Feb 26, 2011

ကျန်းမာရေးနှင့် အလှပ

ဆောင်းရာသီကာလမှာ ဘယ်လိုတွေ နေထိုင် စားသောက်ရင် ကောင်းမယ်၊ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းထားပြီး သွယ်လျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်အောင် ဘယ်လို စားသင့်သောက်သင့်တယ်က အစ အကြံတွေ ပြုချင်ပါတယ်။ ဆောင်းရာသီလို အေးတဲ့ရာသီ ရောက်လာပြီဆိုရင် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေက ပေါတယ်၊ လတ်ဆတ်တယ်လေ။ ဆောင်းရာသီ ၀င်လာပြီဆိုတာနဲ့ အသားအရေတွေ ခြောက်တတ်တယ်လေ။ ဆောင်းလိမ်း ခရင်တွေ လိမ်းတာလည်း လိမ်းတာပေါ့လေ။ တစ်ဖက်ကလည်း အသားအရေစိုပြေနိုင်ဖို့အတွက် ဒီရာသီမှာ အရည်ရွှမ်းတဲ့ အသီးအနှံကိုလည်း ပိုစားသင့်ပါတယ်။ ရှောင်ရ ဆောင်ရ စားရမယ့် အစာတွေအကြောင်း ရှင်းပြရင်းနဲ့ တစ်ခုသတိရလို့ မတို့ကို ပြောပြရဦးမယ်။ ကျွန်မတို့လူမှုရေးလုပ်ငန်း လုပ်နေတဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံကြတဲ့အခါ သာကြောင်း မာကြောင်းအပြင်၊ အစားအသောက် အနေအထိုင် အကြောင်းတွေလည်း ပြောဖြစ်ကြပါတယ်။ ကျွန်မတို့အရွယ်တွေက သွေးတိုး၊ နှလုံး၊ ဆီးချိုတွေ အဖြစ်များကြတော့ အစားအသောက် လျှော့ရ၊ ရှောင်ရတဲ့အပြင် အရိုးအဆစ်တွေ သန်မာအောင် ခံနိုင်ရည်ရှိအောင်လည်း နွားနို့သောက်တဲ့အကြောင်းတွေ ပြောဖြစ်ကြတယ်လေ။ အစ်မကြီး တစ်ယောက်က နွားနို့ကျိုတဲ့အခါ မလိုင်တွေကတက်လာ၊ သောက်မယ် လုပ်တော့ အဆီအစိမ့် မလိုင်ကို ရှောင်ဖို့ သိထားတော့ အဲဒီမလိုင်တွေကို ဖယ်ပြီး သောက်ရမှာကိုတော့ နှမြောမိကြောင်း၊ မလိုင်ထည့်ပြီး သောက်ချင်စိတ်ကို ချိုးနှိမ်ထားရကြောင်း ပြောပြပါတယ်။ ဟုတ်ပါတယ်။ နွားနို့သောက်မယ်ဆိုရင် မလိုင်မပါအောင် သောက်ဖို့လည်း လိုတယ်လေ။ ဒါပေမဲ့ ဆိုင်တွေမှာဆိုရင် ကော်ဖီ၊ လက်ဖက်ရည် မှာရင် မလိုင်များများထည့်ပါလို့ မှာတတ်ကြပါတယ်။ မလိုင်လေး ပါလာတာနဲ့ ပိုစိမ့်သွားအောင်ကို အရသာက ရှိတော့ မဖယ်ဘဲ သောက်ချင်ကြတဲ့ စိတ်တွေလေ။ ဒါတွေ ကလည်း မလွဲမသွေ ရှောင်ရမယ့် အချက်ထဲမှာ ပါပါတယ်။ သိပ်စားချင်ရင် စားလိုက်ပါ၊ မကြာခဏ မစားမိအောင်ဘဲ ထိန်းပါ။ စားချင် သောက်ချင်တဲ့ စိတ်ကို အတတ်နိုင်ဆုံး ထိန်းနိုင်ဖို့လိုပါတယ်။ စားသင့်တဲ့ အစာတွေဖြစ်တဲ့ အခါးဓာတ် ပါတဲ့၊ အမျှင်ပါတဲ့ အစားအစာတွေကိုတော့ မကြိုက်ပေမယ့် မရှောင်ဘဲ စားသင့်ပါတယ်လို့။ ကဲ ဘာတွေစားကြမှာလဲ ဆိုတာကို လေ့လာကြည့်ရအောင်နော်။ စားသောက်ရုံနဲ့တော့ မလုံလောက်ဘူးနော်။ အေးတဲ့ ရာသီလေးမှာ လေ့ကျင့်ခန်းတွေ ပိုလုပ်လို့ လှုပ်ရှားလို့ ကောင်းတယ်။ စက်ဘီးစီးမယ်၊ ရွရွပြေးမယ်၊ လမ်းလျှောက်မယ်၊ တေးဂီတ သံစဉ်တွေနဲ့ Aerobics လှုပ်ရှား ကစားကြမယ်ဆိုရင် မောရမှန်း မသိအောင်ကို ပျော်စရာလည်း ကောင်းတယ်။ တစ်နေကုန် တက်ကြွ လန်းဆန်းနေမှာ အမှန်ပါပဲ။

