Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Mar 28, 2011

ကြွက်နှင့် စက္ကူ

ကျွန်မအိမ်ခန်းထဲ ကြွက်တစ်ကောင်ဝင်နေတယ်။ ကြွက်က ကြွက်သတ်ဆေးလည်း မစားသလို၊ ထောင်ချောက်နဲ့လည်း ဖမ်းမရဘူး။ ကြွက်က တော်တော်လည်တဲ့ကြွက်လို့ ထင်တယ်။ ညညဆိုလည်း သောင်းကျန်လိုက်တာ ကျွန်မကောင်းကောင်း အိပ်မရဘူး။ ဒါနဲ့ ကြွက်ဖမ်းဖို့ ကြွက်ရဲ့လှုပ်ရှားသွားလာမှုတွေကို ကျွန်မ လေ့လာရတော့တယ်။ ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် ကြွက်ဟာ အိမ်ခန်းထဲကို ပြတင်းပေါက်ကတစ်ဆင့် ဝင်လာတယ်ဆိုတာကို ကျွန်မသတိထားမိလိုက်တယ်။ ပြတင်းပေါက်က ခြင်ဇကာကို ကိုက်ဖြတ်ပြီး မှောင်စပျိုးတာနဲ့ ကျွန်မအခန်းထဲ သူဝင်လာတယ်။ မိုးလင်းတာနဲ့ သူပြန်ထွက်သွားတယ်။


မိတ်ဆွေတစ်ဦးကို ကျွန်မအကြောင်းပြောပြတော့ သူကရယ်ပြီး "ဒါ လွယ်လွယ်လေးပါ.. ကြွက်ဖောက်ထားတဲ့အပေါက်ကို စက္ကူတစ်ချပ်နဲ့ ကပ်ထားလိုက်ရုံပဲ"လို့ အကြံပေးတယ်။ သူ့အပြောကို သိပ်ယုံကြည်ပုံမပေါက်တဲ့ ကျွန်မကိုကြည့်ပြီးသူက "တကယ်ပြောတာ စမ်းလုပ်ကြည့်လိုက်ပါ" လို့ပြောတယ်။


မိတ်ဆွေရဲ့အကြံအတိုင်း ကျွန်မလုပ်ကြည့်လိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာ သိပ်ဘဝင်မကျခဲ့ဘူး။ မှောင်စပျိုးတာနဲ့ ကျွန်မစောင့်ကြည့်မိတယ်။ ပါးလျတဲ့စက္ကူတစ်ချပ်က ပါးနပ်တဲ့ကြွက်တစ်ကောင်ကို တားနိုင်ပါ့မလား? တကယ်လည်း အခြေအနေက ထူးခြားခဲ့တယ်။ ပြတင်းပေါက်အပြင်က ကြွက်ဟာ အထဲကိုဝင်မရလို့ စိတ်လှုပ်လှုပ်ရှားရှားဖြစ်ပြီး ဂနာမငြိမ်ဖြစ်နေတယ်။ တကယ်တော့ လက်သည်းလေးတစ်ချက် ကုပ်လိုက်တာနဲ့၊ ခေါင်းနဲ့သာသာလေး တိုးလိုက်ရုံနဲ့ စက္ကူဗြဲပြီး အထဲကိုသူဝင်နိုင်ပါတယ်။ ဒါပေမယ့် ကြွက်ကအဲဒီလို မလုပ်ခဲ့ဘူး။ သွားနဲ့ပဲ ကိုက်ဖြတ်တတ်တဲ့သူ့အကျင့်က ပြောင်ချောချောစက္ကူကို မကိုက်ဖြတ်တတ်ခဲ့ဘူး။ စက္ကူလေးတစ်ချပ်ကြောင့် သူ့ရဲ့ ပါးနပ်မှုတွေ အသုံးမဝင်တော့တာ တကယ့်အံ့သြစရာပါပဲ။


နောက်ပိုင်းမှာ ကျွန်မအိမ်ခန်းထဲ အဲဒီကြွက် ထပ်ဝင်မလာခဲ့တော့ဘူး။ စက္ကူတစ်ချပ်နဲ့ သူတားဆီး ခံလိုက်ရတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး "ဘာကြောင့်"ဆိုတဲ့မေးခွန်းက ကျွန်မကို အချိန်တော်တော်ကြာ နှိပ်စက်ခဲ့တယ်။


