Mar 23, 2011

ဆယ်ကျော်သက်အရွယ်ကို ထိန်းကျောင်းရာတွင်

ဆယ်ကျော်သက်အရွယ်ကို ထိန်းကျောင်းရာတွင်
By Good Health
ဆယ်ကျော်သက်အရွယ် လူငယ်တွေကို ကိုယ့်ကိုယ်ကိုယ် အားကိုး ရပ်တည်နိုင်ပြီး စိတ်နဲ့ခန္ဓာ ကျန်းမာစေဖို့ ထိန်းကျောင်းရာမှာ မိဘတွေအနေနဲ့ အရည်အချင်းရှိဖို့ လိုပါတယ်။  ဆယ်ကျော်သက် အရွယ်ကနေ အရွယ်ရောက် လူကြီးဘဝကို အကူးအပြောင်း ကာလမှာ စိန်ခေါ်မှုမျိုးစုံကို ကြုံတွေ့ရတာကြောင့် ဆယ်ကျော်သက်တွေကို အုပ်ထိန်းမှုပေးတဲ့ နေရာမှာ မိဘတွေ အနေနဲ့ အောက်ပါ အရည်အသွေးတွေကို သုံးသင့်ပါတယ်။
ချစ်ခြင်းမေတ္တာကို ပြသပါ
ဆယ်ကျော်သက် အရွယ်တွေကို ပြုစု ပျိုးထောင်ရာမှာ အရေးပါတဲ့ အချက်အနေနဲ့ အပြုသဘောဆောင်တဲ့ မေတ္တာဖော်ပြမှု လိုအပ်နေပါတယ်။ သင့်အနေနဲ့ ဂရုစိုက်တယ် ဆိုတာကို သိနိုင်အောင် ဆယ်ကျော်သက် အရွယ်အတွက် အချိန်ပေးပါ။ သူပြောတဲ့ စကားတွေကို နားထောင်ပြီး သူ့စိတ်ခံစားချက်ကို အသိအမှတ်ပြုပါ။ သင်ပေးတဲ့ စည်းကမ်းအတိုင်း လိုက်နာ နေထိုင်တဲ့အခါတိုင်း သင့်ကလေးကို နှစ်ကြိမ်လောက် ချီးမွမ်းစကား ဆိုပါ။ ဆယ်ကျော်သက် အရွယ်တွေမှာ မိသားစုဘဝနဲ့ နေထိုင်ရတာကို ငြီးငွေ့လာတတ်ပါတယ်။ အဲဒီလို မဖြစ်အောင် ကြိုးစားတဲ့ အနေနဲ့ မိသားစုစုံညီ ထမင်းစားပါ။ သင်ထမင်းဟင်း ပြင်ဆင်ရာမှာ ဆယ်ကျော်သက် သားသမီးကို ပါဝင် လုပ်ဆောင်ခိုင်းပါ။ ညနေခင်း အားလပ်ချိန်တွေမှာ လေ့ကျင့်ခန်းတွေကို အတူ လုပ်ဆောင်ပေးပါ။ သူ့အတွက် စံပြ ဖြစ်လောက်အောင် အတုယူဖွယ်ရာ ကောင်းသူတွေနဲ့ စကားစမြည် ပြောအောင် အားပေးပါ။ (ဥပမာ-ဆွေမျိုးထဲက ဦးလေး၊ ဝမ်းကွဲမောင်နှမ စသည်)
ဖိအားကို လျှော့ချပါ
ဆယ်ကျော်သက်အရွယ် သားသမီးကို သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဖိအားအမျိုးမျိုး မသုံးပါနဲ့။ အဝတ်အစား၊ ဆံပင် စတာတွေကို သူ့စိတ်ကြိုက် ဆင်ယင်ခွင့် ပြုလိုက်ပါ။ ဆယ်ကျော်သက်အရွယ်မှာ ချုပ်ချယ်လွန်းရင် ပုန်ကန်ချင်စိတ် ပြင်းပြတတ်ပါတယ်။ တကယ်လို့ ဆယ်ကျော်သက် အရွယ်မှာ ဆေးမင်ကြောင်ထိုးတာ၊ အပေါက်ဖောက်တာ စတာတွေကို စိတ်ဝင်စားနေရင် ကျန်းမာရေး အန္တရာယ်တွေကို နားလည်အောင် အရင် ရှင်းပြပေးပါ။
ဘေးကင်းသော အင်တာနက်သုံးစွဲမှုကို အားပေးပါ
ဆယ်ကျော်သက် အရွယ်ရဲ့ နည်းပညာ စူးစမ်းလိုစိတ်ကို အားပေးပြီး သူကြည့်လိုတဲ့ ဝက်ဘ်ဆိုက်တွေကို ကြည့်နိုင်ဖို့ အင်တာနက်သုံးခွင့် ပြုသင့်ပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်ကို  အင်တာနက် သုံးစွဲရာမှာ သိသင့်တဲ့ အခြေခံ စည်းမျဉ်းတွေကို ရှင်းပြပေးထားပါ။
