်စဖွယ် မိန်းမသားတစ်ဦး ဖြစ်လာစေပါလိမ့်မယ်။
၁၀။ ယဉ်ကျေးသိမ်မွေ့ပါ
ရိုင်းပျခြင်း၊ မထီလေးစားလုပ်ခြင်း၊ အော်ဟစ်ခြင်း၊ ငြင်းခုံခြင်း စတဲ့ အပြုအမူမျိုး၊ ညစ်ပတ်တဲ့ အနေအထိုင်မျိုး၊ ဆေးလိပ်အရက် စတာတွေကိုသောက်ပြီး ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်တဲ့ပုံစံမျိုး ဘယ်သောအခါမှ မဖြစ်ပါစေနဲ့။ ဒီအပြုအမူအားလုံးဟာ သင်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လှပတင့်တယ်မှုတို့ကို အနုတ်လက္ခဏာ ပြသွားစေတာကြောင့်ပါ။ အမြဲတမ်းတတ်နိုင်သမျှ ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်ပြောဆိုပါ။

ခေတ်စားနေသော ရှေ့ဆံမြိတ်ချ ဆံပင်ပုံစံ

ခေတ်ဆိုတာ တစ်ပတ်လည်နေတယ်လို့ ဆိုရမလိုပါ။ အလယ်ခွဲ၊ ဘေးခွဲ၊ နဖူးအပြောင်သိမ်း စတဲ့ ဆံပင်ပုံစံတွေ ခေတ်စားအပြီးမှာ အခုတော့ ရှေ့ဆံပင်ကို နဖူးအထက်မှာ အတိလေးချတဲ့ ဆံပင်ပုံစံက ခေတ်စားလာပြန်ပါတယ်။ ကေတီဟုမ်း၊ အွန်စော စတဲ့ မင်းသမီးတွေ လတ်တလော ထားတဲ့ ဆံပင်ပုံစံလည်း ဖြစ်ပါတယ်။ ရှေ့ဆံမြိတ်ချဆံပင်ပုံစံကို သဘောကျ နေကြတဲ့ ပျိုမဒီတို့အတွက် လမ်းညွှန်ချက် တချို့ကို အကြံပြုလိုက်ပါတယ်။

၁။ ဆံမြိတ်ချမယ်ဆိုရင် ရှေ့ဆံပင်တွေက အဖြောင့်ဖြစ်ဖို့ လိုပါတယ်။ ဒါမှသာ နဖူးပေါ်မှာ ဖြောင့်စင်းညီညာစွာ ကျနေမှာပါ။ ဆံပင်ဖြောင့်ထားသူ ဒါမှမဟုတ် ပင်ကို ဆံပင် ဖြောင့်သူတွေ အတွက် အဆင်ပြေပေမယ့် နဂိုဆံပင်ကောက်သူနဲ့ ဆံပင်ကောက်ထား သူတွေကတော့ ရှေ့ဆံပင်ကို ဖြောင့်အောင်ပြုပြင်ဖို့ လိုအပ်ပါတယ်။
၂။ နဖူးပေါ်ကို ဆံမြိတ်ချလိုက်ရင် လူကို ပိုနုသွားစေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ နုသွားစေတယ်ဆိုတိုင်း ကြီးကြီးငယ်ငယ် အမျိုးသမီးတိုင်းနဲ့တော့ မလိုက်ဖက်ပါဘူး။
၃။ ဆယ်ကျော်သက်အရွယ်တွေနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်တွေအနေနဲ့ ရှေ့ဆံပင်ကို ဆံမြိတ်ချထားရင် ပိုမိုချစ်စရာကောင်းပါတယ်။ အထူးသဖြင့် မျက်နှာဝိုင်းသူတွေ၊ မျက်နှာပြည့်သူတွေနဲ့ ပိုမိုလိုက်ဖက်ပါတယ်။
၎။ ဆံမြိတ်ချထားတဲ့ ဆံပင်ပုံက ကုပ်ဝဲဆံပင်တိုအဖြောင့်နဲ့ အလိုက်ဖက်ဆုံးပါ။ ဆံပင်အဖြောင့် ဒါမှမဟုတ် အကောက်ရှည်တွေရှိရင် ဆံပင်ရှည်ရှည်တွေကို ဒီအတိုင်းချထားတာနဲ့ လိုက်ဖက်ပါတယ်။
၅။ ရှေ့ဆံမြိတ်ကို မျက်ခုံးမွှေးပေါ်အောင် မျက်ခုံးမွှေးအထက်နားမှာ အတိညှပ်ပါ။ သင့်မျက်နှာနဲ့ ရှေ့ဆံမြိတ်ချအတိပုံက မလိုက်ဘူးထင်ရင် မျက်ခုံးမွှေးလောက် အရှည်အတိုင်းညှပ်ပြီး ဆံမြိတ်ကို အတည့်မချဘဲ ဘေးကို ခပ်စောင်းစောင်းထားပေးပါ။

ခရီးသွားရင် ဘယ်လိုဖက်ရှင်ထွင်မလဲ

အခုလို ရာသီအချိန်အခါမျိုးဟာ ခရီးသွားလို့ ကောင်းတဲ့အချိန်ပေါ့။ မိုးလေကင်းစင်ပြီ။ ခြေခင်း လက်ခင်း သာယာပြီ။ အပေါင်းအသင်းတွေ စုဖွဲ့ပြီး ခရီးထွက်ကြချိန်ပါပဲ။ မိသားစု အားလပ်ရက်ရှည်မှာ အပန်းဖြေ ခရီးသွားတတ် ကြချိန်လေ။ တချို့ဆိုရင် တစ်နှစ်တာလုံး လုပ်ငန်းခွင်မှာ ပင်ပန်း ကြိုးစားခဲ့ရသမျှ၊ ရက်ရှည်ခရီးလှည့်ဖို့ စဉ်းစားချိန်လည်း ဖြစ်ပါတယ်။