နောက်ဆုံးမှာ တစ်သတ်မှတ်တွေးတောမှုကြောင့်ဆိုတာကို ကျွန်မသဘောပေါက် နားလည်ခဲ့  ပါတယ်။ ကျွန်မတို့ရဲ့ အခက်အခဲ၊ အတားအဆီးတွေဟာ ကြွက်ကိုတားဆီးထားတဲ့ စက္ကူချပ်လိုပါပဲ။ အခက်အခဲ၊ အတားအဆီးနဲ့ကြုံတဲ့အခါ တစ်သတ်မှတ်အတွေးတွေကို ကျွန်တော်တို့ လှည့်ပြောင်းပေးခဲ့မယ်ဆိုရင် ကြံစည်မှုအသစ်တွေနဲ့ စက္ကူကို အလွယ်တကူ ဆုတ်ဖြဲနိုင်မှာ အသေအချာဖြစ်ပါတယ်။

Mar 26, 2011

သွားတိုက်ဆေး အသုံးဝင်ပုံ

(၁)ရေစက်ခေါင်းတွေ ပြောင်လက်တောက်ပချင်ရင် အဝတ်စမှာ သွားတိုက်ဆေးနည်းနည်းထည့်ပြီး ပွတ်တိုက်ပေးနိုင်ပါတယ်။

(၂)မျက်နှာသစ်ဘေစင်၊ ရေချိုးဘေစင်တွေပြောင်လက်ချင်ရင် ဖောမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ဆေးကြောပေးနိုင်ပါတယ်။

(၃)အဝါရောင်သမ်းနေတဲ့ အိမ်သုံးပစ္စည်းတွေကို အဝတ်စမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ပွတ်တိုက်ပေးရင် အရောင်လက်စေပါတယ်။

(၄)မီးဖိုပေါ်က မည်းညစ်နေတဲ့ ဆီချေးတွေကို ရေနွေးနဲ့အရင်လောင်းပြီး သွားတိုက်ဆေးထည့်ထားတဲ့ အဝတ်စနဲ့ပွတ်တိုက်ပေးနိုင်ပါတယ်။

(၅)ငါးကိုင်ပြီးနောက် လက်မှာငါးညှီနံ့တွေ စွဲနေရင် သွားတိုက်ဆေးနဲ့ ဆေးပေးနိုင်ပါတယ်။

(၆)လက်မှာဆီချေး၊ ဆေးကြောရခက်တဲ့ ဆီ၊ မင်တွေစွန်းပေခဲ့ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ဆေးကြောနိုင်ပါတယ်။

(၇)အင်္ကျီလက်ဝ၊ ကော်လံတွေမှာ ချေးတွေပေးပြီး ဆေးကြောရခက်ခဲ့ရင် သွားတိုက်ဆေးအရင်ပွတ်ပေးပြီး ဆေးကြောပေးနိုင်ပါတယ်။

(၈)စီးတာကြာလို့ အဝါရောင်သမ်းလာတဲ့ ဖိနပ်အဖြူရောင်တွေကို အရင်ဆေးကြောပြီး သွားတိုက်ဆေးနဲ့ ပွတ်တိုက်ဆေးကြောပေးနိုင်ပါတယ်။

(၉)လက်နှိပ်ဓာတ်မီး အသုံးကြာလို့ အလင်းပြန်တဲ့မျက်နှာပြင် ဝါသွားခဲ့ရင် သွားတိုက်ဆေး ၃~၅မိနစ်ခန့် ပွတ်ထားပြီး အဝတ်စနဲ့သုတ်ပေးနိုင်ပါတယ်။

(၁ဝ)မတော်တဆအပူလောင်တဲ့ ဒဏ်ရာကို သွားတိုက်ဆေးပွတ်ပေးရင် အနာသက်သာစေနိုင်ပါတယ်။ သွေးထွက်တဲ့ဒဏ်ရာတွေကို သွားတိုက်ဆေးနဲ့ အရင်ဆေးကြောပြီး ထပ်ပွတ်ထားပေးရင် အနာခြောက်လွယ်စေပါတယ်။

(၁၁)တူးနေတဲ့မီးပူအောက်ခြေ ပြောင်လက်ချင်ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။

(၁၂)ရောင်အမ်းတဲ့ အနာတွေ အရောင်လျော့ချင်ရင် သွားတိုက်ဆေး လိမ်းထားပေးနိုင်ပါတယ်။

(၁၃)မိုးဒဏ်၊ လေဒဏ်ကြောင့် အရောင်လွင့်နေတဲ့ ကားတံဆိပ်တွေ ပြောင်လက်ချင်ရင် သွားတိုက်ဆေး ပွတ်တိုက်ပေးနိုင်ပါတယ်။ ခြစ်ရာရှိတဲ့ ကားမှန်၊ ကားဘော်ဒီတွေကိုလည်း သွားတိုက်ဆေးပါတဲ့အဝတ်နဲ့ မိနစ်အနည်းငယ်ကြာပွတ်တိုက်ပေးပြီး အဝတ်သန့်နဲ့ ထပ်ပွတ်တိုက်ပေးနိုင်ပါတယ်။