နံနက်စာ စားရာဝယ်
များသောအားဖြင့် ဆယ်ကျော်သက် လူငယ်တွေက နံနက်စာကို အဆာပြေလောက်ပဲ စားတတ်ကြပါတယ်။ လူလတ်ပိုင်းနဲ့ လုပ်ငန်းခွင်ဝင်ကြတဲ့သူတွေ
ကတော့ နံနက်စာကို အပြည့်အ၀ စားတတ်ကြပါတယ်။ ဒါမှသာ လုပ်ငန်းခွင်မှာ နေ့လယ်စာ မစားမီ၊ နေ့တစ်ဝက်အထိ အဆာခံနိုင်မှာလေ။ တတ်နိုင်
ရင် အသီး၊ နွားနို့၊ ကွေကာအုတ် စတာတွေ စားပါ။ မြန်မာဆန်ဆန်ကတော့ ထမင်းနဲ့ ပဲပြုတ်ဆီဆမ်းပေါ့။ အာဟာရလည်း ဖြစ်မယ်၊ အစာလည်း ခံနိုင် မယ့် အစာကို စားရပါမယ်။
 
လေးနာရီခြား တစ်ခါစားပါ
ကိုယ်အလေးချိန် ချချင်လို့၊ အစား လျော့စားတာတို့ ရှောင်တာ ဆောင်တာတွေက လူကို ဥပဒ်ဖြစ်စေတယ်လေ။ ဗိုက်ဆာနေပါရက်နဲ့ အဆာခံပြီး နေရတဲ့ ဒုက္ခကလည်း မသေးဘူး။ ဒါကြောင့် အစာခံပြီး မနေပါနဲ့၊ ဗိုက်ဆာလေ ပိုစားချင်လေ ဖြစ်တတ်တယ်။ အစာကို ပုံမှန်လေး စားပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဖြစ်ဖို့တော့ လိုပါတယ်။ တတ်နိုင်ရင် ၄ နာရီခြား တစ်ခါ အဆာပြေ စားနိုင်ပါတယ်။


စားမယ့် အစားအစာကို ကြိုတင်စီစဉ်
တတ်နိုင်ရင် တစ်ပတ်စာ စားမယ့် အစားအစာကို ကြိုတင် စီစဉ်ထားပါ။ ကြိုဝယ်ထားလို့ ရတယ်လေ။ စားခါနီးမှ သွားဝယ်ရတာတို့၊ အစီအစဉ်မရှိဘဲ ဈေးထဲရောက်မှ ဘာဝယ်ရမှန်းမသိလို အချိန်ကုန် တာတို့လည်း  ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက် ပြည့်စုံအောင် ပါတဲ့ ဟင်းလျာကို စနစ်တကျနဲ့ ကြိုတင် ပြင်ဆင်နိုင်တယ်လေ။ ကြိုတင် ပြင်ဆင်သွားတော့ အာဟာရလည်း ဖြစ်မယ်၊ ဘာတွေကို ဘယ်လို ချက်စားသင့် တယ် ဆိုတာကို ကြိုစီစဉ်လို့ ရတာပေါ့။  

စာရင်းပြုစုပြီး ဈေးသွားပါ
တစ်ပတ်စာ ချက်ပြုတ် စားသောက်ရမယ့် စာရင်းကို ကြိုတင် ပြင်ဆင်ပြီးမှ ဈေးဝယ်ထွက်တော့ အချိန်ကုန်လည်း သက်သာတယ်။ အဲဒီလိုမှ မဟုတ်ရင် ဈေးခြင်းတောင်းကြီးနဲ့ ဈေးထဲမှာ တ၀ဲလည်လည် ဖြစ်နေပြီး ဟင်းလျာ စီစဉ်ရာမှာလည်း  အဆင်မပြေဖြစ်တတ်တယ်လေ။

