Mar 26, 2011

လက်ထပ်ရှင်းတမ်း

လွန်ခဲ့တဲ့ ၁၄နှစ်က မိုးသည်းသည်းမည်းမည်း ရွာတဲ့ညတစ်ညမှာ မိဘဆွေမျိုးတွေကို ဆန့်ကျင်ပြီး သိပ်ချစ်ရတဲ့နင့်နောက် ငါလိုက်ခဲ့တယ်။ နင့်မှာ ဖျားနာနေတဲ့ မိခင်ရယ်၊ အိုမင်းနေတဲ့ ဖခင်နဲ့ သွပ်တစ်ခြမ်းခွါရောင်းထားတဲ့ အိမ်အိုတစ်လုံးအပြင် ငါရှိခဲ့သေးတယ် မဟုတ်လား? ဒီမြို့ကို အလုပ်လုပ်ဖို့ လာခဲ့တဲ့ ခရီးစရိတ်အတွက် ငါအစားထိုးဆရာမ တစ်လလုပ်ခဲ့ရတယ်။ ငါအပင်ပန်းခံခဲ့သမျှက နင်နဲ့အတူ သက်ဆုံးထိတိုင် နေသွားရဖို့ပါပဲ။

ငါလူရွေးမမှားခဲ့ဘူးလို့ပဲ ပြောရမယ်။ နင်အလုပ်ကြိုးစားခဲ့တယ်။

၁၀နှစ်လွန်သွားတော့မှ ငါ့အိမ်ကလူတွေ ငါ့အတွက် သက်ပြင်းချနိုင်ခဲ့တယ်။ ငါ့မိဘတွေ ငါလူရွေးမမှားခဲ့မှန်း သိပြီး ခွင့်လွတ်တဲ့အချိန်မှာ တိုက်တွေ၊ ကားတွေ ငါတို့ပိုင်ဆိုင်ခဲ့ပြီလေ။ ဥစ္စာပစ္စည်းတွေ ပိုင်ဆိုင်လာသလို နင့်မှာ "နှလုံးသားချင်း နားလည်တဲ့သူ" နောက်တစ်ယောက်ရှိလာတယ်လို့ နင်ငါ့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောလာခဲ့တယ်။ ကွာရှင်းစာချုပ်မှာ ငါလက်မှတ်ထိုးပေးရင် ပိုင်ဆိုင်သမျှနဲ့ ကလေးတွေ ငါ့ကိုပေးမယ်လို့ နင်ပြောတယ်။

ငါရယ်ပြီး နင့်ကို နောက်၃ရက်နေမှ အဖြေပေးမယ်လို့ ပြောခဲ့တယ်။ ၄ရက်မြောက်နေ့မှာ အချက်အလက်တွေခွဲပြီး ငါရေးထားတဲ့ စာရင်းစာရွက် နင့်ကိုပြခဲ့တယ်။

၁) အိမ်ထောင်သက် ၁၀နှစ်မှာ ည၀တ်အင်္ကျီ ၃စုံ၊ အိမ်နေစီး ဖိနပ် ၄ရံနဲ့ သားရေဖိနပ် ၂၁ ရံ နင်စီးခဲ့တယ်။ သားရေဖိနပ် အရေအတွက်က ပိုများနေတယ်။ အကြောင်းက ငွေရှာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်မှာပဲ နင်အနေများခဲ့တယ်။ ဒါကြောင့်လည်း "နှလုံးသားချင်း နားလည်တဲ့သူ" နဲ့ နင်တွေ့ခဲ့တာ ဖြစ်တယ်။

၂) အိမ်ထောင်သက် ၁၀နှစ်မှာ ည၀တ်အင်္ကျီ ၁၀စုံ၊ အိမ်နေစီးဖိနပ် ၁၁ရံနဲ့ သားရေဖိနပ် ၁၆ရံ ငါစီးခဲ့တယ်။ ငါ့ရဲ့အိမ်နေစီးဖိနပ်ရော သားရေဖိနပ်ရော များခဲ့တယ်။ မိသားစုတာဝန်နဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ပြီး အိမ်မှာပဲ ငါအနေများခဲ့လို့ဖြစ်တယ်။ နင်နဲ့အတူ အပြင်ထွက်ပြီး ဒိုးတူပေါင်ဖက် ငါတို့ရုန်းခဲ့တဲ့အချိန်လည်း ရှိတာပဲ။ ပင်ပန်းတဲ့ဒဏ်ကြောင့် လတ်ဆတ်မှုမရှိတော့တဲ့ ငါ့ရုပ်ရည်က နင့်အတွက် အိမ်မှာသိမ်းထားဖို့ပဲ ဖြစ်ခဲ့ရတယ်။