(၁၄)အိမ်နံရံပေါ်က ကလေးတွေဆွဲခြစ်ထားတဲ့ ခဲတံ၊ ဘောလ်ပင်၊ မြေဖြူ အရစ်အကြောင်းခြစ်ရာတွေ ဖျက်ချင်ရင် အဝတ်စမှာ သွားတိုက်ဆေးထည့်ပြီး အလွယ်တကူဖျက်နိုင်ပါတယ်။

(၁၅)လက်ပတ်နာရီမှန်ခွက်ပေါ်က အရစ်အကြောင်းပျောက်ချင်ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးနိုင်သလို စီတီခွေမျက်နှာပြင်က အရစ်အကြောင်းတွေကိုလည်း သွားတိုက်ဆေးပွတ်ပြီး မိနစ်(၂ဝ)ကြာပွတ်တိုက်ပေးရင် အရစ်တွေပျောက်နိုင်ပါတယ်။

(၁၆) မည်းညစ်နေတဲ့ မှန်တွေကိုလည်း သွားတိုက်ဆေးနဲ့ ပွတ်တိုက်နိုင်ပါတယ်။

(၁၇) နံရံပေါ် ပန်းချီကားတွေကို သွားတိုက်ဆေးနဲ့ ကပ်ရင် ပိုခိုင်ခန့်တဲ့အပြင် နံရံကိုလည်း မပျက်ဆီးစေပါဘူး။ ပန်းချီကားကို နံရံပေါ်ကခွါချင်ရင် ကပ်ထားတဲ့နေရာကို ရေဆွတ်ပြီး အလွယ်တကူခွါနိုင်ပါတယ်။

Mar 23, 2011

ကျန်းမာသုတ

( သင်္ဘောသီး အစွမ်း)
သင်္ဘောသီးဟာ အာဟာရဓာတ်ပေါတယ်။ အဆီကင်းတယ်။ အစာချေရာမှာ အထောက်အကူ ပြုပါတယ်။ အရွယ်အလတ်စား သင်္ဘောသီးမှည့် တလုံးဟာ သင် နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင် စီ ရဲ့ ၂၅၀-ရာခိုင်နှုန်း၊ Folate ရဲ့ ၂၉-ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်ရဲ့ ၁၆-ရာခိုင်နှုန်းကို ဖြည့်ပေးနိုင်စွမ်းရှိပါတယ်။

( အပြုံးလေ့ကျင့်စဉ်)
စိတ်အနှောင့်အယှက်တခုခု ကြုံရတဲ့အခါ၊ ဒေါသထွက်ရတဲ့အခါ၊ ပင်ပန်း နွမ်းနယ်နေတဲ့အခါ အပြုံးလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
- မတ်တတ်ရပ်ပါ။
- ပခုံးတွေကို လျှော့ချထားပါ။
- အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်ခုံးတွေ မြင့်တက်သွားတဲ့အထိ ပြုံးလိုက်ပါ။
နားနှစ်ဖက်ပါ ဘေးကို ဆန့်ထွက်သွားသလို ခံစားရပါလိမ့်မယ်။
- စက္ကန့် ၃၀-လောက်ကြာတဲ့အထိ ပြုံးနေတဲ့ ပုံစံ လုပ်ထားပါ။ စိတ်သောကတွေ အနည်းနဲ့အများ ဆိုသလို ပြေပျောက်သွားပါလိမ့်မယ်။

( ရင်သွေးလေးတွေ အသီးအရွက် ပိုစားဖြစ်အောင် )
ဟင်းသီးဟင်းရွက်တွေဟာ လူကြီးလူငယ်မရွေး ကျန်းမာရေးအတွက် အထူးကောင်းမွန်တာမို့ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ထဲကို အသီးအရွက် တတ်နိုင်သလောက် များများဝင်အောင် ကျွေးပေးရပါမယ်။

- မနက်စာစားချိန်မှာ လတ်ဆတ်တဲ့ သစ်သီးစိတ် တစိတ်ကျွေးပါ။

- အသီးခြောက်တွေလည်း ကျွေးပါ။ အသီးခြောက် ပန်းကန်လုံးတ၀က်လောက် ကျွေးခြင်းဟာလည်း ထိုက်သင့်သလောက်တော့ အာဟာရဖြစ်စေပါတယ်။

- ရေခဲသေတ္တာထဲထည့်ထားတဲ့ ဟင်းသီးဟင်းရွက်အေးတွေကို ခေါက်ဆွဲပြုတ်တို့၊ ဟင်းချိုတို့ထဲ ထည့်ပြုတ်ပြီး ကျွေးပါ။ ဒါမှမဟုတ် သီးသန့်ကြော်ပြီးပဲကျွေးကျွေး၊ ပီဇာနဲ့ဆင်းဒ၀စ် မုန့်တွေထဲ ထည့်ကျွေးကျွေး နှစ်သက်သလို အသုံးချလို့ ရပါတယ်။