နိုင်ငံတကာကို ခြေဆန့်ကြတဲ့သူတွေလည်း ရှိပါတယ်။ ခရီးသွားတဲ့အခါ သင်ကတော့ စတိုင်လ်ကျကျ၊ လှလှပပလေးပဲ ဝတ်ဆင်ချင် တာမို့လား။ အပန်းဖြေခရီးဆိုတာကလည်း ပူပင်သောက ဘာမှယူမလာတဲ့ခရီးပဲလေ။ လန်းဆန်းတက်ကြွတဲ့ပုံစံနဲ့ လွတ်လွတ်လပ်လပ် သွားလာရတာမျိုး။ ခရီးသွားရင်း ပတ်ဝန်းကျင်နေရာ၊ ဒေသ၊ ရာသီဥတုနဲ့ ကိုက်ညီတဲ့စတိုင်လ်မျိုး၊ ဖက်ရှင်မျိုးဖြစ်ဖို့လည်း လိုပါတယ်။ ကိုယ်သွားတဲ့အရပ်ဒေသနဲ့ လိုက်ဖက်သင့်လျော်တဲ့ ဝတ်စုံဒီဇိုင်းတွေ ဖြစ်ရပါမယ်။
ဘယ်နေရာ၊ ဘယ်ဒေသကိုသွားမှာလဲ ကမ်းခြေဒေသသွားတဲ့အခါ ဝတ်ဆင်တဲ့ဒီဇိုင်းက တောင်ပေါ်မြေကိုသွားတဲ့ ပုံစံမျိုးမဖြစ်သင့်ဘူး။ ဘုရားဖူးခရီးနဲ့ အပန်းဖြေ အပျော်ခရီး ကလည်း ရည်ရွယ်ချက်ခြင်း ကွာခြားတယ်။ ဘယ်ကိုသွားမှာလဲ၊ ဘယ်လောက်ဝေးသလဲ၊ ဘယ်လိုရာသီဥတုမျိုးရှိတဲ့ ဒေသလဲ၊ ဘယ်လို နယ်မြေတွေကို ဖြတ်သန်းခရီးနှင်ရမှာလဲ စတဲ့ အချက်တွေကို အရင်စဉ်းစားပါ။ ခရီးသွားဖက်ရှင်တွေအတွက် အရင်ရွေးချယ်ရမှာက ဝတ်စုံတွေရဲ့ အရောင်ပါပဲ။ တောက်ပလွန်းတဲ့ အရောင်ကို ရှောင်ရပါမယ်။
မြင်လိုက်တာနဲ့ အေးချမ်းသွားစေမယ့် အဆင်ဒီဇိုင်းမျိုးကိုပဲရွေးပါ။ အရောင်စပ်ဆိုရင်လည်း အဆင်ပြေလိုက်ဖက်တဲ့ အရောင်မျိုးပဲကောင်းပါတယ်။ ကြောင်ကြောင်ကျားကျား အရောင်တွဲစပ်မှုတွေကို မသုံးသင့်ဘူး။ Deep Colour တွေလည်း သိပ်မဆင်ပါနဲ့။ ဝတ်စုံပုံစံရွေးချယ်ရာမှာလည်း သတိပြုသင့်တာလေးတွေ ရှိပါတယ်။ လှပဖို့အတွက်ပဲ စဉ်းစားလို့တော့ မရဘူး။ သွားသွားလာလာ ခရီးလမ်းအတွက် အဆင်ပြေဖို့လည်း လိုပါတယ်။ Smart ကျတဲ့ ဝတ်စုံမျိုးက ခရီးသွားရာမှာ အဆင်မပြေနိုင်ဘူး။
တင်းကြပ်လွန်းတဲ့ Fit ဝတ်စုံလည်း မဝတ်ဆင်သင့်ဘူး။ တိုလွန်းတဲ့ Skirt ဘောင်းဘီတိုတွေလည်း မဝတ်ပါနဲ့။ Long Dress တွေလည်း အဆင်မပြေနိုင်ပါဘူး။ လှုပ်ရှားသွားလာရ လွယ်ကူစေမယ့် ဝတ်စုံမျိုးကိုပဲ ဝတ်ဆင်ရမှာပါ။ သက်သောင့်သက်သာ ဖြစ်စေမယ့် ဝတ်စုံဒီဇိုင်းမျိုးတွေက အဆင်ပြေဆုံး ဖြစ်ပါတယ်။ Accessories နဲ့ ပတ်သက်ရင်တော့ အထူးအထွေမရှိပါဘူး။ ကိုယ်နှစ်သက်ရာ အဆင်တန်ဆာလေးတွေ ရွေးလို့ရတယ်။ ရှုပ်ယှက်ခတ်လွန်းတဲ့ Accessories တွေ အများကြီးတော့ မဝတ်ဆင်ပါနဲ့ ပေါ့။
နေကာမျက်နှာလှလှလေးတွေလည်း တပ်လို့လှပါတယ်။ ဖိနပ်အတွက်ဆိုရင် ပါးပါးလျားလျားတွေပဲရွေးပါ။ မြင့်လွန်းတဲ့ ခုံထူဒေါက်ဖိနပ်တွေက ခရီးလမ်းကြာရှည်ရင် အဆင်မပြေဘူး။ Heels တွေ တတ်နိုင်သမျှရှောင်ပါ။ ခြေထောက်မှာ သိပ်တင်းကြပ် ပိတ်လှောင်နေတဲ့ Shoes မျိုး မဝတ်ဆင်သင့်ဘူး။ ဦးထုပ် ပေါ့ပေါ့ပါးပါးလေးတွေ ဝတ်ဆင်ရင်လည်း ပိုပြီးစတိုင်မိုက်သွားမှာ သေချာတယ်။ လည်စည်း၊ ခေါင်းစည်းပဝါတွေ လည်း ဆောင်ထားပါ။
တော်တန်ရုံ အအေးဒဏ်ကာကွယ်နိုင်သလို အလှအပအတွက် အသုံးဝင်သေးတယ်လေ။ ကဲ ခရီးသွားဖို့အတွက် သင်ဘာတွေဝတ်ဆင်မလဲ။ စဉ်းစားပြီးပြီလား။ ကမ်းခြေကို သွားမယ့်စတိုင်လ်၊ တောင်ပေါ်ဒေသတွေကို သွားမယ့်စတိုင်လ်၊ မြေပြန့်ဒေသအတွက် စတိုင်လ်တွေကို ခွဲခြားသိပြီလား။ လမ်းခရီး အဆင်ပြေအောင် ဘယ်လိုဝတ်ဆင်မှာလဲ။ ဂျင်းန်ဘောင်းဘီတစ်ထည်၊ Blueberry ရှပ်တစ်ထည်၊ ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးသွားဖက်ရှင်တစ်ခု စဉ်းစားကြည့်ပါလား။

