Feb 26, 2011

စည်းကမ်းတကျ သွယ်လျလှပ

ဝတ်ချတဲ့နေရာမှာ တကယ် အသုံးတည့်၊ အသုံးဝင်မယ့် နည်းလမ်းတွေပါ။

၁။ ။ ဇွန်း၊ ခက်ရင်း၊ လက်တွေကို မသုံးဘဲ တူနဲ့သုံးပြီး စားကြည့်ပါ။ အဲဒါမှ အစာတွေကို အလျင်စလို မမျိုချမိဘဲ ဘာတွေ စားနေတယ် ဆိုတာကို သတိ ထားမိပါလိမ့်မယ်။ ဗိုက်ပြည့်တာကို အသိအမှတ် ပြုဖို့ ဦးနှောက်က ၁၀ မိနစ်မှ ၁၅ မိနစ်ထိ အချိန် ယူတတ်ပါတယ်။ အစား အသောက်ကို မြန်မြန်စားလေ၊ များများစားလေ မဖြစ်အောင် အစာစားရင်း ဖြည်းဖြည်းနဲ့ ဂရုစိုက် သတိထားပြီး စားသုံးပါ။

၂။ ။ မခံမရပ် နိုင်အောင် ဆာလောင်တဲ့ အခါ တွေ့ကရာ သရေစာ တစ်ခုခုကို စားဖို့ မကြံခင်မှာ ရေကို ဖန်ခွက်ကြီးနဲ့ တစ်ခွက် (သို့) Juice တစ်ခွက် အရင် သောက်လိုက်ပါ။ (မှတ်ချက်။ ။ သကြား မသုံးဆောင်ရ။ မဖြစ်မနေ သုံးဆောင် လိုပါက အနည်းငယ်သာ အသုံးပြုပါ။)

၃။ ။ ရေနွေးကြမ်း(အပူ) များများ သောက်ပေးပါ။ အဆီကျဖို့ အထောက်အကူ ပေးပါတယ်။ (အေးနေတဲ့ ရေနွေးကြမ်းကို မသောက် သုံးပါနဲ့။)

၎။ ။ ညစာကို စောစောစားပါ။ နောက်ကျပြီး ညစာ စားခြင်းကို ရှောင်ကြဉ်ပါ။ ထမင်း စားပြီး ချက်ချင်းထိုင် ရုပ်ရှင်ကြည့်၊ အိပ်ရာထဲ တန်းဝင်တဲ့ အလုပ်ကို ရှောင်ကြဉ်ပါ။

၅။ ။ ထမင်း(ဆန်)ကို တဖြည်းဖြည်း လျှော့စားပါ။ ထမင်းဟာ Carbohydrate ဖြစ်ပြီးStarch တစ်မျိုးလည်း ဖြစ်ပါတယ်။ အဲဒီ Starch တွေကို များများ စားသုံးရင်လည်း Weight (အလေးချိန်) တဖြည်းဖြည်း တက်လာပါလိမ့်မယ်။

၆။ ။ အစာကို တဖြည်းဖြည်းချင်း လျှော့စားပါ။ ရုတ်တရက် လျှော့မယ်ဆိုရင် ဗိုက်ဆာတဲ့ အပြင် ဂရုမစိုက်ပါက အစာအိမ် ရောဂါပါ ဖြစ်လာနိုင်ပါတယ်။ အစာအိမ်ကို ဖြည်းဖြည်းချင်း အကျင့်လုပ်ဖို့ လိုအပ်ပါတယ်။ အစာအိမ် ဆန့်သလောက်ထည့်ရင် Weight ကျဖို့ အင်မတန် ခက်ခဲပါတယ်။ အလေ့အကျင့် ဖြည်းဖြည်းချင်း လုပ်ကြည့်ပါ။ အင်မတန် လွယ်ကူတာ တွေ့ရပါ လိမ့်မယ်။

ဥပမာ- ထမင်း တစ်ခါစားရင် ၂ ပန်း ကန်စားတယ် ဆိုပါစို့။ ချက်ချင်း တစ်ပန်းကန် လျှော့စားရင် ကြီးမားတဲ့ အခက်အခဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ၂ ပန်း ကန်စားရာကနေ လျှော့စားမယ် ဆိုရင် ပထမနေ့မှာ တစ်လုတ် လျှော့စားပါ။ ဒုတိယနေ့မှာ နှစ်လုတ် လျှော့စားပါ။ ဒီနည်းနဲ့ နေ့စဉ်ထမင်း အလုတ် အနည်း ငယ်စီ လျှော့ချသွားပြီး စားသင့်ရုံ ပမာဏကို ချိန်ယူပါ။

အစာကို တဖြည်းဖြည်း လျှော့စားနိုင်ပါတယ်။ တိတိ ကျကျ လိုက်နာရမယ်လို့ မဆိုလိုပါ။ ကိုယ်တတ် နိုင်သမျှ ကိုယ်ခန္ဓာရဲ့လိုအပ်ချက်နဲ့ စိတ်ကို ထိန်းညှိပြီး စားသောက်ဖို့ ရည်ညွှန်း ထားပါတယ်။ အစာကို တဖြည်းဖြည်း လျှော့ချပြီး အစာအိမ်ကို အကျင့် လုပ်ပေးတဲ့ စနစ်ဟာ လွယ်ကူကြောင်း မျက်ဝါး ထင်ထင် တွေ့မြင် ရပါလိမ့်မယ်။

၇။ ။ အစာကို နည်းနည်းနဲ့ ဖြည်းဖြည်း မှန်မှန် စားပေးပါ။ စားလိုက်သမျှ အစားအစာတွေမှာ ပရိုတိန်း ဓာတ်နဲ့ ဟင်းသီး ဟင်းရွက်တွေ ပါပါစေ။ အစာစားပြီး မတင်းတိမ်ရင် ပန်းသီး၊ ဖရဲသီး၊ သင်္ဘောသီး၊ Orange, Juice, Carrot Juice, Pomelo Juice တွေကို သုံးဆောင် နိုင်ပါတယ်။ Juice တွေဟာ Fresh Juice တွေ ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

၈။ ။ ပုလင်း အချိုရည်တွေကို မသုံးဆောင် သင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပုလင်း အချိုရည်တွေမှာ Chemical ဆိုးဆေးတွေ အရသာ တုတွေ သုံးထားတဲ့ အပြင် မြင့်မားတဲ့ သကြား ပမာဏ ပါဝင်တာကြောင့် ရေရှည် သောက်သုံးပါက ပိုဝလာနိုင်တဲ့ အပြင် ဘေးဥပဒ်ပါ တွေ့နိုင်ပါတယ်။

၉။ ။ ထောပတ် အဆီများတဲ့ အစား အစာတွေ ချိစ်၊ ဆီကြော် အစားအစာတွေ၊ သကြား၊ ချောကလက်၊ အချိုကြီးတဲ့ အစားအစာတွေ၊ Ice-craem, စပျစ်သီး၊ စပျစ်ရည်၊ ငှက်ပျောသီး၊ သီဟိုဠ်စေ့၊ မြေပဲစတဲ့ အဆီဓာတ် ပါတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပြီး ချိုလွန်းတဲ့ အသီးအနှံတွေကိုလည်း အလွန်အကျွံ မစားဘဲ သတိထားပြီး သုံးဆောင် ရပါလိမ့်မယ်။ အထက်ပါ နည်းတွေ အတိုင်း မိမိ ခန္ဓာကိုယ်ကို အလေးချိန်နဲ့ အလှတာ ရှည်ခံအောင် ထိန်းသိမ်း ထားနိုင်ပါတယ်။

No comments:

Post a Comment