ဒီနေ့ခေတ်မှာ ဘောင်းဘီရှည် ဝတ်ဆင်မယ် ဆိုရင် အဖျားမှာ ပွရောင်းတဲ့ ဘောင်းဘီတွေ အစား ခြေချင်းဝတ်နေရာမှာ ကျပ်သွားတဲ့ ဘောင်းဘီတွေကို အဝတ်များ လာကြ ပါတယ်။ အောက်ရှူးဘောင်းဘီအကျပ်တွေ ဟာ ဝတ်တတ်ရင် ကိုယ်လုံးကိုယ်ထည်ကို ပေါ်လွင်ကြည့်ကောင်းစေပြီး မဝတ်တတ်ရင် ရိုင်းသလိုဖြစ်တတ်တာကြောင့် အောက်ရှူး ဘောင်းဘီကို စတိုင်လ်ကျကျ ဝတ်ဆင် နိုင်အောင် အကြံပြုချက်တချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။
သတိထားသင့်သော အချက်များ
အောက်ရှူးဘောင်းဘီဟာ ကိုယ်ခန္ဓာ ဝဖြိုးသူတွေနဲ့ အဆင်မပြေတတ်ပါ။ ဘောင်းဘီဟာ တင်ပါး၊ ပေါင်နဲ့ ခြေသလုံးရှိ အဆီတွေကို အရှိအတိုင်း ပေါ်လွင်စေတာ ကြောင့်ပါ။ ဒါကြောင့် ခါးဆိုက်တော်တယ် ဆိုတိုင်း အောက်ရှူးဘောင်းဘီကို အလွယ်တကူ မဝယ်သင့်ပါဘူး။ ဘောင်းဘီဝယ်တဲ့အခါမှာ ကိုယ်နဲ့အဆင်ပြေ၊ မပြေသိရအောင် ဝတ်ကြည့်ပြီးမှဝယ်တာ အကောင်းဆုံးပါ။ ဘောင်းဘီကို ဝတ်ကြည့်တဲ့ အခါ မှန်ရှေ့မှာ ရှေ့ဘက်သာမက နောက်ဘက်ကိုပါ သေချာအကဲခတ်ကြည့်ရှုပါ။

အောက်ရှူးဘောင်းဘီဟာ ကျပ်လွန်းနေတာကြောင့် တင်ပါးနေရာမှာ ကြည့်ရတာ အဆင်မပြေရင် တင်ပါးအထိဖုံးတဲ့ အင်္ကျီရှည်တွေနဲ့ တွဲဝတ်ပါ။ အခုခေတ်မှာ အောက်ရှူး ဂျင်းဘောင်းဘီ၊ ဆွဲသားဘောင်းဘီ စတာတွေနဲ့ စတိုင်လ်ကျကျ တွဲဝတ်နိုင်တဲ့ အင်္ကျီရှည်တွေ အများကြီးရှိပါတယ်။ အောက်ရှူးဘောင်းဘီဟာ ခြေချင်းဝတ်အထိသာ ရှည်တာကြောင့် ခြေထောက်အလှ ပေါ်လွင်စေမယ့် ဖိနပ်လှလှလေးတွေနဲ့ တွဲဝတ်ပေးပါ။ ကြိုးသိုင်းဒေါက်ဖိနပ်၊ ဒေါက်ချွန်ရှူးဖိနပ်၊ ဒေါက်နိမ့်ရှူးဖိနပ်လေးတွေနဲ့ လိုက်ဖက်ပါတယ်။
No comments:
Post a Comment