Relax Style ဖြစ်ဖို့ပဲလိုတယ်

တစ်ခါတစ်လေမှာတော့ ပေါ့ပေါ့ပါးပါးလေး နေထိုင်ချင်တတ်လာတယ်။ စိတ်ရောကိုယ်ပါ Relax ဖြစ်စေနိုင်တဲ့ အပြင်အဆင်၊ အနေအထိုင်မျိုးတွေနဲ့ လွတ်လွတ်လပ်လပ် ပေါ့။ Fashion ဆိုရင်လည်း အဲဒီ့လိုပဲ ပေါ့ပါး သွက်လက်တဲ့ ပုံစံမျိုးကို ဖန်တီးဝတ်ဆင် ချင်ကြမှာပါ။ တန်ဖိုးများစွာနဲ့ တကယ့် ကိန်းကြီးခန်းကြီးနိုင်တဲ့ ဝတ်စုံတွေက စိတ်လေးလံစေပြီး ပွဲလမ်းအခမ်းအနား ပြင်ပမှာ အမြဲဝတ်ဆင်ဖို့ အဆင်မပြေဘူး။

ဒီက ရာသီဥတုနဲ့ဆိုရင် Relax ဖြစ်တဲ့ ဝတ်စုံတွေက သက်သောင့်သက်သာနဲ့ ပိုပြီး ဖက်ရှင်ဖြစ်စေနိုင်တယ်။ ဝတ်ဆင်သူ ကိုယ်တိုင်နဲ့လည်း လိုက်ဖက်မယ်။ ဖက်ရှင်အရလည်း ခပ်မိုက်မိုက်ဖြစ်စေမယ့် Dress တွေကို ရွေးချယ်ရမှာပါပဲ။ ဖက်ရှင်ဆိုတာက လိုက်ဖက်ညီခြင်းကို အခြေခံတယ်။ ဖန်တီးတင်ဆက်မှုနဲ့ ထူးခြားစေရမယ်လေ။
ရေမြေ၊ ဒေသ၊ အချိန်အခါ၊ ဝန်းကျင်နဲ့ ကိုက်ညီဖို့က အရေးကြီးပါတယ်။ Shopping ထွက်ဖို့၊ သင်တန်းတက်ဖို့၊ အနားယူ အပန်းဖြေ ခရီးတိုသွားဖို့အတွက်ဆိုရင် လွတ်လပ်ပေါ့ပါးတဲ့ Fashion Style ကို စဉ်းစားရမှာပါ။ လူငယ်ဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်၊ Relax ဖြစ်နေတဲ့ ပုံစံမျိုးကို ဝတ်ဆင်ကြ၊ နှစ်သက်ကြပါတယ်။ သွားလာလှုပ်ရှားရတာ လွယ်ကူတယ်၊ စိတ်ကြည်နူးမှု ရစေတယ်။ လျင်မြန်သွက်လက်တဲ့ စိတ်ခံစားမှု ရစေတယ်လေ။ သိပ်ကို လှပဆန်းပြားနေစရာ မလိုဘူး။ သပ်ရပ်တင့်တယ်မှုရှိသလို၊ လင်းလက်တောက်ပမှုလည်း ရှိနေရပါမယ်။
ဘယ်လိုဝတ်မလဲ
အဆင်ပြေသလို ဝတ်ရမှာပါပဲ။ အဆင်အပြေဆုံး ဖြစ်နေစေရမယ်။ တန်ဖိုးလည်း အရမ်းမများရဘူး။ သပ်ရပ်မှုရှိရမယ်။ ခေတ်လူငယ်တွေကတော့ ဂျင်းန်နဲ့တီရှပ်ကို ဝတ်လေ့ရှိတယ်။ ဦးထုပ်ကလေးဆောင်းမယ် ဒါမှမဟုတ် ခေါင်းစည်းပဝါပေါ့။ ကျောပိုးအိတ်လေးလွယ်လိုက်။ Skirt လေးတွေလည်း ဝတ်ကြတာရှိတယ်။ တီရှပ်အပေါ်မှာ Alter Shirt လေးတစ်ထည် လက်ခေါက်တင်ပြီး ဝတ်ကြည့်လိုက် မိုက်သွားပြီ။ ဆယ်ကျော်သက်အရွယ်မဟုတ်တော့တဲ့ မမတွေကရော ဘယ်လိုပုံစံနဲ့ ဝတ်ဆင်ကြမလဲ။ Smart လည်းဖြစ်ရမယ်။ သွက်လက်တဲ့ပုံစံမျိုးလည်း ဖြစ်နေစေရမယ်။ အရွယ်လတ်ပိုင်းဆိုတော့ ဖက်ရှင်ကို ဆင်ခြင်ရတော့မယ်။
တို၊ ကျပ်၊ ပြတ်လွန်း၊ ဟိုက်လွန်းတာတွေနဲ့ မအပ်စပ်တော့ဘူး။ ငယ်သူတွေလို အလန်းဆုံးစတိုင်လ်တွေနဲ့ မလိုက်ဖက်တော့တာ သေချာတယ်။ ဂါဝန်ဆိုလည်း ဒူးလောက်အထိပေါ့။ Blouse ပွပွလေး။ Shirt ဆိုရင် ခါးရှည်လေးတွေ ဆင်ရမယ်။ ဖိနပ်အမြင့်တွေ မစီးသင့်ဘူး။ လက်ကိုင်အိတ်အရွယ် ခပ်ကြီးကြီးတွေကိုင်ရမယ်။ ထီးကလေးတစ်လက် ပါရမှာပေါ့။ သွက်လက်နေပေမယ့် ဣနြေ္ဒရှိနေရမယ်။ မျက်မှန်နှစ်သက်တတ်ရင်တော့ တပ်ဆင်လို့ရတယ်။ ပိုးပဝါလေး လည်မှာစည်းလိုက်ရုံပဲလေ။
အရောင်ရွေးကြည့်ရအောင်
စူးရှ၊ လင်းလက်တဲ့အရောင်၊ တောက်ပပေါ်လွင်လွန်းတဲ့ အရောင်တွေကို ရှောင်ရမယ်။ အဆင်ဒီဇိုင်း သိပ်ရှုပ်ရှုပ်ထွေးထွေးတွေလည်း မဝတ်ပါနဲ့။ အကွက်၊ အစင်းဒီဇိုင်းတွေ ဝတ်သင့်တယ်။ အရောင်ဖျော့လေးတွေ၊ အရောင်နုနုလေးတွေ ရွေးရမယ်။ အရောင်တွဲစပ်တာမျိုးတွေ မဆင်သင့်ဘူး။ ပြောင်အရောင်တွေဝတ်ရင် လန်းတယ်။ အနက်၊ အဖြူ စသည်ဖြင့်ပေါ့။
တကယ်တော့ Relax ဖြစ်စေနိုင်တဲ့ ဝတ်စုံတစ်ခုဟာ စိတ်တင်းကြပ်မှု မခံစားရဘူး။ အမြင်အာရုံမှာ လန်းဆန်းစေတဲ့ ဖက်ရှင်တစ်ခုဖြစ်ရမှာပါ။ Accessories တွေ သိပ်များများဆင်ဖို့ မလိုအပ်ဘူး။ လှပနေရမယ်။ သက်သောင့်သက်သာရှိတဲ့ သွင်ပြင်မျိုးပေါ့လေ။ ထင်းထင်းကြီး သိသာပေါ်လွင်စေတဲ့ ဖက်ရှင်မျိုးမဖြစ်ရပါဘူး။ Relax Style တစ်ခုအတွက် သင့်ဘက်က ပြင်ဆင်နိုင်ပြီ ဖြစ်ပါတယ်။