ဗိုက်ဆာနေတဲ့ အချိန်မှာ ဈေးဝယ်မထွက်ပါနဲ့
သိထားပြီးသား ဆိုပေမယ့် သတိထားရမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။ Window shopping ဆို ပိုဆိုးသေးတယ်။ လမ်းတွေ များများလျှောက်လေ၊ လှေကားတွေ တက်ရလေ ဗိုက်ဆာလေပဲ။ ဗိုက်ဆာတာနဲ့ပဲ တွေ့တဲ့ အသုပ်စုံ၊ မုန့်ဟင်းခါး၊ မုန့်လက်ဆောင်း၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့ စတာတွေ ၀ယ်စား မိရင်တော့ ကိုယ်အလေးချိန် တက်မလာမှာ မပူနဲ့။ ဒါကြောင့် အဲဒါတွေ မစားမိအောင် အိမ်က မထွက်မီ အဆာပြေတစ်ခုခု စားပြီးမှ သွားပါ။

တစ်ပတ်မှာ တစ်ရက် သက်သတ်လွတ် စားပါ
လူတိုင်း တစ်ပတ်မှာ တစ်ရက်တော့ ဟင်းသီးဟင်းရွက်၊ ပဲမျိုးစုံ၊ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို စားရင် အာဟာရလည်း ဖြစ်တယ်။ အသားဓာတ် လည်း ကြွယ်ဝမယ်။ သံဓာတ်ကိုလည်း ရရှိမယ်။ အမျှင်ပါတဲ့ အစားအစာက ခန္ဓာကိုယ်မှာ ရှိတဲ့ ကိုလက်စထရောကို ချေဖျက် ပေးတယ်လေ။ တစ်ရက်ကလေး အသား မစားရတာတွေအတွက် စိုးရိမ် မနေနဲ့နော်။

တစ်ပတ်မှာ တစ်ကြိမ် အဆီပါတဲ့ ငါးကို စားပါ
အဆီပါတဲ့ ငါးများ ဖြစ်ာကတဲ့ ဆော်လမွန်ငါး၊ ငါး သေတ္တာ၊ တူနားငါး၊ ငါးသလောက်၊ ငါးမြင်းငါး စတာတွေမှာ ပါတဲ့ အဆီဓာတ်ဟာ ခန္ဓာကိုယ်မှာ မရှိမဖြစ် လိုအပ်တဲ့ အဆီဓာတ်ကို ဖြည့်ဆည်းပေးတယ်။ တစ်တုံး နှစ်တုံးလောက် စားပေးပါ။ ဒါ့ပြင် နှလုံးနဲ့ ဖောရောင်ခြင်း စတဲ့ ရောဂါတွေကိုလည်း သက်သာစေတယ်။ အဆီများတဲ့ ငါးတွေဟာ Vitamin-D ဓာတ်အတွက် အကောင်းဆုံးနဲ့ အများဆုံး ရရှိနိုင်တာ ဖြစ်ပြီး ထုံးဓာတ်စုပ်ယူမှုကိုလည်း အထောက်အကူ ဖြစ်စေတယ်လေ။

အသီးအနှံ၊ ဟင်းသီးဟင်းရွက် အရောင်စုံအောင် စားပေးပါ
အရောင်စုံရှိတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကို စားခြင်းဖြင့် ခန္ဓာမှာရှိတဲ့ ဆဲလ် ပျက်စီးမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ အညစ်အောကးများကိုလည်း ခုခံ ကာကွယ်ပေး တယ်လေ။ ဒါ့ပြင် အသားအရေကိုလည်း စိုပြေစေပြန်ပါတယ်။