၃) အိမ်ထောင်သက် ၁၀နှစ်မှာ နင့်အရည်အချင်းတွေ xဆ တက်ခဲ့တယ်။ ကွာရှင်းပြီးတဲ့နောက် "အဖက်ဖက်မှာ အောင်မြင်ပြီး ရင့်ကျက်နေတဲ့" နင့်ကိုယူဖို့ တန်းစီစောင့်နေတဲ့ မိန်းမတွေထဲမှာ ကြိုက်တဲ့တစ်ယောက်ကို နင်ရွေးယူလို့ရတယ်။

၎) အိမ်ထောင်သက် ၁၀နှစ်မှာ ငါ့ရုပ်ရည်၊ ငါ့ဖျတ်လတ်မှုတွေ အဆတစ်သောင်း ထိုးကျသွားတယ်။ အမှန်အတိုင်းပြောရရင် နောက်အိမ်ထောင်ပြုဖို့ ငါ့အတွက် အခွင့်အရေးက ၁% ပဲရှိတယ်။ ငါ့နဲ့ရွယ်တူကို ငါမယူနိုင်တော့သလို ကလေးတွဲလောင်းနဲ့ တခုလပ်မကို ဘယ်ယောက်ျားကများ ယူချင်မလဲ?

၅) အိမ်ထောင်သက် ၁၀နှစ်မှာ အလုပ်များတဲ့နင် ငါ့ကို ထမင်း၂၆ခါ ချက်ကျွေးဖူးတယ်။

၆) အိမ်ထောင်သက် ၁၀နှစ်မှာ အလုပ်များတဲ့ငါ နင့်ကို ၃၆၅ရက်လုံးလုံး တစ်နေ့ ၃နပ် ချက်ကျွေးခဲ့တယ်။

၇) အိမ်ထောင်သက် ၁၀နှစ်မှာ ကလေးတစ်ယောက်မွေးဖို့ ငါ၁၀လအချိန်ယူခဲ့တယ်။ မွေးဖွားပြီး ၁၀နှစ်လောက် ငါပြုစုစောင့်ရှောက် ပျိုးထောင်ခဲ့ရတယ်။

၈) အိမ်ထောင်သက် ၁၀နှစ်မှာ ကလေးတစ်ယောက်မွေးပြီး နာမည်မှည့်ပေးဖို့ နင် ၁၀မိနစ်အချိန်ယူခဲ့တယ်။

၉) အိမ်ထောင်သက် ၁၀နှစ်မှာ နင့်မိဘတွေနဲ့ ငါသင့်မြတ်အောင် နေခဲ့တယ်။ နင့်မိဘတွေကို ငါဘယ်တော့မှ စကားကျယ်ကျယ် မပြောခဲ့ဖူးဘူး။

၁၀) အိမ်ထောင်သက် ၁၀နှစ်မှာ ငါ့ကိုချစ်တဲ့ ငါ့မိဘတွေကို နင်လုံးဝ ခွင့်မလွတ်နိုင်ခဲ့ဘူး။ အဖေ၊ အမေလို့လည်း နင်တစ်ခွန်းမှ မခေါ်ခဲ့ဖူးဘူး။ နင်ဆင်းရဲသား ဘ၀တုန်းက သူတို့ကိုခေါ်ရင်လည်း ပြန်မထူးမှာစိုးလို့ နင်မခေါ်ခဲ့သလို ချမ်းသာလာလည်း နင်သူတို့ကို အရေးလုပ်ပြီး မခေါ်ခဲ့ဘူး။ နင်လည်း နင့်သမီးကို ချမ်းသာတဲ့လူနဲ့ပဲ ရစေချင်တယ် မဟုတ်လား?

ငါရေးထားတဲ့ စာရင်းတွေကို ဖတ်ပြီး ငါရှေ့မှာ ကွာရှင်းပေးပါလို့ ငါမျက်နှာကိုကြည့်ပြီး နင်ပြောခဲ့ရင် ကွာရှင်းစာချုပ်မှာ အချိန်မရွေး ငါလက်မှတ်ထိုးပေးမယ်။

ဒီလိုနဲ့ပဲ နင်ပြောလာမယ့်ရက်ကို ငါ၁နှစ်စောင့်ခဲ့တယ်။ ကွာရှင်းဖို့ နင်လုံးဝ မဟတဲ့အပြင် အိမ်စောစော ပြန်လာတတ်တယ်။ အိမ်အလုပ် ကူလုပ်လာတယ်။ လုပ်ခဲ့မိတဲ့အမှားတွေအတွက် အပြစ်တွေကို နင်ပေးဆပ် နေတာလား? ဒါမှမဟုတ် စာနာစိတ်ရှိတဲ့လူတွေ ပိုများလာလို့ပဲလား? ဒါကြောင့် ဒီလောကမှာ လူနေအိမ်တွေက ထောင်ထက် ပိုများလာခဲ့တယ်။

No comments:

Post a Comment