Shopping ထွက်ဖို့ အဆင်သင့်ဖြစ်ပြီလား

အရင်ရက်တွေက Shopping Centre တစ်ခုအသစ်ဖွင့်တယ်။ အဆင့်အတန်းမြင့်ပြီး ဝန်ဆောင်မှုကောင်းကောင်း၊ အသစ်အဆန်း တွေနဲ့မို့ အားလုံးက စိတ်ဝင်စားကြတယ်။ ဖွင့်ပွဲနေ့ကစပြီး ဈေးဝယ်သူ၊ လေ့လာသူ တွေနဲ့ စည်ကားနေတာ တွေ့ရပါတယ်။ အသစ်လည်းဖြစ်တာကြောင့် စိတ်ဝင်စား ကြတာလည်း ဟုတ်လောက်ပါတယ်။

ကုန်ပစ္စည်း ရောင်းချမှု မျိုးစုံ ရှိတာ ကြောင့်လည်း ဈေးဝယ်သူတွေ၊ ဖက်ရှင်ဝါသနာရှင်တွေက စိတ်ဝင်စား နေကြပါတယ်။ Shopping Centre တွေကို များသောအားဖြင့် ဖက်ရှင်နဲ့အလှအပ စိတ်ဝင်စားသူတွေ လာကြပါတယ်။ Cosmetic နဲ့ Fashion ဆိုတာကလည်း တွဲလျက်ရှိနေတာကိုး။
ဒါကြောင့် အဲဒီ့လို ဆိုင်တွေကလည်း အခင်းအကျင်း ကောင်းကောင်း၊ ဝန်ဆောင်မှု ကောင်းကောင်းနဲ့ ဝယ်သူစိတ်ဝင်စားအောင် လုပ်လာကြတယ်။ အဝတ်အစား၊ Accessories၊ ဖိနပ်ဆိုင်တွေက ဝယ်သူတွေကို လှလှပပလေး ပြသထားတတ်ကြတယ်။ Shopping Centre ဆိုရမလိုပါပဲ။ လူငယ်၊ လူလတ်ပိုင်း၊ လူကြီးတွေက လှလှပပ၊ ခေတ်မီမီ ဝတ်စားပြင်ဆင်ပြီး Shopping ထွက်တတ်လာတယ်။ ခေတ်နဲ့အမီ အလန်းစတိုင်လ်တွေနဲ့ပေါ့။ မြင်လိုက်တာနဲ့ Shopping သွားမှာကို သိရလောက် အောင်ပါပဲ။ ဒါက ပြောင်းလဲနေတဲ့ ခေတ်ရေစီးနဲ့အတူ မြင်ရတဲ့ မြင်ကွင်းတစ်ရပ်။
ဘယ်လိုဈေးဝယ်ကြမလဲ
Shopping Centre တစ်ခုနဲ့ ဖက်ရှင်ဆိုင်တွေက အများကြီးပဲ။ အင်္ကျီတစ်ထည် အတွက်ပဲဖြစ်ဖြစ်၊ Dress တစ်စုံအတွက်ပဲဖြစ်ဖြစ် အချိန်ယူ လေ့လာကြည့်ရှုပြီးမှ ဝယ်သင့်တယ်။ အသေအချာ ကြည့်ရှုပါ။ ကြိုက်နှစ်သက်တဲ့ အရောင်ဖြစ်သလား၊ အဆင်ဒီဇိုင်းက ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ တင်လိုက်ရင် အဆင်ပြေရဲ့လား။ အဝတ်လဲခန်းမှာ ဝတ်ကြည့်ပါ။ ဒီဝတ်စုံက ကိုယ့်မှာရှိပြီးသား ဝတ်စုံတွေထက် သာရဲ့လား။ ဆင်တူနေမလား စသဖြင့်ပေါ့။ Price ကိုလည်း သေသေချာချာကြည့်ပါ။
ဈေးနှုန်းက သိပ်မြင့်နေသလား။ သိပ်ကိုဈေးချိုနေသလား။ ကျပ်ငွေလား။ စင်္ကာပူငွေလား။ တရုတ်ငွေလား တွက်ရပါတယ်။ ဈေးသိပ်မြင့်တိုင်းရော မိမိကိုယ်တိုင်နဲ့ အဆင်ပြေမှာလား။ Branded ဆိုလည်း အစစ်အမှန် ဟုတ်ရဲ့လား။ Made ကိုလည်း စဉ်းစားရပါမယ်။ For Show ကောင်းတဲ့ ဆိုင်တွေရှိတယ်။ လှပတဲ့ အရောင်အသွေး၊ အဆင်ဒီဇိုင်းတွေနဲ့ Decorate ကောင်းတဲ့ ဆိုင်တွေကလည်း သင့်ကိုဆွဲဆောင်နေမှာပဲ။ တစ်ခုရှိတာက ရွေးစရာတွေ သိပ်များနေရင်လည်း ဆုံးဖြတ်ရခက်တတ်တယ်။ အကုန်လုံးက လှနေသလို၊ ကြိုက်နေတာချည်းပဲ။