  • အွန်လိုင်းကနေ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မျှဝေတာမျိုး မလုပ်သင့်ပါ။
  • ကိုယ်ရဲ့ Password ကို သူတစ်ပါအား မပေးသင့်ပါ။
  • အွန်လိုင်းက မိတ်ဆွေနဲ့ အပြင်မှာ နှစ်ယောက်တည်း မချိန်းသင့်ပါ။
  • သင့်ဆီလာတဲ့ မက်ဆေ့ခ်ျဟာ စိတ်မသက်မသာ ဖြစ်ရစေတယ်ဆိုရင် မိဘ ဒါမှမဟုတ် ယုံကြည်ရသူ တစ်ဦးကို ဖွင့်ပြောပြသင့်ပါတယ်။
စည်းကမ်းသတ်မှတ်ပါ
ဆယ်ကျော်သက် လူငယ်တွေရဲ့ အပြုအမူတွေ မှန်ကန်စေဖို့အတွက် အိမ်မှာကတည်းက လက်ခံနိုင်တဲ့ အပြုအမူနဲ့ လက်မခံနိုင်တဲ့ အပြုအမူတွေကို သွန်သင် ဆုံးမထားပါ။
စည်းကမ်းသတ်မှတ်တဲ့ အခါမှာ
  • ရာဇသံ ပေးတာမျိုးကို ရှောင်ပါ။ ဆယ်ကျော်သက် လူငယ်တွေဟာ ရာဇသံပေးတာကို အထက်စီးဆန်တယ် ထင်ပြီး ရင်ဆိုင်စရာ စိန်ခေါ်မှုတစ်ခု အဖြစ် မြင်တတ်ကြပါတယ်။
  • တိတိကျကျ ပြောပါ။ နောက်ကျတဲ့အထိ အပြင်မှာမနေဖို့ ပြောတာမျိုးထက် အချိန်တစ်ခုကို သတ်မှတ်ထားပြီး သတ်မှတ်ချိန်အတွင်း ပြန်လာဖို့ ပြောပါ။
  • တိတိကျကျ ထားပါ။ စည်းကမ်းကို အမျိုးမျိုး ပြောင်းလဲနေရင် ဘယ်တော့မှ လိုက်နာမှာ မဟုတ်သလို အမြဲတမ်း စည်းကမ်း ထုတ်နေရင် ချုပ်ချယ်သလို ထင်သွားပါလိမ့်မယ်။ သူ့ဘဝကို ထိခိုက်စေလောက်တဲ့ အရာမျိုးတွေကိုသာ တိတကျကျ စည်းကမ်း ထုတ်ထားပါ။
  • အပြန်အလှန် ဆွေးနွေးပါ။ ဆယ်ကျော်သက် အရွယ်တွေကို အုပ်ထိန်းရာမှာ အချိန်မပေးတာနဲ့ စိတ်မရှည်တာတွေက အဆိုးဆုံး ဖြစ်ပါတယ်။
စံပြဖြစ်အောင် နေပါ
ဆယ်ကျော်သက်အရွယ် လူငယ်တွေကို လိုက်နာစေချင်တဲ့ အရာတွေအတွက် ကိုယ်တိုင်ကလည်း စံပြဖြစ်အောင် နေပြသင့်ပါတယ်။ ဥပမာ- သူတို့ရှေ့မှာ ဆေးလိပ်၊ အရက် သောက်မပြပါနဲ့။ ရန်ဖြစ်တာ၊ ကားကို ခပ်ကြမ်းကြမ်း မောင်းတာ၊ ကားမောင်းရင်း ဖုန်းပြောတာ၊ အပျော်အပါး လိုက်စားတာတွေကို ရှောင်ပါ။
အပြုအမှုကိုသာ အပြစ်တင်ပါ
 
ဆယ်ကျော်သက် လူငယ်က သင်မကြိုက်တဲ့ အပြုအမူကို လုပ်လိုက်ရင် သူ့ကို အပြစ်တင်တာမျိုးထက် သူလုပ်တဲ့ အပြုအမူကို ဦးတည်ပြီး အပြစ်တင်တာမျိုးကို လုပ်ဆောင်ပါ။ ဒါမှသာ သူ့ကိုမချစ်လို့ မဟုတ်ဘဲ သူ့လုပ်ရပ် မမှန်တာကြောင့် အပြစ်တင်ခံရတာ ဖြစ်ကြောင်း သိသွားမှာပါ။ ဆယ်ကျော်သက် အရွယ်အနေနဲ့ အဓိပ္ပာယ်မရှိဘဲ ကွန်ပျူတာ သုံးနေရင်၊ ဖုန်းပြောနေရင် တားမြစ် ပိတ်ပင်ပေးသင့်ပါတယ်။

No comments:

Post a Comment