-စည်သွတ်ဘူးထဲထည့်ထားတဲ့ အသီးအရွက်တွေဟာလည်း (Expire date မလွန်ရင်ပေါ့) လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေနီးပါး အာဟာရဖြစ်ပါတယ်။

- ဗီတာမင် စီ အတွက်ကတော့ ရေ၊ ဒါမှမဟုတ် လက်ဖက်ရည်အေးထဲ သံပုရာရည် သို့မဟုတ်-ရှောက်ရည်ညှစ်ပြီး သောက်ခိုင်းပါ။

- ဖျော်ရည်ပုလင်းတွေ တိုက်မယ့်အစား လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်တွေ သောက်ခိုင်းပါ။

( အာလူးကြော်နဲ့ ဗီတာမင် စီ )
အာလူးဟာ လိမ္မောသီးထက် ဗီတာမင် စီ ကြွယ်ဝပါတယ်။ ဒါပေမဲ့ အာလူးချောင်းကြော်ဆိုရင်တော့ အဆီဓာတ်များစွာပါဝင်တဲ့အတွက် နေ့စဉ်စားဖို့မသင့်ပါဘူး။ လက်သီးဆုပ်အရွယ် အာလူးတလုံးကို အကြွပ်ကြော်ထားတဲ့အကြော်မှာ အဆီ ၁၈-ဂရမ် ပါဝင်ပါတယ်။ တကယ်လို့ အာလူး အဲဒီအရွယ်ကိုပဲ ထောင်းပြီး ထောပတ်တို့ နို့တို့နဲ့ ကြော်ရင်တော့ အဆီ ၃-ဂရမ် ပါဝင်ပါတယ်။ Polyunsaturated ဆီတွေ သုတ်ပြီး မီးကင်ထားတဲ့ အာလူးဆိုရင် ဆီ ၅-၁၀ ဂရမ်အထိ ပါဝင်ပါတယ်။ မီးဖုတ်ထား၊ ပြုတ်ထား၊ ပေါင်းထားတဲ့ အာလူးမှာတော့ အဆီဓာတ် လုံးဝမပါဝင်ပါဘူး။ အဆိုးဆုံးကတော့ အာလူးပါးပါးလှီးကြော်ပါပဲ။ သူ ၁၀၀-ဂရမ်စားမိရင် ဆီ ၃၀-ဂရမ် သင့်ဝမ်းထဲရောက်သွားပြီဆိုတာ သတိပြုသင့်ပါတယ်။

( ကလေးငယ်နဲ့ စာအုပ် )
ငယ်ငယ်လေးကတည်းက စာအုပ်တွေနဲ့ အကျွမ်းတ၀င်ဖြစ်တဲ့ ကလေးတွေ ကြီးလာတဲ့အခါ စာရေးတာ၊ ဖတ်တာ၊ ဂဏန်းတွက်တာ တခြားကလေးတွေထက် ပိုကောင်းတယ်လို့ ယူနိုက်တက်ကင်းဒမ်းက သုတေသနပြုချက်တွေအရ သိရှိရပါတယ်။
ဒါကြောင့်
- သင့်ကလေးငယ်ကို စာဖတ်ပြဖို့ အချိန်သတ်သတ် ဖယ်ထားပါ။

- ဖတ်ပြတဲ့အခါ ကလေးသဘောကျအောင် ရီစရာတွေ ဖန်တီးပါ။ ဖတ်ပြတဲ့အသံ၊ မျက်နှာ အမူအရာ အမျိုးမျိုး လုပ်ပြပါ။

- ကလေး ခြောက်လသားအရွယ်လောက် ဆိုရင်ကို ဖတ်ပြလို့ရပါပြီ။ ကလေးတွေက အရုပ်လေးတွေ ကြည့်တာ၊ ထူးထူးဆန်းဆန်းအသံတွေ နားထောင်တာကို ငယ်ငယ်လေးကတည်းက စိတ်ဝင်စားပါတယ်။

- အိပ်ရာဝင်ခါနီးတိုင်း စာအုပ်တအုပ် ဖတ်ပြပါ။ အိပ်ခါနီးဖတ်ဖို့ စာအုပ်အများကြီး ပုံထားတာတော့ မဖြစ်ပါစေနဲ့။

စက္ကူလေးများရဲ့ အနုပညာ

်

လက်ချောင်းလေးများရဲ့ အနုပညာ

ဖယောင်းတိုင်နဲ့ ဆံပင်ညှပ်မယ်

သစ်ရွက်ကလေးနဲ့ ပန်းလေးဖြစ်အောင်ခေါက်မယ်

ခေါက်ထိုင်ခုံ