Mar 23, 2011

ကျန်းမာသုတ

( သင်္ဘောသီး အစွမ်း)
သင်္ဘောသီးဟာ အာဟာရဓာတ်ပေါတယ်။ အဆီကင်းတယ်။ အစာချေရာမှာ အထောက်အကူ ပြုပါတယ်။ အရွယ်အလတ်စား သင်္ဘောသီးမှည့် တလုံးဟာ သင် နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင် စီ ရဲ့ ၂၅၀-ရာခိုင်နှုန်း၊ Folate ရဲ့ ၂၉-ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်ရဲ့ ၁၆-ရာခိုင်နှုန်းကို ဖြည့်ပေးနိုင်စွမ်းရှိပါတယ်။

( အပြုံးလေ့ကျင့်စဉ်)
စိတ်အနှောင့်အယှက်တခုခု ကြုံရတဲ့အခါ၊ ဒေါသထွက်ရတဲ့အခါ၊ ပင်ပန်း နွမ်းနယ်နေတဲ့အခါ အပြုံးလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
- မတ်တတ်ရပ်ပါ။
- ပခုံးတွေကို လျှော့ချထားပါ။
- အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်ခုံးတွေ မြင့်တက်သွားတဲ့အထိ ပြုံးလိုက်ပါ။
နားနှစ်ဖက်ပါ ဘေးကို ဆန့်ထွက်သွားသလို ခံစားရပါလိမ့်မယ်။
- စက္ကန့် ၃၀-လောက်ကြာတဲ့အထိ ပြုံးနေတဲ့ ပုံစံ လုပ်ထားပါ။ စိတ်သောကတွေ အနည်းနဲ့အများ ဆိုသလို ပြေပျောက်သွားပါလိမ့်မယ်။

( ရင်သွေးလေးတွေ အသီးအရွက် ပိုစားဖြစ်အောင် )
ဟင်းသီးဟင်းရွက်တွေဟာ လူကြီးလူငယ်မရွေး ကျန်းမာရေးအတွက် အထူးကောင်းမွန်တာမို့ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ထဲကို အသီးအရွက် တတ်နိုင်သလောက် များများဝင်အောင် ကျွေးပေးရပါမယ်။

- မနက်စာစားချိန်မှာ လတ်ဆတ်တဲ့ သစ်သီးစိတ် တစိတ်ကျွေးပါ။

- အသီးခြောက်တွေလည်း ကျွေးပါ။ အသီးခြောက် ပန်းကန်လုံးတ၀က်လောက် ကျွေးခြင်းဟာလည်း ထိုက်သင့်သလောက်တော့ အာဟာရဖြစ်စေပါတယ်။

- ရေခဲသေတ္တာထဲထည့်ထားတဲ့ ဟင်းသီးဟင်းရွက်အေးတွေကို ခေါက်ဆွဲပြုတ်တို့၊ ဟင်းချိုတို့ထဲ ထည့်ပြုတ်ပြီး ကျွေးပါ။ ဒါမှမဟုတ် သီးသန့်ကြော်ပြီးပဲကျွေးကျွေး၊ ပီဇာနဲ့ဆင်းဒ၀စ် မုန့်တွေထဲ ထည့်ကျွေးကျွေး နှစ်သက်သလို အသုံးချလို့ ရပါတယ်။

-စည်သွတ်ဘူးထဲထည့်ထားတဲ့ အသီးအရွက်တွေဟာလည်း (Expire date မလွန်ရင်ပေါ့) လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေနီးပါး အာဟာရဖြစ်ပါတယ်။

- ဗီတာမင် စီ အတွက်ကတော့ ရေ၊ ဒါမှမဟုတ် လက်ဖက်ရည်အေးထဲ သံပုရာရည် သို့မဟုတ်-ရှောက်ရည်ညှစ်ပြီး သောက်ခိုင်းပါ။

- ဖျော်ရည်ပုလင်းတွေ တိုက်မယ့်အစား လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်တွေ သောက်ခိုင်းပါ။

( အာလူးကြော်နဲ့ ဗီတာမင် စီ )
အာလူးဟာ လိမ္မောသီးထက် ဗီတာမင် စီ ကြွယ်ဝပါတယ်။ ဒါပေမဲ့ အာလူးချောင်းကြော်ဆိုရင်တော့ အဆီဓာတ်များစွာပါဝင်တဲ့အတွက် နေ့စဉ်စားဖို့မသင့်ပါဘူး။ လက်သီးဆုပ်အရွယ် အာလူးတလုံးကို အကြွပ်ကြော်ထားတဲ့အကြော်မှာ အဆီ ၁၈-ဂရမ် ပါဝင်ပါတယ်။ တကယ်လို့ အာလူး အဲဒီအရွယ်ကိုပဲ ထောင်းပြီး ထောပတ်တို့ နို့တို့နဲ့ ကြော်ရင်တော့ အဆီ ၃-ဂရမ် ပါဝင်ပါတယ်။ Polyunsaturated ဆီတွေ သုတ်ပြီး မီးကင်ထားတဲ့ အာလူးဆိုရင် ဆီ ၅-၁၀ ဂရမ်အထိ ပါဝင်ပါတယ်။ မီးဖုတ်ထား၊ ပြုတ်ထား၊ ပေါင်းထားတဲ့ အာလူးမှာတော့ အဆီဓာတ် လုံးဝမပါဝင်ပါဘူး။ အဆိုးဆုံးကတော့ အာလူးပါးပါးလှီးကြော်ပါပဲ။ သူ ၁၀၀-ဂရမ်စားမိရင် ဆီ ၃၀-ဂရမ် သင့်ဝမ်းထဲရောက်သွားပြီဆိုတာ သတိပြုသင့်ပါတယ်။

( ကလေးငယ်နဲ့ စာအုပ် )
ငယ်ငယ်လေးကတည်းက စာအုပ်တွေနဲ့ အကျွမ်းတ၀င်ဖြစ်တဲ့ ကလေးတွေ ကြီးလာတဲ့အခါ စာရေးတာ၊ ဖတ်တာ၊ ဂဏန်းတွက်တာ တခြားကလေးတွေထက် ပိုကောင်းတယ်လို့ ယူနိုက်တက်ကင်းဒမ်းက သုတေသနပြုချက်တွေအရ သိရှိရပါတယ်။
ဒါကြောင့်
- သင့်ကလေးငယ်ကို စာဖတ်ပြဖို့ အချိန်သတ်သတ် ဖယ်ထားပါ။

- ဖတ်ပြတဲ့အခါ ကလေးသဘောကျအောင် ရီစရာတွေ ဖန်တီးပါ။ ဖတ်ပြတဲ့အသံ၊ မျက်နှာ အမူအရာ အမျိုးမျိုး လုပ်ပြပါ။

- ကလေး ခြောက်လသားအရွယ်လောက် ဆိုရင်ကို ဖတ်ပြလို့ရပါပြီ။ ကလေးတွေက အရုပ်လေးတွေ ကြည့်တာ၊ ထူးထူးဆန်းဆန်းအသံတွေ နားထောင်တာကို ငယ်ငယ်လေးကတည်းက စိတ်ဝင်စားပါတယ်။

- အိပ်ရာဝင်ခါနီးတိုင်း စာအုပ်တအုပ် ဖတ်ပြပါ။ အိပ်ခါနီးဖတ်ဖို့ စာအုပ်အများကြီး ပုံထားတာတော့ မဖြစ်ပါစေနဲ့။

No comments:

Post a Comment