ကြိုတင်ဆုံးဖြတ်ပြီးမှ ဝယ်ပါ
ကိုယ်က ဘယ်လို အဝတ်အစား၊ ဖက်ရှင်၊ အသုံးအဆောင်ကို လိုအပ်နေတာလဲ။ အရောင်ကအစ ကိုယ်က ကြိုပြီးစဉ်းစားထားရမယ်။ လက်ရမ်းမှန်းပြီး ရှာနေရင် အဆင်ပြေမှာမဟုတ်ဘူး။ ဝယ်ဖြစ်ရင်လည်း တကယ်နှစ်သက်နိုင်ဖို့ ခဲယဉ်းတယ်။ ကိုယ်က ဘယ်လို အခြေအနေ၊ ဘယ်လို အချိန်မှာ ဝတ်ဆင်ဖို့ လိုအပ်တာလဲ။ ဒါကိုသိထားပြီးသား ဖြစ်မှာပါ။ ဝတ်စုံနဲ့လိုက်ဖက်မယ့် Accessories, Shoes နဲ့ Bag ကအစ ကြိုမြင်ထားရမယ်။ တကယ်ဝယ်တော့မယ်ဆိုရင် ဆုံးဖြတ်ရလွယ်ကူသွားတာပေါ့။
အားမနာပါနဲ့
အားနာတတ်သူတွေက ဈေးမဝယ်တာ အကောင်းဆုံးပဲ။ ကိုယ်နဲ့သိတဲ့ ဆိုင်ဖြစ်နေလို့၊ မဝယ်ရင် မကောင်းတတ်လို့၊ ဝန်ဆောင်မှုတွေ ဒီလောက်ကောင်းနေတာမဝယ်ဘဲ ပြန်ထွက်သွားလို့ မဖြစ်ပါဘူး။ အဲဒီ့လို တွေဝေအားနာတတ်သူတွေ ရှိပါတယ်။ ဈေးကြီးမှန်းသိပေမယ့် အားနာလို့မဆစ်ဘဲ ဝယ်သူတွေရှိတယ်။ ကိုယ်နှစ်သက်မှ၊ ကိုယ်နဲ့အဆင်ပြေမှ၊ ကိုယ်သုံးမယ့်ငွေနဲ့ အဆင်ပြေသင့်လျော်မှ ဝယ်သင့်တယ်။ ဝယ်ပြီးမှ ဒီအတိုင်းပစ်ထားရင် တန်ဖိုးဆုံးတာပေါ့။ ဈေးဝယ်ပြီဆိုရင် အားနာမနေနဲ့။
Shopping အတွက် Guide လုပ်ပေးလိုက်ပါတယ်။ အလှအပနဲ့ ဖက်ရှင်အတွက် သင်လည်း ဈေးဝယ်ဖြစ်နေတယ်မို့လား။ ပွင့်လင်းရာသီအမီ Shopping သွားပြီဆိုရင် ဒီအချက်တွေကို မမေ့နဲ့။

ခါးအလှပေါ်လွင်စေမည့် ဝတ်ဆင်နည်းများ

ခါးတုတ်နေလို့ အဝတ်အစားဝတ်ရတာ အဆင်မပြေဘူးလား။ စိတ်မပူပါနဲ့။ အဝတ်အစားပုံစံက စမတ်ကျနေရင် ခါးအလှပေါ်လွင်ပြီး သင့်ခန္ဓာကိုယ်ကို သွယ်လျအချိုးကျ သွားစေပါလိမ့်မယ်။

ခါးအလှပေါ်လွင်အောင် ဝတ်ဆင်သင့်သော အဝတ်ပုံစံ
၁။ V ပံုသ႑ာန္အက်ႌ
လည်ပင်းပေါက်က V ပုံသဏ္ဍာန်ရှိနေရင် သင့်ခါးကို အလိုလို သိမ်သွားစေပါတယ်။ ဒီလည်ပင်းပုံဟာ လူတွေကို ခန္ဓာကိုယ် အလယ်ပိုင်းနေရာမှ အာရုံလွှဲသွားစေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းနေရာကို ပိုပေါ်လွင် သွားစေပါတယ်။
  