နေ့စဉ် ကယ်လစီယမ် ဓာတ်ပါတဲ့ အစာ သုံးမျိုးကို စားပါ
အထူးသဖြင့် အမျိုးသမီးတွေအတွက် အရိုးသန်မာ ကျန်းမာဖို့ ကယ်လစီယမ် ၇၀၀-၁၀၀၀ mg နေ့စဉ် လိုအပ်ပါတယ်။ ဒါကြောင့် နေ့စဉ် စားနေတဲ့ အစာတွေ ဖြစ်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ချိစ်၊ အသီးအနှံ စတဲ့ အစားအစာတွေကနေ ကယ်လ်စီယမ်ကို ရရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ တစ်နေ့ကို ကယ်လ်စီယမ် ၃ မျိုးပါတဲ့ အစာကို စားသင့်ပါတယ်။ 

အဆီဓာတ်နည်းတဲ့ အစာကို ရွေးစားပါ
အဆီ ရှောင်စားပါ ဆိုတာနဲ့ လုံးဝ မစားရတာတော့ မဟုတ်ပါဘူး။ သင့်တင့် မျှတစွာ စားသုံးနိုင်ပါတယ်။ အဆီက ဆိုးကျိုးကြီးပဲ ပေးတာ မဟုတ်ဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟိုမုန်းထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အာရုံကြောစနစ်၊ ဗီတာမင်ဓာတ် ပြည့်ဝနိုင်မှုကိုလည်း အထောက်အပံ့ ပြုပြန်ပါတယ်။ ဒါောကာင့် အစာစားတဲ့အခါ မျှမျှတတ စားတတ်ဖို့ လိုအပ်ပါတယ်။

ဆားကို ဂရုစိုက်စားပါ
ဆားဓာတ် လွန်ကဲစွာ စားရင် မကောင်းဘူး။ သွေးတိုးတတ်တာ လူတိုင်းသိပြီး ဖြစ်မှာပါ။ နောက်ပြီး အငန်ဓာတ် လွန်ကဲစွာ စားပြန်ရင်လည်း အဖုအပိမ့်က ထွက်လာပြီး အလှကို ပျက်စေပြန်တယ်လေ။

ထမင်းစားပွဲပေါ်မှာ ကျကျနန ထိုင်စားပါ
တချို့က အရင်စလို ထမင်းကို တွေ့တဲ့နေရာမှာ ထိုင်စားတတ်တဲ့ အကျင့်တွေ ရှိတတ်ကြတယ်။ တချို့က တီဗွီရှေ့မှာ ကိုးရီးယားကားလေး ကြည့်ရင်းနဲ့ စားတတ်ကြတယ်။ တချို့ကျတော့လည်း အိမ်ရှေ့စားပွဲမှာ ကြုံသလို စားတတ်ကြတယ်။ ထမင်းစားတဲ့အချိန်မှာ အာရုံတွေ များနေတဲ့အတွက် ထမင်းရဲ့ အရသာကိုလည်း မခံစားနိုင်ဘူးလေ။ အာရုံစူးစိုက်နေရတာတွေအတွက် အစာကို ကောင်းစွာ မချေဖျက်နိုင်တော့ဘူး။ ဒါကြောင့် ထမင်းစားချိန်မှာ ထမင်းစားပွဲမှာ ထိုင်ပြီး အချိန်ပေးပြီး အရသာရှိရှိနဲ့ စိတ်ရော ကိုယ်ပါ ပါပြီး စားမှသာ ၀မ်းကို မဟာနေစေဘဲ တင်းတိမ်ရောင့်ရဲမှာလေ။ မတင်းတိမ်တော့ ခဏ ခဏ ဗိုက်ဆာနေမှာပေါ့။

မိမိခန္ဓာကိုယ် ပုံသဏ္ဌာန်ကို မျက်စိအမြင်နဲ့ ထိန်းပါ
မိမိရဲ့ ကျန်းမာရေး၊ လှရေး ပရေးတွေက ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ခြင်းပဲလေ။ ကိုယ်အလေးချိန် တိုးလာသလား၊ ခါးမှာ အဆီတွေ စုလာပြီလား၊ လက်မောင်းတွေ တုတ်လာပြီလား၊ ဗိုက်ပူလာပြီလားဆိုတာ မျက်စိနဲ့ ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ သိလာတာနဲ့ ထိန်းဖို့ ပြင်ဆင်ဖို့ လိုပြီလေ။ လေ့ကျင့်ခန်းတွေ လုပ်ရမယ်၊ အစားအသောက် ပြင်ဆင်ရမယ်၊ လျှော့ချရမယ်၊ စားနေကျ အစာတွေ၊ သောက်နေကျ အရည်တွေကို ပြောင်းလဲရမယ်။ ကျွန်မဆိုရင် မသိမသာကနေ သိသိသာသာ ၀၀လာတယ်။ အထူးသဖြင့် ၀တ်နေကျ အင်္ကျီတွေ၊ စကတ်လုံချည်တွေ ၀တ်လို့ မရတော့ဘူး။ တိုင်းကြည့်စရာကို မလိုလောက်အောင် သိသိသာသာ ၀လာတာ။ ဒါဆို ဆင်ခြင်ရပြီပေါ့။ ကိုယ့်ကိုယ်ကိုယ် သတိထားပြီးနေ့တိုင်းကြည့်၊ သိလာလိမ့်မယ်။
 
