သင့်အဖော်က ပြောစကား နားမထောင်ဘူးလား
By Good Health Originally posted
ဇနီး၊ ခင်ပွန်း၊ ချစ်သူ၊ ရည်းစားတွေမှာ အကြောင်းအရာ တစ်ခုခုကို ဆွေးနွေး တိုင်ပင်ချိန်မှာ တစ်ဖက်သက် ထင်မြင် ယူဆချက်တွေနဲ့ ခက်ခဲတဲ့ ဆွေးနွေးမှုတွေ ကြုံတွေ့ရတတ်ပါတယ်။ တစ်ခါတစ်ရံ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ကိုယ်က သိပေမယ့် တစ်ဖက်က မှန်ကန်တယ်လို့ တထစ်ချ ယုံကြည်နေတာကြောင့် တစ် ယောက်နဲ့တစ်ယောက် စကားများ ရန်ဖြစ်ရတာတွေအထိ ဖြစ်ကြပြီး စိတ်ရောလူပါ ပင်ပန်းကြရပါတယ်။ တစ်ဦးနဲ့တစ်ဦး လေးစားမှု (Respect) ရှိဖို့တော့ လိုပါတယ်။ ချစ်ခင်နှစ်သက်လို့ ပေါင်းသင်း ဆက်ဆံကြတယ်ဆိုတာကို သတိရပြီး ကိုယ့်အဖော်ရဲ့ပြောစကားဟာ ကိုယ့်ကို အကျိုး တစ်စုံတစ်ရာ ပျက်စီးစေချင်တဲ့ ဆန္ဒ မရှိနိုင်ဘူးဆိုတာကိုတော့ သတိထားဖို့ လိုပါတယ်။ အထူးသဖြင့် အကြောင်းအရာ တစ်ခုကို တစ်ယူသန်ပြီး တစ်သမတ်တည်း သတ်မှတ်ထားသူတွေဟာ အတ္တကြီးပြီး ခေါင်းမာတတ်ကြပါတယ်။ သင်ဟာ နည်းလမ်းမှန်ကန်တဲ့ လမ်းပြသူဖြစ်အောင် အောက်ပါ နည်းလမ်းတွေကို လေ့လာကြည့်ပါ။
၁။နှိုင်းယှဉ် ပြောဆိုတာမျိုး မလုပ်ပါနဲ့
လူတစ်ဦးနဲ့တစ်ဦး စိတ်ခံစားချက်နဲ့ လုပ်ရည်ကိုင်ရည်ဟာ ထပ်တူ မကျနိုင်ပါဘူး။ အတင်း တွန်းအားပေးပြီး တခြားသူ တစ်ယောက်နဲ့ နှိုင်းယှဉ် ပြောဆိုတာမျိုးဟာ တစ်ဖက်လူကို ခံစားမှုနဲ့ ဖိစီးမှု ဖြစ်စေပြီး မခံချင်စိတ်နဲ့ အမှားအမှန် ပိုင်းခြားဖို့ ခက်ခဲသွားတတ်ပါတယ်။ သူပြောတာတွေကို သင်က လက်မခံနိုင်သည့်တိုင်အောင် သူ့ဘက်က အမြင်ကို သင် အရင် နားထောင်ကြည့်ပါ။ နားလည်အောင် ကြိုးစားပေးကြည့်ပါ။ သူများနဲ့ နှိုင်းယှဉ်ပြောတိုင်း သူများလို သင်တို့က ဖြေရှင်းချင်မှ ဖြေရှင်းနိုင်မှာပါ။
၂။အပြစ်မတင်ပါနဲ့
ဆုံးဖြတ်ချက်တစ်ခုကို တစ်ကြိမ် မှားယွင်းစွာ ချလိုက်တာကြောင့် နောက်လည်း အမြဲတမ်း မှားနေလိမ့်မယ်လို့ အမြဲ အပြစ်တင် ပြောဆိုနေမယ်ဆိုရင် နောက်ထပ် တစ်ကြိမ်မှာ သူဟာ ဆုံးဖြတ်ချက်တစ်ခု ချဖို့ တွေဝေသွားတတ်ပြီး အမြဲပဲ မှားနေလိမ့်မယ်လို့ ထင်တာကြောင့် စိတ်ထိခိုက်မှု ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ နည်းလမ်းကိုတောင် ရှာဖို့ ခက်သွားတတ်ပါတယ်။ ခံစားချက် ကောင်းကောင်းထားဖို့နဲ့ လူတိုင်း အမှားမကင်းတာကို နားလည်ပြီး အားပေးပြောဆိုပါ။