၂။ ရင်အောက်စည်းအင်္ကျီ
ဒီအင်္ကျီပုံစံကလည်း ခါးမရှိတာကို ဖုံးလွှမ်းသွားစေနိုင်ပါတယ်။ ဒီအင်္ကျီပုံစံကို ညနေခင်းပွဲတက်ဝတ်တဲ့ ဂါဝန်လေးတွေ၊ ဂျင်းဘောင်းဘီနဲ့ တွဲဝတ်တဲ့ အင်္ကျီ ကားကားလေးတွေအနေနဲ့ အတွေ့ရများပြီး
ခါးတုတ်နေသူတွေနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းတွေဖြစ်ပါတယ်။


 ၃။ကုတ္အက်ႌ


ကိုယ်ခန္ဓာနဲ့အံ ကိုက်ညီအောင်ချုပ်ထားတဲ့ ကုတ်အင်္ကျီအတိုနဲ့ ခါးနေရာမှာ စည်းထားတဲ့ ကုတ်အင်္ကျီအရှည်တွေကို ဝတ်ဆင်ပေးရင် လည်း ခါးအလှပေါ်လွင်စေပါတယ်။
ခါးတုတ်သူတို့ ရှောင်သင့်သော ဝတ်စားဆင်ယင်မှုများ
ခါးနေရာမှာ ဘာအဆင်၊
ဘာလိုင်းမှ မပါတဲ့ ဝတ်စုံပွပွတွေ၊ ခါးပတ်နဲ့ ခါးရှုံ့မပါတဲ့ ကုတ်အင်္ကျီတွေကိုရှောင်ဖို့ လိုပါတယ်။



အောက်ရှူးဘောင်းဘီ ဝတ်ဆင်မည်ဆိုလျှင်

ဒီနေ့ခေတ်မှာ ဘောင်းဘီရှည် ဝတ်ဆင်မယ် ဆိုရင် အဖျားမှာ ပွရောင်းတဲ့ ဘောင်းဘီတွေ အစား ခြေချင်းဝတ်နေရာမှာ ကျပ်သွားတဲ့ ဘောင်းဘီတွေကို အဝတ်များ လာကြ ပါတယ်။ အောက်ရှူးဘောင်းဘီအကျပ်တွေ ဟာ ဝတ်တတ်ရင် ကိုယ်လုံးကိုယ်ထည်ကို ပေါ်လွင်ကြည့်ကောင်းစေပြီး မဝတ်တတ်ရင် ရိုင်းသလိုဖြစ်တတ်တာကြောင့် အောက်ရှူး ဘောင်းဘီကို စတိုင်လ်ကျကျ ဝတ်ဆင် နိုင်အောင် အကြံပြုချက်တချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။

သတိထားသင့်သော အချက်များ
အောက်ရှူးဘောင်းဘီဟာ ကိုယ်ခန္ဓာ ဝဖြိုးသူတွေနဲ့ အဆင်မပြေတတ်ပါ။ ဘောင်းဘီဟာ တင်ပါး၊ ပေါင်နဲ့ ခြေသလုံးရှိ အဆီတွေကို အရှိအတိုင်း ပေါ်လွင်စေတာ ကြောင့်ပါ။ ဒါကြောင့် ခါးဆိုက်တော်တယ် ဆိုတိုင်း အောက်ရှူးဘောင်းဘီကို အလွယ်တကူ မဝယ်သင့်ပါဘူး။ ဘောင်းဘီဝယ်တဲ့အခါမှာ ကိုယ်နဲ့အဆင်ပြေ၊ မပြေသိရအောင် ဝတ်ကြည့်ပြီးမှဝယ်တာ အကောင်းဆုံးပါ။ ဘောင်းဘီကို ဝတ်ကြည့်တဲ့ အခါ မှန်ရှေ့မှာ ရှေ့ဘက်သာမက နောက်ဘက်ကိုပါ သေချာအကဲခတ်ကြည့်ရှုပါ။
အောက်ရှူးဘောင်းဘီဟာ ကျပ်လွန်းနေတာကြောင့် တင်ပါးနေရာမှာ ကြည့်ရတာ အဆင်မပြေရင် တင်ပါးအထိဖုံးတဲ့ အင်္ကျီရှည်တွေနဲ့ တွဲဝတ်ပါ။ အခုခေတ်မှာ အောက်ရှူး ဂျင်းဘောင်းဘီ၊ ဆွဲသားဘောင်းဘီ စတာတွေနဲ့ စတိုင်လ်ကျကျ တွဲဝတ်နိုင်တဲ့ အင်္ကျီရှည်တွေ အများကြီးရှိပါတယ်။ အောက်ရှူးဘောင်းဘီဟာ ခြေချင်းဝတ်အထိသာ ရှည်တာကြောင့် ခြေထောက်အလှ ပေါ်လွင်စေမယ့် ဖိနပ်လှလှလေးတွေနဲ့ တွဲဝတ်ပေးပါ။ ကြိုးသိုင်းဒေါက်ဖိနပ်၊ ဒေါက်ချွန်ရှူးဖိနပ်၊ ဒေါက်နိမ့်ရှူးဖိနပ်လေးတွေနဲ့ လိုက်ဖက်ပါတယ်။

အမြဲတမ်း စမတ်ကျချင်တယ်ဆိုရင်

အဝတ်အစား ဝတ်ဆင်တာဟာ လှပမှုထက် တစ်ခါတလေ ကိုယ်ရည်ကိုယ်သွေးကိုပါ ပေါ်လွင်စေပါတယ်။ သင် သတိမထား မိပေမယ့် အမြဲတမ်း စမတ်ကျနေစေမယ့် နည်းလမ်းတချို့ ရှိပါတယ်။