အစာ မလွန်စေနဲ့၊ မစားဘဲ မနေနဲ့
တစ်နေ့တစ်နေ့ လုပ်ငန်းခွင်ထဲမှာ အလုပ်ရှုပ်ကြ၊ အစည်းအဝေးတွေ တက်က၊ ဟိုအရေး ဒီအရေးတွေ အပြေးအလွှား လုပ်ကြရင်း နေ့လယ်စာ၊ ညစာလွတ်သွားကြတာမျိုးတွေကို မကြာခဏ ကြုံတတ်ကြပါတယ်။ စားသောက်ရမယ့် အချိန်တစ်ချိန် လွတ်သွားတာနဲ့ သွေးထဲမှာ ရှိတဲ့ သကြားဓာတ်တွေ ကျဆင်းသွားပြီး ပိုမို ဆာလောင်မှုကို ဖြစ်စေတတ်တယ်လေ။ ဒါကြောင့် အတတ်နိုင်ဆုံး အချိန်မှန်စားသောက်ဖို့တော့ လိုပါတယ်။

ကိုယ်တိုင် ဖြစ်ပေါ်လာတဲ့ စားချင်နေတဲ့ စိတ်ကို မပိတ်ပင်ပါနဲ့
လူတော်တော်များများဟာ ကျန်းမာရေးနဲ့ ပြည့်စုံပါတယ်ဆိုတဲ့ အစားအစာကို မနှစ်သက်တတ်ကြဘူး။ ရှောင်ပါ ဆိုတာတွေကိုမှ ပိုစားချင်တဲ့စိတ် ဖြစ်တတ် ပါတယ်။ အာသာပြင်းပြင်းနဲ့ စားချင်နေတဲ့ စိတ်ကိုမပိတ်ပင်လိုက်ပါနဲ့၊ ချီတုံချတုံဖြစ်မနေဘဲ စားချင်တာကို တစ်ခါတစ်ရံ စားသာ စားလိုက်ပါ။ ဥပမာ ချောကလက်၊ ကိတ် စတာတွေကိုပေါ့။

လွန်ကဲစွာ မစားမိအောင် ဂရုစိုက်ပါ
ဆာလောင်လှတယ်ဆိုပြီး ပန်းကန်ထဲမှာ အမောက်ကြီး ထည့်ပြီး မကုန်နိုင် မခမ်းနိုင်အောင် ထည့်ပြီး မစားပါနဲ့။ စားနိုင်သလောက်၊ ဗိုက်ပြည့်ပြီ ဆိုရုံလောက်သာ စားပါ။ လွန်ကဲစွာ စားသောက်ပြန်တော့လည်း မိမိကျန်းမာရေးကိုလည်း ထိခိုက်တယ်၊ မကုန်နိုင်ပြန်တော့ အလဟဿ ဖြစ်တယ်လေ။ စမ်းသပ်ကြည့်ကြပါလား။ ကျွန်မ ရှင်းပြခဲ့တဲ့ အချက်တွေထဲမှာ အတော်လေး တိုက်ဆိုင်တဲ့အချက်တွေ ပါမယ် ထင်ပါတယ်။ သိပြီးသား လုပ်နေကျ အလေ့အကျင့်တွေ ဖြစ်လို့ နှစ်ထပ်ရှိရင် မှတ်မိမှာမို့ ပြန်လေ့လာ စမ်းသပ်ကြည့်ကြဖို့ မှာချင်ပါတယ်။ ဒါဆို ဘယ်လိုတွေ ရှောင်ရမယ်၊ ဆောင်ရမယ်ဆိုတာတွေကို လေ့လာ လုပ်ကြည့်ကြပါစို့။
 



No comments:

Post a Comment