၃။အမိန့်ကို မသုံးပါနဲ့
ချိုသာတဲ့ စကား အသုံးအနှုန်းကို ကလေးတွေတောင် ကြိုက်နှစ်သက်ကြပါတယ်။ လူကြားထဲမှာ အော်ငေါက် ပြောဆိုတာမျိုး၊ နိုင်ထက်စီးနင်း ပြောဆိုတာမျိုးကတော့ ဘယ်သူမှ အချိန်ကြာကြာ လက်မခံနိုင်ပါဘူး။ ကိုယ်ပြောလိုက်တဲ့ စကားကြောင့် တစ်ဖက်လူ ဘယ်လို ခံစားရမလဲ ဆိုတာမျိုး အရင် တွေးကြည့်ပါ။
၎။နားမလည်ရင် ပြန်မေးပါ
သင်ကြားလိုက်လို့ မရှင်းတဲ့ စကားလုံးမျိုး ရှိရင် လက်ရှိအချိန်မှာပဲ ချက်ချင်း ပြန်မေးပါ။ ရှင်းလင်းပြီး ဆိုလိုတဲ့ အဓိပ္ပာယ်ကို သိတဲ့အထိ မေးပါ။ စိတ်ထဲမှာ မျိုသိပ် မထားပါနဲ့။ မျိုသိပ်မှုတွေများ လာရင် တစ်ချိန်ချိန်မှာ ပေါက်ကွဲလာနိုင်ပါတယ်။ ရိုးသားပြီး ပွင့်လင်းစွာ ပြောဆိုနိုင်ဖို့ ကြိုးစားပါ။
၅။မျက်လုံးချင်း ဆုံပါ
တစ်ဦးနဲ့တစ်ဦး စကားပြောဆို ဆွေးနွေးချိန်မှာ မျက်နှာချင်းဆိုင် မျက်လုံးကို ကြည့်ပြီး စကားပြောဆို ဆွေးနွေးပါ။ ဒါမှ နီးစပ်မှု၊ ရင်းနှီးကျွမ်းဝင်မှု၊ ရိုးသားမှုနဲ့ နားလည်မှုတွေကို ခံစားမိပြီး ယုံကြည်မှု ပိုမိုစေပါတယ်။
၆။မေးခွန်းတချို့ မေးပါ
အလုပ်တစ်ခု ပြုလုပ်ဖို့ သင့်ကို တိုင်ပင်ရာမှာ မဖြစ်နိုင်ဘူး ဆိုတာမျိုး သင့်ဘက်က ဘယ်တော့မှ မငြင်းဆန်ပါနဲ့။ သင့်အဖော် မသိနိုင်သေးတဲ့ အကြောင်းအရာ တချို့ကို သင်က သိနေရင် သူ့ကို မေးကြည့်ပါ။ ဥပမာ- "ဒီအလုပ်က မအောင်မြင်ဘူးဆိုရင် ဘာလုပ်မလဲ။ ဒီအလုပ်ထဲက ဘာအခက်အခဲတွေ ရှိနိုင်မလဲ" ဆိုတာမျိုး မေးမြန်းပေးပါ။ သင့်ကို တိုင်ပင်ချိန်မှာ စကားအားလုံးဟာ အဓိပ္ပာယ်ရှိပြီး အရေးကြီးတယ်ဆိုတာက အမြဲ သတိထားကာ ပြက်ရယ်ပြုတာမျိုး မလုပ်ပါနဲ့။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ လက်တွဲနိုင်တဲ့ အဖော်မွန်ကောင်း တစ်ယောက် ဖြစ်နိုင်ကြပါစေ။

No comments:
Post a Comment