Mar 20, 2011

ကိုယ်ဟန်အနေအထား စမတ်ကျပါစေ

ကိုယ်ဟန်အနေအထား စမတ်ကျတာက ကြည့်ကောင်းရုံသာမက ကျန်းမာရေး အတွက်လည်း အကျိုးကျေးဇူးရှိပါတယ်။ ပခုံးလျှောခြင်း၊ ခါးကုန်းခြင်းမရှိဘဲ မတ်မတ်ထိုင်တာ၊ မတ်မတ်ရပ်တာတွေဟာ စတိုင်ကျစေရုံသာမက အောက်ပါအကျိုး ရလဒ်တွေကိုလည်း ရရှိစေနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်း
ပခုံးတွေ တန်းတန်းမတ်မတ်ထားကာ ခါးကုန်းခြင်းမရှိဘဲ မတ်တတ်ရပ်ရင် ခန္ဓာကိုယ်ကို သွယ်လျကြည့်ကောင်းဟန် ပေါ်ပါတယ်။ မတ်မတ်ရပ်လိုက်ရင် ဝမ်းဗိုက်ကလည်း အလိုလိုရှပ်သွား တာကြောင့် အဆီထွက်နေတဲ့ဗိုက်က လျော့ကျသွားတတ်ပါတယ်။ ကိုယ်ဟန်အနေအထားစမတ်ကျရင် အရပ်လည်း ပိုရှည်သယောင်ထင်ရပါတယ်။ ထိုင်တဲ့အခါမှာလည်း ခပ်မတ်မတ်ထိုင်နေရင် လန်းဆန်းပြီး စူးစိုက်နိုင်အားကောင်းကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဟန်ပေါ်ပါတယ်။
အရိုးအဆစ် သန်စွမ်းခြင်း
ကိုယ်ဟန်အနေအထား ကောင်းမွန်တာဟာ လည်ပင်းနဲ့ ကျောရိုးတွေကို အလွန်အကျိုးပြုပါတယ်။ မတ်မတ်မထိုင်ဘဲ ပျင်းတွဲတွဲဟန်ထိုင်ပါက ခါးနဲ့လည်ပင်းတွေပေါ် မလိုလားအပ်တဲ့ဒဏ် သက်ရောက်ပြီး လည်ပင်းနာခြင်း၊ ခါးနာခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဟန်အနေအထားမမှန်တာဟာ အဆစ်တွေကို ထိခိုက်စေပြီး အဆစ်ရောင်နာကိုလည်း ဖြစ်စေနိုင်ပါတယ်။
ကိုယ်အင်္ဂါအစိတ်အပိုင်းများ ကျန်းမာစေခြင်း
ကိုယ်နေဟန်စမတ်ကျတာဟာ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် ကောင်းကျိုးဖြစ်စေပါတယ်။ ကိုယ်ဟန်အနေအထားမမှန်တာဟာ သွေးလှည့်ပတ်မှု မကောင်းစေတဲ့အတွက် ကြွက်သား၊ တွယ်ဆက်မျှင်တွေလိုပဲ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေပေါ် မလိုလားအပ်တဲ့ ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။

No comments:

Post a Comment