အသားအရေနဲ့ အရောင်
အရမ်းလှတဲ့အရောင် ဖြစ်နေရင်တောင် သင့်အသားအရေနဲ့ မလိုက်ဖက်ဘူးဆိုရင် ဒီဝတ်စုံကို ဘယ်တော့မှ မဝယ်ပါနဲ့။ လက်ဆောင်ပေးထားတာဆိုရင်တောင် အရေးကြီးတဲ့ပွဲတွေမှာ မဝတ်ပါနဲ့။
ပျက်စီးနေတာကို စွန့်ပစ်ပါ
အရောင်လွင့်နေတဲ့ အဝတ်အစားနဲ့ လျှော်ဖွပ်တာများလို့ ကျယ်နေတဲ့ အင်္ကျီတွေကို သတိထားပြီးကြည့်ပါ။ ပျက်စီးနေတယ်ဆိုရင် မနှမြောပါနဲ့။ အိမ်နေရင်းသာ ဝတ်ပါ။
ကျပ်လွန်းတာတွေဝတ်ရင်
ကျပ်ပြီး ကွက်တိဖြစ်နေတဲ့ အဝတ်အစားတွေဟာ သင့်ကို ဆွဲဆောင်မှု ပိုရှိစေပါတယ်။ ဒါပေမဲ့ ဝတဲ့သူတွေအတွက်ကတော့ ကွက်တိဖြစ်ဖို့ လိုပါတယ်။ မဟုတ်ရင် ကြည့်ရ ဆိုးစေပါတယ်။
တိုလွန်းတာဝတ်ရင်
လုပ်ငန်းခွင်အတွက်ဆိုရင် အရမ်းတိုလွန်းတဲ့ အဝတ်အစားတွေကို ရှောင်ပါ။ သင့် ဒူးအထက် နှစ်လက်မလောက်ဆိုရင် လုံလောက်ပါပြီ။
မီးပူတိုက်ပါ
တိကျသေသပ်အောင် ခေါက်ထားတဲ့ အဝတ်အစားတွေဟာ ဒီအတိုင်း ချိတ်ထားတဲ့ အဝတ်တွေထက် ပိုပြီးသပ်ရပ်မှု ရှိပါတယ်။ အဝတ်အစားတွေကို မီးပူတိုက်ပြီး သေသပ်စွာခေါက်ထားပြီးမှ ဝတ်ဆင်ပါ။
အတွင်းခံအရောင်ကို ဂရုစိုက်ပါ
အတွင်းခံအဝတ်အစားတွေ ကောင်းမွန်မှုဟာ သင့်ခါးအလှကို ပိုမိုပေါ်လွင်စေပါတယ်။ အတွင်းခံအင်္ကျီ ဘရာစီယာကို ဘယ်တော့မှ မီးပူမတိုက်ပါနဲ့။ အတွင်းအင်္ကျီ အရောင်ရင့် တွေကို အပြင်က အရောင်နု အဝတ်အစားတွေနဲ့ တွဲမဝတ်မိဖို့ ဂရုစိုက်ပါ။
မိတ်ကပ်အပြင်အဆင်
မိတ်ကပ်ပြင်ဆင်ရာမှာ မနက်ခင်းနဲ့ ညနေခင်းအပြင်အဆင်ကို ကွဲပြားစွာ ပြင်ဆင်ဖို့ လိုပါတယ်။ မနက်ခင်းမှာ ပိုပြီးလင်းတဲ့ မိတ်ကပ်မျိုးကို ရွေးသင့်ပြီး ညနေပွဲအတွက် ဆိုရင်တော့ အရောင်ရင့်တဲ့ မိတ်ကပ် အပြင်အဆင်ကို ရွေးပါ။
ဖိနပ်အတွက်
ဖိနပ်ဝတ်ဆင်ရာမှာ သင် ကတော့ ရွေးချယ်ပြီးသားဆိုပေမယ့် အမြဲတမ်း တောက်ပြောင် နေအောင် တိုက်ထားဖို့တော့ လိုပါတယ်။ ဖုန်တွေပေကျန်နေတဲ့ ဖိနပ်ကြောင့် ဘယ်လောက်ပဲ အဆင်ပြေအောင် ဝတ်ဆင်ထားပေမယ့် စမတ်မကျနိုင်ပါဘူး။
အရေးကြီးတဲ့ အချက်တချို့
- လက်သည်းခြေသည်း သန့်ရှင်းမှုကို ဂရုပြုပါ။
- သင့်အသက်အရွယ်နဲ့ လိုက်ဖက်တာကိုသာ ရွေးချယ်ပါ။
- ဒိတ်အောက်နေတာတွေကို ရှောင်ပါ။
- နေရာနဲ့လိုက်ဖက်တဲ့ အဝတ်အစားကို ရွေးချယ်ပါ။
- ခံတွင်းသန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုပါ။

အရွယ်တိုင်းအတွက် ရှိသင့်တဲ့ Fashion

ဂျင်းဘောင်းဘီနဲ့ တီရှပ်အင်္ကျီဟာ အသက် ၂၀ အရွယ်ကနေ သက်လတ်ပိုင်းတွေအထိ ရှိသင့်တဲ့ ဝတ်စုံပဲဖြစ်ပါတယ်။

လည်သာဖိနပ်ရှည်
ဒါကတော့ အေးတဲ့ရာသီတွေမှာ ဝတ်ဆင် သင့်ပြီး ဘောင်းဘီအကျပ်တွေနဲ့ လိုက်ဖက် ပါတယ်။ ခန္ဓာကိုယ်ကို ပိုပြီးပေါ်လွင် စေပါတယ်။ ဖိနပ်အရှည်ကလည်း သင်နဲ့ ကွက်တိဖြစ်ဖို့ လိုပါတယ်။ ချောင်နေရင်တော့ ဘယ်လိုမှ ဖက်ရှင် မကျနိုင်ပါဘူး။
ပဝါတစ်ထည်
အမျိုးသမီးတစ်ယောက်အတွက် နီညိုရောင်လို တောက်ပတဲ့ ပဝါတစ်ထည် တော့ လိုပါတယ်။ သင်နှစ်သက်တဲ့ အရောင်ရင့်ရင့်တစ်မျိုးကို ရွေးပြီး ဆွယ်တာအင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ပါ။
ဘဲလေးဖိနပ်
ဘောင်းဘီ၊ စကတ်တွေနဲ့ လိုက်ဖက်ပြီး သက်သောင့်သက်သာရှိစေတာကြောင့် တစ်ခါတလေ ဝတ်ဆင်သင့်ပါတယ်။
အဖြူရောင်ရှပ်အင်္ကျီနဲ့ မီနီစကတ်
အဖြူရောင်ရှပ် အင်္ကျီတစ်ထည်နဲ့ မီနီစကတ်တစ်ထည်ဟာ အင်တာဗျူးသွားရာမှာပဲဖြစ်ဖြစ်၊ အရေးကြီးဧည့်သည်တွေနဲ့ တွေ့ဆုံပွဲမှာပဲဖြစ်ဖြစ် သင့်ကို ပိုပြီးစမတ်ကျ နေစေတာကြောင့် ပါ။
ခါးစည်းပါတဲ့ ဂါဝန်တစ်ထည်
ပွဲတက်ရာမှာ ဝတ်ဆင်နိုင်ပြီး ခါးနေရာမှာ စည်းထားတဲ့ ဂါဝန်တွေဟာ သင့်ခါးအလှကို ပိုပြီး ပေါ်လွင်စေတာကြောင့်ပါ။
ဒေါက်မြင့်ဖိနပ်
ပွဲတက်တဲ့အခါမှာ ဒေါက်မြင့်ဖိနပ်တွေဟာ သင့်ကို အရပ်ရှည်တယ်လို့ ထင်ရစေပြီး ခြေလှမ်းတိုင်းကို ယုံကြည်မှုရှိနေစေပါတယ်။
သင်နဲ့ကွက်တိဖြစ်တဲ့ ကုတ်အင်္ကျီတစ်ထည်
ရုံးမှာ သင်နဲ့ကွက်တိဖြစ်တဲ့ ကုတ်အင်္ကျီတစ်ထည်တော့ ထားသင့်ပါတယ်။ လူကြီးလူကောင်းတွေနဲ့ တွေ့ဆုံပွဲတွေမှာ အပေါ်က ထပ်ဝတ်လိုက်ရုံနဲ့ တခြားဘာမှ ပြင်ဆင်စရာမလိုတော့ဘဲ အဆင်ပြေသွားနိုင်ပါတယ်။

အသုံးဝင်တဲ့ အိတ်အမျိုးမျိုး

- လည်သာအိတ်အမည်းရောင်ဟာ ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်ပြီး ရိုးရှင်းတဲ့ နေ့ပွဲတွေအတွက် သင့်တော်ပါတယ်။

- လက်ကိုင်အိတ်မှာ ကျောက်တွေနဲ့ အလှဆင်ထားတာမျိုးဆိုရင်တော့ ညပွဲတွေအတွက် သင့်တော်ပါတယ်။
- ဘေးလွယ်အိတ်ရဲ့ ကြိုးအရှည်ဟာ တစ်ပေခွဲလောက်ရှိမှ သင့်အနေနဲ့ သက်သောင့်သက်သာ ဖြစ်စေမှာပါ။ တစ်ပေခွဲအောက်တိုတဲ့ လက်ကိုင်ကြိုးပါ အိတ်တွေကိုတော့ လက်ဆွဲအိတ်အနေနဲ့ အသုံးပြုပါ။
- ခရီးဆောင်အိတ်ရဲ့ အရှည်ဟာ ၂၂ လက်မလောက်ရှိသင့်ပါတယ်။ ခရီးဆောင်အိတ်အတွက်လက်ကိုင်ရယ်၊ အောက်မှာတပ်ထားတဲ့ ဘီးလုံးရယ်ဟာ ခိုင်ခံ့ဖို့လိုပါတယ်။ ဝတ်စုံ အနည်းငယ် ၁၀ စုံနဲ့ ဖိနပ်နှစ်ရန်ထည့်လို့ ရသင့်ပါတယ်။
- အကောင်းဆုံး အိတ်တစ်လုံးဖြစ်ဖို့ အိတ်ဟာ အရောင်တောက်ပဖို့ လိုပါတယ်။ အရောင်မွဲခြောက်သွားတဲ့ အိတ်ဟာခဏလေးနဲ့ ပျက်စီးတယ်လို့ ထင်ရစေပါတယ်။ သယ်ယူရတာ သက်သောင့်သက်သာ ရှိစေမယ့် ဒီဇိုင်းမျိုးရှိဖို့ လိုပါတယ်။ ပုံစံနဲ့ အရွယ်အစားဟာ မျှတဖို့လိုပါတယ်။ အိတ်ကကြီးပြီ ကြိုးသေးနေတာမျိုး မဖြစ်သင့်ပါဘူး။ လည်သာအစစ်နဲ့ လုပ်ထားတဲ့ အိတ်တွေဟာ အရောင်က ကြာရှည်ခံပြီး ကြာလေ၊ အရောင်တောက်လေလေပါပဲ။ သင့်အင်္ကျီအရောင်နဲ့ လိုက်ဖက်တဲ့ အိတ်အရောင်ကို ရွေးချယ်နိုင်သလို အမည်းရောင်၊ ခရမ်းရောင်အရင့်၊ လိမ္မော်ရောင်အရင့်တွေဟာ ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်ပါတယ်။

Mar 18, 2011

သိုးမွှေးဖိနပ်လေးတွေ

ဧဒင်ဥယျာဉ်ထဲ ၀င်ကြည့်ရင်း ဖိနပ်လှလှလေးတွေတွေ့လို့ တင်ထားတာပါ။ တော်တော်စိတ်ကူးကောင်းတဲ့ ဖက်ရှင်ပါပဲ